လွပ်လပ်မှု ဟူသည်



လွပ်လပ်မှု ဟူသည်


လူသည် လွတ်လပ်မှုကို ခုံမင်သည်။ လွတ်လပ်မှုကို မြတ်နိုးသည်။ လွတ်လပ်မှုကို ရယူ ပိုင်ဆိုင်လိုသည်။
လူသည် လွတ်လပ်မှုနှင့် မွေးဖွားလာပြီး သဘာဝဗီဇအားဖြင့် လွတ်လပ်ချင်သည်။ မိမိကို ဒီဘောင်လေးနှင့်ခတ်၊ ဟိုစည်း လေးနှင့်ကာ၊ ဘာကလနားလေးနှင့် ကွပ်ပြီး ထိန်းချုပ်ထားတာကို မည်သူမျှ မနှစ်မြို့လိုကြပေ။ ဟိုမသွားနှင့်ဆိုလူက သွားချင်သည်။ ဒါမလုပ်နှင့်ဆို လူက လုပ်ချင်သည်။ ဤလူ့သဘောသည် စပ်စုခြင်းဆိုသည်ထက် ထိန်းချုပ်မှုကို တွန်းလှန်လိုခြင်း သို့မဟုတ် မိမိလွတ်လပ်မှုကို ကာကွယ်လိုခြင်း စိတ်ကြောင့် ဖြစ်ပေမည်။

လွတ်လပ်မှု၌ ရွေးချယ်နိုင်မှု၊အချုပ်အနှောင်မှ ကင်းလွတ်မှု၊ ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင်အထည်ဖော်နိုင်မှု၊ မိမိကိုယ်ကို ထိန်းချုပ် ပဲ့ကိုင်နိုင်မှု စသည်တို့ ပါဝင်ပေသည်။ လူတိုင်း မကုန်ဆုံးနိုင်သော ရွေးချယ်စရာများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမြဲဖြစ်သည်။ ဤရွေးချယ်စရာများထဲမှ မိမိ နှစ်သက်ရာကို ရွေးချယ်နိုင်မှုသည် လွတ်လပ်မှု ဖြစ်သည်။ ဤရွေးချယ်နိုင်မှုနောက် အနီးကပ်ဆုံး လိုက်ပါလာသည်က ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင်အထည်ဖော်နိုင်မှုဖြစ်သည်။ ရွေးချယ်နိုင်မှု ရှိပါလျက် ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင်အထည် မဖော်နိုင်လျှင်လည်း လွတ်လပ် မှုရှိသည်မမည်။ ရွေးချယ်နိုင်မှုသာရှိပြီး ဆန္ဒအလျောက် အကောင်အထည်မဖော်နိုင်လျှင် "ကြိုက်တဲ့အထည်ရွေးပါ၊ ဒါပေမယ့်အဲဒီရွေးတဲ့ အထည်ကို မယူပါနဲ့" ဟုပြောသည်နှင့် အတူတူပင် ဖြစ်နေမည်။ ထို့အတူ"ကဲ...မင်းဖြစ်ချင်တာ မင်းကိုယ့်ဟာကိုယ်ရွေး တော့" ဟုအဖေကဆိုသော်သားဖြစ်သူက ပန်းချီဆရာ ဖြစ်ရန် ရွေးချယ်လိုက်သည်။ သို့သော် နောက်တစ်နေ့မှာပင် အဖေဖြစ်သူက သူ့ကိုလက်သမား သင်တန်းကျောင်းသို့ ပို့လိုက်သည်။ ဤနေရာ၌ သားဖြစ်သူမှာ အမှန်လွတ်လပ်သည်ဆိုလျှင် သူရွေးချယ်ထားသည့်အရာကို စိတ်ပိုင်းဖြတ် အကောင်ထည် ဖော်နိုင်ခွင့်မှ ပိတ်ဆို့ကာဆီး နေသောအတား အဆီးများ၊ ထိန်းချုပ်မှုများမှလည်း ကင်းလွတ်ရမည်ဖြစ်သည်။

ဤသို့ဆိုလိုက်၍ ဘေးလူတွေအနေနှင့်ဘာမျှဝင်ပြောစရာမလို၊ သူကြိုက်ရာ လုပ်ပါစေဟု မဆိုလို။ ဘေးလူတွေ၏ စကားလုံးများသည် လူတစ်ယောက်၏ လွတ်လပ်မှုကို အသုံးပြုမှုပေါ်၌ များစွာ အထောက်အကူပြုပြီး၊ အချို့ကိစ္စရပ်များ၌ မရှိမဖြစ်ပင် လိုအပ်ပေသည်။ သို့သော်လည်း ဘေးလူ၏ စကားလုံးများသည် လွတ်လပ်မှုကို အသုံးပြုမည့်သူအတွက် အတားအဆီးမဖြစ်စေရ။ ထို့ထက်ပို၍ ဘေးလူ၏ စကားလုံးများသည် လွတ်လပ်မှုကို အသုံးပြု မည့်သူအတွက် ထိန်းချုပ်မှု တစ်ခု မဖြစ်စေရပေ။
လူသည် လွတ်လပ်မှုနှင့် မွေးဖွားလာပြီး မိမိလွတ်လပ်မှုကို မိမိ ပိုင်ဆိုင်ခွင့်ရှိသည်။ လူတစ်ယောက်၏ လွတ်လပ်မှုကို အခြားသော လူတစ်ယောက်က ထိန်းချုပ်ထားပိုင်ခွင့် မရှိပေ။ ဒါရွေးချယ်သင့် မသင့်၊ ဒါလုပ်သင့် မသင့် ဆိုတာကို တစ်ပါးသူတစ်ယောက်အား လမ်းညွှန်အကြံပေးနိုင်သော်လည်း၊ ဒါရွေးမရွေး၊ ဒါလုပ်မလုပ် ဆိုတာကိုမူ အတင်းကြပ် တိုက်တွန်း လုပ်ဆောင်စေခြင်း မပြုနိုင်ပေ။ သူလုပ်မည့် လုပ်ရပ်မှားနေသည် ဆိုသည့်တိုင်အောင် ဤလုပ်ရပ်ကို အကောင်အထည်ဖော်ရန် သူ၌ လွတ်လပ်မှုရှိသည်။ လွတ်လပ်မှုသည် လူ့ဘ၀အတွက် လွန်စွာအရေးကြီးသည်။ မိမိ၏ လွတ်လပ်သော စိတ်ဆန္ဒဖြင့် လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင် လိုက်သော အမှုများသည် လူတစ်ယောက်၏ ဘ၀၊ လူတစ်ယောက်၏ အနာဂတ်နှင့်လူတစ်ယောက်၏ သမိုင်းကို ဖန်တီးပေးသည်။ လှပသော ဘ၀တစ်ခုကို ရေးခြယ်မည်လား၊ တောက်ပသော အနာဂတ်တစ်ခုကို တည်ဆောက်မည်လား၊ အဖိုးတန်သော သမိုင်းတစ်ခုကို ချန်ခဲ့မည်လား ဆိုတာတွေသည် လူတစ်ယောက်၏ လွတ်လပ်မှုအပေါ်မူတည်ပေသည်။
လွတ်လပ်မှုသည် ကောင်းတာ မဟုတ်သလို၊ မကောင်းတာလည်း မဟုတ်ပေ။ လွတ်လပ်မှု ကောင်း၊ မကောင်း ဆိုတာသည် ဤလွတ်လပ်မှုကို ဘယ်လို အသုံးပြုသည် ဆိုသည့် အပေါ်၌ မူတည်သည်။ လွတ်လပ်မှုနှင့် ဘ၀တစ်ခုကို ဖြုန်းတီးပစ် နိုင်သကဲ့သို့ လွတ်လပ်မှုနှင့်လည်း အဓိပ္ပာယ်ရှိသော ဘ၀တစ်ခုကို ထုဆစ်နိုင်သည်။ ၎င်းင်းသည် လွတ်လပ်မှု၏ အရည်အသွေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းင်းသည် လွတ်လပ်မှု၏ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်သည်။

လွတ်လပ်မှုနှင့်စည်း
လွတ်လပ်မှုသည် မိမိကြိုက်ရာကို လုပ်ဆောင်နိုင်သည့် စွမ်းအားမဟုတ်၊ လုပ်သင့်သည်ကို လုပ်ဆောင်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။ ဤလုပ်သင့်သည် ဆိုသည့် အရာသည် လွတ်လပ်မှု၏ စည်းဖြစ်ပြီး ဤလုပ်သင့်သည် ဆိုသည့် ကန့်သတ်မျဉ်းဘောင်အတွင်း၌သာ လွတ်လပ်မှု တည်ရှိနိုင်သည်။

စွမ်းဆောင်မှု သဘောအားဖြင့်သာ အခြေခံပြောရလျှင် လူသည် များစွာသော အရာများကို အတားအဆီးမဲ့ လုပ်ဆောင်နိုင်သည်။ ခိုးနိုင်သည်။ လုယက်နိုင်သည်။ သတ်ဖြတ် နိုင်သည်။ သို့သော်လည်း လူသည် ဤအမှုများကို မကျူးလွန်သင့်ပေ။ လုပ်ကိုင်နိုင်မှုသည် လုပ်ပိုင်ခွင့်ကို ပေးနိုင်သည်မဟုတ်။ ဆိုလိုသည်မှာ မိမိခိုးနိုင်သည်နှင့် မိမိ၌ ခိုးပိုင်ခွင့်ရှိသည် ဟုဆိုမရပေ။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ပိုင်ခွင့် ဆိုသည့် လွတ်လပ်မှုသည် သင့်သည် ဆိုသည့် ကန့်သတ်စည်းဘောင်အတွင်း၌သာ ရှိသောကြောင့်ဖြစ်သည်။ ယာဉ်မောင်းစည်းကမ်းကို ချိုးဖောက်လိုက်ခြင်းသည် လွတ်လပ်မှုကို ပြသလိုက်ခြင်း မဟုတ်။ လွတ်လပ်မှုကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။ မောင်းနှင်နိုင်ခွင့် ဆိုသည့် လွတ်လပ်မှုသည် မောင်းနှင်သင့်သည့် စည်းဘောင် အတွင်း၌သာရှိသည်။ 

အစာစားလျှင်တောင်မှ အစားစား၍ရရှိသည့် အကျိုးကို မထိခိုက်စေဘဲ စားရသည့် အတိုင်းတာ တစ်ခုရှိသည်။ ပျော်စေပျက်စေ ကလိထိုး ကစားခြင်းပင်လျှင် အတိုင်း တာတစ်ခုထိရှိရသည်။ အတိုင်းတာတစ်ခုထိ ကျော်လွန်ပါက ကလိထိုးခြင်းသည် ပျော်ရွှင်စရာ မဖြစ်တော့ဘဲ နာကျည်း ကြေကွဲစရာ ဖြစ်သွားတတ်သည်။ ထိုးသင့်သည့် အတိုင်းတာ အတွင်း၌သာ ကလိထိုးခြင်းသည် ကလိထိုးခြင်းပီသပြီး ၎င်းင်း၏မူလ ရည်ရွယ်ချက် ဖြစ်သည့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။
လွတ်လပ်မှုအတွက် လူတွေ မကြာခဏ တင်စား ခိုင်းနှိုင်းတတ်သော ငှက်ပင်လျှင် ၎င်းင်း၏လွတ်လပ်စွာ ပျံသန်းနိုင်မှုကို မထိခိုက်စေဘဲ ပျံသန်းရသည့် အမြင့်အတိုင်းတာတစ်ခု ရှိနေပေသည်။ ထို့အတူ လူတွေမှာလည်း မိမိလွတ်လပ် မှုကို မထိခိုက်စေဘဲ လွတ်လပ်ရသည့် အတိုင်းအတာတစ်ခု ရှိပေသည်။ မိမိလွတ်လပ်မှုသည် တစ်ပါးသူ၏ လွတ်လပ်မှုကို ထိခိုက် ပျက်စီးစေသောအခါ လွတ်လပ်မှု အဖြစ်မှ ရပ်စဲတော့သည်။ မိမိ၏ လွတ်လပ်မှုသည် တစ်ပါးသူ၏ လွတ်လပ်မှုကို မထိခိုက်စေရပေ။ တစ်ပါးသူ၏ လွတ်လပ်မှုကို မထိခိုက်သင့် ဆိုသည်မှာ မိမိ လွတ်လပ်မှု၏ ကန့်သတ်မျဉ်း ဖြစ်သည်။ တစ်ပါးသူ၏ လွတ် လပ်မှုကို မထိခိုက်သင့် ဆိုသည့် ကန့်သတ်မျဉ်းဘောင် ကျော်ခဲ့လျှင် မိမိလွတ်လပ်မှုသည် လွတ်လပ်မှုအဖြစ်မှ ရပ်စဲတော့သည်။ 

ငါလွတ်လပ်သည်၊ ငါ့မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည် ဟုဆိုကာ တစ်ပါးသူကို အကြောင်းမဲ့ အနာတရ ဖြစ်စေ၍မရ။ ဤလုပ်ရပ်သည် တစ်ပါးသူ၏ လွတ်လပ်ခွင့် သို့မဟုတ် တစ်ပါးသူ၏ လွတ်လပ်မှုကို ထိပါးနေသည်။ စာသင် ခန်းထဲ၌ အတန်းမရှိ၍ မိမိကြိုက်ရာကို လုပ်နိုင်သော လွတ်လပ်ခွင့် ပေးထားလျှင် ငါလွတ်လပ်သည် ဟုဆိုကာ စာသင်ခန်းထဲ၌ အော်ကြီးဟစ်ကျယ်နှင့် ဆူညံ သောင်းကျန်းနေ၍မရပေ။ ဤသို့ပြုလျှင် တစ်ပါးသူ၏ လွတ်လပ်စွာ စာကျက်ပိုင်ခွင့်၊ တစ်နည်းအားဖြင့် တစ်ပါးသူ၏ လွတ်လပ်ခွင့်ကို ထိခိုက်စေသဖြင့် ၎င်းင်းလွတ်လပ်မှုသည် လွတ်လပ်မှုအဖြစ်မှရပ်စဲသည်။

သို့ဖြစ်သောကြောင့် လွတ်လပ်မှု၌ စည်းရှိသည်။ မှန်ကန်စွာ လွတ်လပ်လိုသူများ ဤစည်းရှိသည်ကို သိရမည်။ ဤစည်းကို မြင်တတ်ရမည်။ ဤစည်းရှိ ကြောင်းကိုလည်း အမြဲနှလုံးသွင်း သတိရှိရမည် ဖြစ်သည်။ လွတ်လပ်မှုဟု ဆိုပြီး ဤလွတ်လပ်မှု၌ စည်းထပ်ရှိနေခြင်းသည် ကြားရသူအဖို့ သိပ်ယုတ္တိ မရှိလှ။ သို့သော်လည်း အမှန်မှာ ထိုစည်းသည်ပင် လွတ်လပ်မှုကို ပိုပြီး အဓိပ္ပာယ်ရှိစေခြင်းဖြစ်သည်။

လုပ်ချင်တာ လုပ်ဖို့ တကယ်ပဲလွတ်လပ်သလား
လွတ်လပ်ခြင်းသည် လူသားတိုင်းအတွက် ကောင်းမြတ်သည့်အရာ၊ ရှိသင့်ရှိထိုက်၊ ပိုင်ဆိုင်သင့် ပိုင်ဆိုထိုက်သည် အရာတစ်ခုဖြစ်သည်။ လူတစ်ဦး၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းသည် ဒီလူတစ်ဦး၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်ရေးများကို ချိုးဖောက်ရာရောက်သည်။ ဤသို့ဆိုလျှင် လွတ်လပ်ခြင်းသည်မိမိကြိုက်တာ မိမိလုပ်နိုင်သည် ဆိုသည့် သဘောလော။ အဖြေမှာ လူတစ်ယောက်၏ ရင့်ကျက်သော တွေးခေါ်မှုနှင့် လုပ်ဆောင်မှု အပေါ်၌ မူတည်ပါသည်။
လူ၌ လွတ်လပ်ခြင်း ရှိသည်။ သို့သော် ဖြစ်ပျက်ခြင်း သဘာဝတရားထဲတွင် မွေးဖွားလာသည့် လူတစ်ဦး၏ လွတ်လပ်မှုသည် အကန့်အသတ်နှင့် ဖြစ်သည်။သာမာန်အားဖြင့်ကြည့်လျှင် လူတွင် ခန္ဓာပိုင်းဆိုင်ရာ လွတ်လပ်စွာ လှုပ်ရှားနိုင်မှု ရှိသည်။ ခေါင်းခါ၍ရသည်။ လက်မြှောက်၍ရသည်။ လမ်းလျှောက်၍ရသည်။ စသည်ဖြင့်။ သို့သော်လည်း လူ့ခန္ဓာကိုယ်သည် အကန့်သတ်မရှိ လှုပ်ရှားနိုင်ရန် လွတ်လပ်နေသည် မဟုတ်။ လက်ကိုလေမှာ ဝှေ့ရမ်းနေ၍ ရချင်ရမည်၊ သို့သော် ခန္ဓာကိုယ်ကို ပင့်မြှောက်၍ မပျံသန်းနိုင်ပေ။ ခန္ဓာကိုယ်၏ လွတ်လပ်ခွင့်သည် သဘာဝနိယာမတရား၏ ထိန်းချုပ်မှု အကန့်သတ်ထဲ၌ပင်ရှိနေသည်။ ဤသဘာဝ နိယာမတရားကို လွန်ဆန်ဖောက်ဖျက်ပြီး လွတ်လပ်ချင်၍ မရပေ။ အစားမစားဘဲ နေ၍မရသကဲ့သို့၊ ကြိုက်တာ စားနေ၍လည်း မဖြစ်ပေ။ ဤနိယာမတရားကို ပုန်ကန်လွတ်လပ်ချင် နေခြင်းသည် ပျက်စီးခြင်းကို ဦးတည်စေသည့် အကျိုးမဲ့ လွတ်လပ်ခြင်းပင် ဖြစ်နေပေလိမ့်မည်။
လူ့၏ စိတ်သည်လည်း အတိုင်းအတာတစ်ခုထိ လွတ်လပ်မှု ရှိသည်။ လူတစ်ယောက်ကို ကြိုးနှင့် တုပ်နှောင်ထား၍ ရချင်ရမည်။ သို့သော်လည်း သူ၏ စိတ်ကို မည်သို့မျှ ချုပ်ထား၍မရပေ။ လူ့တစ်ယောက်ကို ရိုက်ပုတ်၊ကန်ကျောက်၊ ရက်စက်၍ရကောင်း ရမည်။ သို့သော် သူ၏ ထွက်ပြေး လွတ်မြောက်ချင်သည့် စိတ်ကိုတော့ တား၍ရမည်မဟုတ်ပေ။ လူတစ်ယောက်ကို ကြာပွတ်နှင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်၍ရချင် ရမည်။ သို့သော် သူ့ကို တစ်ခုခု နှစ်သက်လာအောင် လုပ်ယူ၍ မရနိုင်ပေ။ သူ၏ စဉ်းစားတွေးခေါ်မှု၊ ထင်မြင်မှုနှင့် သူ့၏လိုအင်တွေသည် လွတ်လပ်နေသည်။ သို့သော်ဤစိတ်၏ လွတ်လပ်မှုသည်လည်း အကန့်သတ်နှင့်ပင်ဖြစ်သည်။

ဆိုပါစို့။ လမ်းနှစ်လမ်းရှိသည်။ တစ်လမ်းက ရှည်သည်။ သို့သော် ဖြောင့်ဖြူးသည်။ ခလုတ်ကန်သင်းနည်းသည်။ လှပသည့် တောတောင် ရှုခင်းကြားမှာရှိသည်။ နောက်တစ်လမ်းမှာ တိုသည်။ သို့သော် ချိုင့်ခွက်ပေါသည်။ မညီမညာဖြစ်နေသည်။ လမ်းမှာ နားစရာ အရိပ်ဟူ၍ မရှိသလောက်ဖြစ်နေသည်။ အခြေနေကိုလိုက်၍မည်သည့်လမ်းက မိမိအတွက် ပိုကောင်းမည်နည်း ဟူ၍ဦးနှောက်က စဉ်းစားဆုံးဖြတ်ပြီး စိတ်က ဘယ်လမ်းဆိုတာကို နှစ်သက်ရွေးချယ်ပါသည်။ ဤသို့ ရွေးချယ်သည့်အခါ၌ စိတ်ကမိမိအတွက် အကောင်းဆုံး ဖြစ်မည်၊ ဖြစ်သင့်သည် ဆိုတာကိုပင် ရွှေးချယ်ပါသည်။ အကောင်းဆုံးဖြစ်မည်၊ ဖြစ်သင့်သည် ဆိုသည်က လူ့စိတ်လွတ်လပ်မှု၏ စည်းဘောင်ပင်ဖြစ်သည်။ ဤစည်းဘောင်ကို ဖောက်ဖျက်လျှင် စိတ်၏ လွတ်လပ်မှုက မှားယွင်းနိုင်သည်။ အထူးသဖြင့် မိမိ၏ လိုအင်ဆန္ဒနောက်ကိုသာ လိုက်ပြီး ဦးနှောက်၏ ဆုံးဖြတ်ပေးမှုကို လျစ်လျူရှုသည့်အခါ လူ့စိတ်၏ လွတ်လပ်မှုသည်  အမှားယွင်းနှင့် ကြုံရတော့သည်။ ဥပမာ- သွေးတိုးရှိသည့် လူနာတစ်ယောက်။ အငန်စား၍မရ။ စားလျှင် ဒုက္ခရောက်မည် ဆိုတာသိသည်။ သို့သော်လည်း အငန်အရသာအတွက် အာသီတ ပြင်းထန်နေသည်။ အငန်မပါဘဲနှင့် စား၍မ၀င်။ ဤအခြေ အနေတွင် တောင့်တမှု ဆန္ဒနောက်ကိုသာ လိုက်ပြီး အငန်တွေ ဇွတ်စား နေမည်ဆိုလျှင် အသက်ပါ ဆုံးရှုံးသည်အထိ အန္တရာယ် ဖြစ်စေနိုင်သည်။

လူ့၏ လွတ်လပ်ခြင်းသည်မိမိလုပ်ချင်ရာ လုပ်၍ ရနေသည့် ပန်းတိုင်မဟုတ်ဘဲ ကောင်းမြတ်ခြင်း၊ ပြည့်စုံခြင်း (ဖြစ်သင့်သည်ဆိုသည့်) ပန်းတိုင်ရောက်ရန်အတွက် အသုံးပြုစရာ ကြားခံတစ်ခုသာ ဖြစ်သည်။  လွတ်လပ်ခြင်းကို ကောင်းမြတ်ခြင်းဆိုသည့် ပန်းတိုင်ဆီသို့ ဦးတည်စေမှသာလျှင် ဤလွတ်လပ်ခြင်းသည် လွတ်လပ်ခြင်းမည်ပြီး တန်ဖိုးရှိမည် ဖြစ်သည်။ အကယ်၍ လွတ်လပ်ခြင်းက မည်သည့်ကောင်းမြတ်ခြင်းကိုမျှ လက်ဆုပ်လက်ကိုင် မပေးစွမ်းနိုင်ဘူးဆိုလျင် ဤလွတ်လပ်ခြင်းသည် အနှစ်သာရမရှိ၊ တန်ဖိုးလည်းမရှိပေ။

ကိုယ်ကျင့်တရားရေးရာ၌ လွတ်လပ်ခြင်းဆိုသည်မှာ မိမိအတွက် ကောင်းသည့်အရာ၊ ဖြစ်သင့်သည့်အရာကို ရွေးချယ် လုပ်ဆောင်ခြင်းဖြစ်သည်။ ကောင်းမြတ်ခြင်းကို ရှာဖွေသည့်အခါ၌လည်း လူတွေ မှားယွင်းနိုင်သည်။ ဥပမာ- အဆိပ်သီး စားမိနိုင်ခြင်း။ စားချင်လို့စားတယ်ကွာ လွတ်လွတ်လပ်လပ်ပဲ ဆိုပြီး စားလိုက်ရုံနှင့် အဆိပ်သီးသည် ပန်းသီးတစ်လုံး ဖြစ်မသွားပေ။ စားမည်ဟုရွေးချယ်သည်ဖြစ်စေ၊ မစားပါ ဟုဆုံးဖြတ်သည်ဖြစ်စေ အဆိပ်သီးက အဆိပ်သီး ပင်ဖြစ်နေမည်။ ဆိုလိုသည်မှာ လုပ်ချင်ရာလုပ်လို့ရတယ်၊ လုပ်ချင်ရာလုပ်တဲ့အရာဟာ ငါ့အတွက်ကောင်းတယ် ဟုပြော၍မရပေ။ ကောင်းသည် ဆိုးသည် ဆိုသည့်အရာက ရှိပြီးသားဖြစ်သည်။ ရှိနေပြီး ဖြစ်သည့် ကောင်းသည် ဆိုးသည် ဆိုသည့် အရာတွေသည်လည်း လူ့စိတ်နှင့် မဆိုင်ပေ။ ဆိုလိုသည်မှာ ကြိုက်၍ ကောင်းနေသည်မဟုတ်သကဲ့သို့၊ မကြိုက်၍ မကောင်းဖြစ်နေသည်လည်း မဟုတ်ပေ။ ကောင်းခြင်း၊ မကောင်းခြင်းဆိုသည်မှာ သူ့ဟာနှင့်သူ ကောင်းနေ၊ ဆိုးနေခြင်းဖြစ်သည်။

လွတ်လပ်ခြင်းဆိုသည်မှာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကောင်းသည်ဆိုသည့်အရာကို ရွေးချယ်ခြင်းဖြစ်သည်။ ဒီလို ရွေးချယ်နိုင်ရန်လည်း ကောင်းသည် ဆိုသည့်အရာကို သိနေဖို့ လိုသည်။ ထို့ကြောင့် အဆိပ်သီးကို မသိ၍ စားမိသလိုမျိုး မှားယွင်းသွားနိုင်သည့် လူ၏ဉာဏ်အတွက် ကိုယ့်ကျင့်ဥပဒေများရှိနေရခြင်းဖြစ်သည်။ ကိုယ်ကျင့် ဥပဒေများသည် လူ့လုပ်ရပ်များအတွက် မည်သည့်အရာက ကောင်းသည်၊ မည့်သည့်အရာက မကောင်း၊ ဒုစရိုက်ဖြစ်သည် ဆိုသည်ကို လမ်းညွှန်ပေးသည်။ တစ်နည်းဆိုရလျှင် ကိုယ်ကျင့်ဥပဒေများဆိုတာသည် လွတ်လပ်ခြင်း၏ စည်းဘောင်ပင်ဖြစ်သည်။ ဤစည်းဘောင်တွေသည်လည်း လွတ်လပ်ခြင်းကို လွတ်လပ်ခြင်းပီသစေပြီး လွတ်လပ်ခြင်း သဘာဝကို အနှစ်သာရ ပြည့်ဝစေသည်။

လွတ်လပ်ခြင်းသည် သဘာဝအလျောက် ပန်းတိုင်တစ်ခုအတွက် အသုံးခံ ဖြစ်နေသောကြောင့် ဤပန်းတိုင်နှင့် သွေဖည်ကာ ကြိုက်တာလုပ်ပြီး လွတ်လပ်ချင်နေ၍ မရပေ။ လူ့သဘာဝက ပြန်ဋ္ဌာန်းလာသော ကောင်းမြတ်ခြင်း ပန်းတိုင်သို့ ရောက်ရန် လွတ်လပ်ဖို့ လိုအပ်သလို လွတ်လပ်ခြင်းသည်လည်း ဤကောင်းမြတ်ခြင်း ပန်းတိုင်အတွက် ဖြစ်ရန် လိုအပ်သည်။ အမှန်ဆိုလျှင် လွတ်လပ်ခြင်းသည် လူတွေရယူရမည့်နောက်ဆုံးသော ပန်းတိုင်မဟုတ်။  ကောင်းမြတ်ခြင်းဆိုသည့် ပန်းတိုင်အတွက် လွတ်လပ်နေခြင်းသာဖြစ်ပေသည်။

A.သက်ထွေးအောင်