မုသားကင်းစင် အလှဝင်



မုသားကင်းစင်အလှဝင်

ဘုရားသခင်၏ ပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခံထားရသော လူသားသည် ဗီဇအလျောက် အမှန်တရားကို ရှာဖွေ နေတတ်သည်။ ဗီဇခံ သဘာဝအလျောက်လည်း အမှန်တရားကို ရှာဖွေရန်နှင့် အမှန်တရားဖြစ်သည့် ဘုရားသခင်ကို သက်သေခံရန် တာဝန် ရှိနေသည်။ ဘုရားသခင်ကို သက်သေခံခြင်းသည် ဘုရားသခင်၌ အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ သမ္မာတရားတော်၌ အသက်ရှင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ပြည့်စုံသော သမ္မာတရားကို ခရစ်တော်၌ အတိအလင်း ဖော်ပြထားသည်။ ခရစ်တော်သည် သမ္မာတရား ( ယော ၁၄း၆) နှင့် လောက၏ အလင်း (ယော ၈း ၁၂) ဖြစ်တော်မူသည် ဟုလည်း ကျမ်းစာ၌ လာပေသည်။ ထို့ကြောင့် ဘုရားသခင်၏ သမ္မာတရားတော်၌ အသက်ရှင်ခြင်းသည် ခရစ်တော်၌ အသက်ရှင်ခြင်းဖြစ်သည်။ 

အမှန်တရားအတွက် မိမိ၏ နှလုံးသားကို လမ်းဖွင့်ထားပေးနိုင်ရမည်။ သိလာသည့် အမှန်တရားကို မေတ္တာတရားဖြင့် ဘ၀တွင် ကျင့်ဆောက်တည်ရန်နှင့် တစ်ပါးသူအားမျှဝေ ပေးရန် အသင့်ရှိနေရမည်။ ပထမဦးစွာ မိမိစိတ်တွင်း၌ ရှိသော အမှန်တရားကို ရင်ဆိုင်ရန် သတ္တိရှိရမည်။ မိမိအပေါ် မိမိ ရိုးသားမှုရှိရန် သင်ယူရမည်။ မိမိကိုယ်မိမိ အမှန်အတိုင်း မြင်တတ်ရမည်။ အမှန်တရားအတွက် လမ်းဖွင့်ပေးနိုင်ရန် မိမိကိုယ်ကို အမှန်အတိုင်း နှိမ့်ချစွာ လက်ခံနိုင်ရမည်။ မိမိ၏ အားနည်းချက်များကိုလည်း သိမှတ်ရမည်ဖြစ်သည်။ မောက်မာ ထောင်လွှားခြင်းမရှိရန် သတိပြုရမည်။ မိမိ ပြောဆို၊ ပြုမူသော အရာသည် မိမိသိရှိ ယုံကြည်ထားသည့် အမှန်တရားနှင့် ကိုက်ညီမှု ရှိရပေမည်။ 

မမှန်သော သက်သေကို မခံနှင့် ဟူသော ဘုရား၏ ပညတ်တော်သည် အတွေးအခေါ်၊ အပြောအဆို၊ ပြုမူ လုပ်ဆောင်မှု တို့၌ ဖြောင့်မတ်မှန်ကန်ကြရန် တောင်းဆိုသည်။ တစ်ပါးသူအပေါ် ဖြောင့်မတ်မှန်ကန်ခြင်း၊ ရိုးသားခြင်းသည် မိမိနှင့် နီးစပ်သူအပေါ် မေတ္တာထားခြင်းဖြစ်သည်။ တစ်ပါးသူ ထိုက်သင့်သည်ကို ပေးကမ်း လုပ်ဆောင်ပေးခြင်းလည်း ဖြစ်သည်။ လူတိုင်း တစ်ဦးပေါ်တစ်ဦး ဖြောင့်မတ်မှန်ကန်ကြရန် အေ<ကးရှိသည်။ ခရစ်ယာန်တစ်ဦးအနေနှင့် အမှန်တရားကို မြတ်နိုးခြင်းသည် ခရစ်တော်၏ တရားတော်အတိုင်း ပြောဆို ကျင့်ကြံ ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဖြောင့်မတ် မှန်ကန်ခြင်းနှင့် ဆန့်ကျင့်ဘက်ဖြစ်သော မမှန်မကန်ပြောဆိုခြင်း၊ မုသားသက်သေခံခြင်း၊မဆင်မခြင် အပြစ်တင်ခြင်း၊ သွားပုတ်လေလွင့် ပြောဆိုခြင်း၊ အသရေဖျက်ခြင်း၊ မြှောက်ပင့် ပြောဆိုခြင်း၊ ကြွားဝါခြင်း၊ လိမ်လည်ခြင်း စသည် စသည်သော ဒုစရိုက် အပြစ်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ 

အမှန်တရားနှင့် ဆန့်ကျင့်ပြောဆိုသော စကားကြောင့် တစ်ပါးသူအား မှားယွင်းမှုသို့ ရောက်စေမည်ဆိုလျှင် ၎င်းင်းလုပ်ရပ်သည် တရားမျှတမှုနှင့် မေတ္တာတရားကို ဆန့်ကျင့်သည့် လုပ်ရပ်ဖြစ်သည်။ လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း ဖြစ်သည်။ ၎င်းင်းသည် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း၏ တိုးတက်မှု အခြေခံ အုတ်မြစ်ကို ရိုက်ချိုးခြင်း ဖြစ်သည်။ ထိုသို့ ပြုမိလျှင် ကံယကံရှင်ခွင့်လွှတ်သည် ဆိုသည့်တိုင် နစ်နာမှုအတွက် ပြန်ပေးဆပ်သင့်သည်။

လူတိုင်း အမှန်တရားကို ပြောဆိုရန် တာဝန်ရှိသော်လည်း အမှန်တရားကို ထုတ်ဖော်ရန် တာဝန်မရှိပေ။ ဆိုလိုသည်မှာ မိမိပြောဆိုမှုသည် အမှန်တရားဖြစ်ရမည် ဆိုသော်လည်း အမှန်တရားတစ်ခုကို မထွက်ဆိုဘဲ လျှို့ဝှက် ထားနိုင်သည်။ တစ်ပါးသူ၏ လုံခြုံမှုနှင့် ကောင်းကျိုးအတွက် အမှန်တရားကို လျှို့ဝှက်ထားနိုင်သည်။ ပုဂ္ဂိုလ်ရေး လေးစားမှုနှင့် လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အမှန်တရားကို လျှို့ဝှက်ထားနိုင်သည်။ တစ်ပါးသူအတွက် ပုံစံနမူနာကောင်းမဆောင်သည့် ကျော်မကောင်း ကြားမကောင်း အကြောင်းကိစ္စများကိုမူ သတိကြီးစွာ လျှို့ဝှက်ထားသင့် ကြပေသည်။ နိုင်ငံ့ရေးရာ ၀န်ထမ်းများ၊ တပ်မတော်သားများ၊ ရှေ့နေများ၊ သမားတော်ကြီးများနှင့် ဆရာဝန်များ ကဲ့သို့သော ပုဂ္ဂိုလ်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များသည် မည့်သူ့ကောင်းကျိုးမျှ နစ်နာထိခိုက်မှုမရှိစေရန် လုံးဝလျှို့ဝှက်ထားရမည့် အမှန်တရားများဖြစ်သည်။

သတင်းအချက်အလက် ပေးရန်၊ ဖလှယ်ရန် အသုံးပြုသော ဆက်သွယ်မှု မီဒီယာများသည်လည်း လူသားထုကောင်းကျိုးကို အဓိက မျှော်ကိုး၍ လွတ်လပ်မှု၊ တရားမျှတမှုနှင့် သွေးစည်းညီညွှတ်မှုဆီကို ဦးတည်သော မှန်ကန်သော သတင်းအချက်အလက်များကိုသာ ပေးကြသင့်သည်။ မီဒီယာကို တာဝန်သိစွာ ထိန်းထိန်းချုပ်ချုပ်နှင့် အသုံးပြုနိုင်ကြမှသာ  အမှန်တရားကို သစ္စာဖောက်၍ လူ့ဘောင်ပျက်ပြားစေခြင်းမှ ရှောင်ကြဉ်နိုင်ကြမည် ဖြစ်သည်။

အမှန်တရားကိုလည်း အနုပညာများ၌ သက်သေခံနိုင်ကြပေသည်။ အနုပညာများမှ အမှန်တရား၏ လှပမှုကို ဖော်ဆောင်ပေးခြင်းဖြင့် လူတိုင်း၏ နှလုံးသားတိုင်း၌ အမှန်တရား၏ လှပမှုကို ခံစားမြတ်နိုး လာနိုင်ကြပေလိမ့်မည်။

မုသားသက်သေ မခံနှင့် ဟူသော ဘုရား၏ ပညတ်တော်သည် အမှန်တရား၏ လှပမှုကို မြတ်နိုးပြီး ထိုလှပမှုကို ဘုရားသခင်၌ ရှာဖွေကြရန် သွန်သင်သည်။ ဘုရားသခင်၌ တွေ့ရှိသော အမှန်တရားကို မိမိဘ၀ထဲသို့ စိမ့်ဝင်စေခြင်းဖြင့် လူသားတို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်အတိုင်းဖြစ်သော မူလလူ့သဘာဝ အလှအပကို ပြန်လည် ရရှိ ခံစားနိုင်ကြပေလိမ့်မည်ဖြစ်သည်။

 A. သက်ထွေးအောင်