ကက်သလစ်ဘုန်းတော်ကြီးများနှင့်
နိုင်ငံရေး
ကက်သလစ်ဘုန်းတော်ကြီးများ
နိုင်ငံရေးမှာ ပါဝင်ပတ်သက်နိုင်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ပါဝင် မပတ်သက်နိုင်ပါဘူး။
ကက်သလစ်ဘုန်းတော်ကြီးများဟာ နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိတယ်၊ တစ်ချိန်တည်းမှာပဲ ပါဝင်ခွင့်မရှိပါဘူး။
ဘယ်အချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်သင့်တယ်၊ ဘယ်နေရာမှာ နိုင်ငံရေး၌ ပါဝင်ရမယ် ဆိုတာဟာ
နိုင်ငံရေး ဆိုတဲ့ ဝေါဟာရ အနက်ဖွင့် နားလည်မှုပေါ်မှာ မူတည်ပါတယ်။
နိုင်ငံရေးကို
ပါတီနိုင်ငံရေးနဲ့ လူထုနိုင်ငံရေးဆိုပြီး ယေဘူယျအား ဖြင့် အမျိုးအစားနှစ်ခုခွဲ နားလည်ရပါတယ်။
ပါတီနိုင်ငံရေးဆိုတာ အတိုပြောရရင် မူဝါဒတစ်ခုနဲ့ ပါတီထူထောင်ပြီး မိမိပါတီနှင့် မူဝါဒအတွက်
ရှေ့ရှုလုပ်ဆောင်ရေးကို ရည်ညွှန်းပါတယ်။ လူထုနိုင်ငံရေးဆိုတာ လူထုကို အကျိုးပြုမယ့် မည်သည့်
လုပ်ဆောင်ရေးမျိုးကိုမဆို ရည်ညွှန်းပါတယ်။
ပါတီနိုင်ငံရေးတွင်
ပါဝင်ခွင့်မရှိ
ကက်သလစ်ဘုန်းတော်ကြီးများဟာ
ပါတီနိုင်ငံရေးမှာ ပါဝင်ခွင့် မရှိပါ ဘူး။ ပါတီထောင်ခွင့် မရှိပါဘူး။ ပါတီတစ်ခုရဲ့
ပါတီဝင်အဖြစ် နိုင်ငံရေးမှာ လှုပ်ရှားခွင့် မရှိပါဘူး။ ပါတီတစ်ခုအတွက် မဲဆွယ် စည်းရုံးပေးခွင့်မရှိပါဘူး။
နိုင်ငံတော်ရဲ့ ဘယ်ရာထူးနေရာမှာမှလည်း ပါဝင်ခံစားခွင့် မရှိပါဘူး။ ဘုန်းတော်ကြီးများ
ပါတီနိုင်ငံရေးမှာ မပါဝင် ဖို့ရန်လည်း သာသနာတော်ရဲ့ ကာနွန်ဥပဒေက တားမြစ်ထားပါတယ်။ ပါတီနိုင်ငံရေးမှာ
ပါဝင်ခြင်းအားဖြင့် ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ သာသနာတော်ထဲမှာ မိမိရဲ့ ရပိုင်ခွင့်နှင့်
လုပ်ပိုင်ခွင့်တွေကို ဆုံးရှုံးရပါတယ်။
သာသနာတော်အနေနှင့်လည်း
မည်သည့်ပါတီ၊ မည်သည့် အစိုးရ စနစ်က လုံးဝကောင်းသည်၊ ပြည့်စုံသည် ဟုဆိုပြီး ဘက်လိုက်
ရပ်တည်ခြင်းမျိုး မည်သည့် အခါမျှ မလုပ်ပါ။ ပါတီတစ်ခု သို့မဟုတ် နိုင်ငံရေးစနစ်တစ်ခုရဲ့
မှန်ကန်တဲ့ လူသားအကျိုးပြု မူဝါဒအတွက်ပဲ ရပ်တည် အားပေးပါတယ်။ ပါတီတစ်ခုက လူ့အခွင့်ရေးကို
လေးစားတဲ့ မူဝါဒကို ချမှတ်မယ် ဆိုလျှင် ဒီလူ့အခွင့်ရေး လေးစားမှုအတွက် သာသနာတော်က ထောက်ခံအားပေးပါတယ်။
နိုင်ငံရေး စနစ်တစ်ခုက လူ့ဂုဏ်သိက္ခာ လေးစားမြှင့်တင်မှုကို ရှေ့ရှုတယ်ဆိုလျှင် ဒီလူ့ဂုဏ်သိက္ခာကို
လေးစားမြှင့်တင်မှုအတွက် သာသနာတော်က ထောက်ခံအားပေးပါတယ်။ ပါတီတစ်ခုလုံးအတွက် သို့မဟုတ်
ပါတီအကျိုးအတွက် သော်လည်းကောင်း၊ နိုင်ငံရေးစနစ်တစ်ခုအတွက် သို့မဟုတ် နိုင်ငံရေးစနစ်အကျိုးတစ်ခု
အတွက်သော်လည်းကောင်း သာသနာတော်က ဘက်လိုက် ရပ်တည်ပေးခြင်းမျိုးမရှိပါ။ ဆိုလိုတာက သာသနာတော်က
ဘယ်ပါတီကို ထောက်ခံပြီး၊ ထောက်ခံသည့်ပါတီကို လက်ခံရန် အများပြည်သူကို မဲဆွယ်တောင်းဆိုတာ
မလုပ်ပါဘူး။ ဘယ်နိုင်ငံရေး စနစ်ကို ထောက်ခံပြီး၊ ထောက်ခံသည့် နိုင်ငံရေးစနစ် ဖြစ်ပေါ်လာဖို့
တောင်းဆိုဆန္ဒပြတာမျိုးလည်း မလုပ်ပါဘူး။ ဘယ်ပါတီပဲ တက်တက် ဘယ်စနစ်နဲ့ပဲ အုပ်ချုပ်အုပ်ချုပ်
သာသနာတော်အနေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားတွေနဲ့ ကိုက်ညီမဲ့ မူဝါဒ၊
လုပ်ဆောင်မှုတွေအတွက်တော့ အမြဲတမ်း တောင်းဆိုပါတယ်။ သာသနာတော်အနေနဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက်
ဘယ်သောအခါမျှ ဆန္ဒပြ မတောင်းဆိုပါဘူး။ တောင်းဆိုလို့လည်း မရပါဘူး။ သို့သော်လည်း လူ့ဂုဏ်သိက္ခာနှင့်
လူ့အခွင့်ရေးတွေကို လေးစားဖို့အတွက်၊ တရားမျှတမှု ရှိဖို့အတွက်၊ ငြိမ်းချမ်း ဖွံ့ဖြိုးဖို့အ
တွက်၊ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့အတွက် သာသနာတော်က တောင်းဆိုပါတယ်။
လူထုနိုင်ငံရေးတွင်ပါဝင်ခွင့်ရှိ
ကက်သလစ်ဘုန်းတော်ကြီးများဟာ
ပါတီနိုင်ငံရေးမှာ ပါဝင်ခွင့်မရှိပေမယ့် လူထုနိုင်ငံရေးမှာ ပါဝင်ခွင့်ရှိပါတယ်။ လူထုအကျိုးပြုမယ့်
လုပ်ငန်းတွေမှာ ပါဝင်ခွင့်ရှိပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးပါပဲ။ နိုင်ငံ့အရေးဟာ
နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းဟာလည်း နိုင်ငံ့အရေးကို လုပ်ဆောင်နေရပါမယ်။
အမျိုးသားနိုင်ငံရေးမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံရေးသမားပါပဲ။ ဒါကြောင့် နိုင်ငံသားတစ်ဦးဖြစ်တဲ့
ဘုန်းတော်ကြီးဟာ လည်းပဲ နိုင်ငံ့အရေးအတွက် တာဝန်ရှိတဲ့ နိုင်ငံရေးသမားတစ်ဦးပါပဲ။ အမျိုးသားနိုင်ငံရေးမှာ
ပါဝင်နေရတဲ့ ဘုန်းတော်ကြီးဟာ လူသားတိုင်း ဘုရား၊ တရားကို မြတ်နိုးပြီး၊ ကိုယ်ကျင့်သီလအကြောင်း
ကောင်းမွန်စွာ သိရှိနားလည်နေစေရန် သွန်သင်ပေး ခွင့်ရှိပါတယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုးကို
ရှင်းလင်းစွာ ဆင်ခြင်တတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လမ်းညွှန်ပေးခွင့်ရှိပါတယ်။
လူသားတိုင်းရဲ့ နှလုံးသားတိုင်းမှာ ဘုရားကိန်းဝပ်နေမယ်၊ တရားရှိမယ်၊ မေတ္တာနဲ့ ပြည့်ဝနေမယ်ဆိုရင်
လူသားတိုင်း ဆုံးဖြတ်လုပ်ဆောင်လိုက်သော အရာတွေသည် စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်း၊
တရားမျှတခြင်း၊ စည်ပင်ဝပြောခြင်း စတာတွေကို သယ်ဆောင်လာပေးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ
ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ လူသားထုအတွက် တရားမျှတရေး၊
ငြိမ်းချမ်းရေး၊ လူ့ဂုဏ်သိက္ခာကို လေးစားရေး၊ လူ့အခွင့်အရေး လေးစားရေး၊ လွတ်လပ်ရေး၊
လူမှုဖွံ့ဖြိုးရေး စတာတွေမှာ ပါဝင်လုပ်ဆောင်နိုင်ခွင့်ရှိသလို ဤအရေးတွေကို ပျက်ပြားစေမယ့်
မူဝါဒ၊ ဥပဒေနဲ့ လုပ်ဆောင်မှုတွေကို အတိုက်အခံပြု ဆန့်ကျင်ခွင့်၊ ဆန္ဒပြခွင့်လည်းရှိပါတယ်။
တကယ်တော့ ဘာသာရေးနဲ့
နိုင်ငံရေးဆိုတာကို တသီးခြားစီ ခွဲထား လို့မရပါဘူး။ ဖွဲ့စည်းအုပ်ချုပ်မှု၊ စီမံကွပ်ကဲမှုနဲ့
ဦးဆောင်မှု စည်းဘောင်တွေဟာ သီးသန့်စီ ဖြစ်နေပေမယ့်လို့ ဘာသာရေးနဲ့ နိုင်ငံရေးဟာ အချင်းချင်း
ပတ်သက်နေမှု ရှိပါတယ်။ ပတ်သက်နေရမှာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးဟာ ဘာသာ တရားနဲ့ ပတ်သက်နေမှသာလျှင်
တည်ငြိမ်အေးချမ်းပြီး မှန်ကန်တဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု၊ တည်တံ့မှုဆီကို ဦးတည်နိုင်မှာ
ဖြစ်သလို ဘာသာရေးဟာ နိုင်ငံရေးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိမှသာ ၎င်းရဲ့ အနှစ်သာရပြည့်ဝမှုကို
လူသားများ ထိထိရောက်ရောက် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။
A.သက်ထွေးအောင်