အလုပ်နှင့် လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာ
အလုပ်ဆိုတာ ဆင်ခြင်ဉာဏ်ရှိ လူသားတစ်ယောက်ရဲ့ လုပ်ဆောင်မူပါ။
အလုပ်ဟာ လူတစ်ယောက်ရဲ့ အသက်ရှင်မှု အတွက် ဖြစ်ချင်ဖြစ်မယ်။ လူ့ဘောင် တစ်ခု အကျိုးအတွက်
ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကမ္ဘာတစ်ခုလုံးရဲ့ အကျိုးအတွက်လည်းဖြစ်ချင်ဖြစ်မယ်။ အလုပ်လို့
ဆိုတဲ့နေရာမှာ ဉာဏအားသုံးပြီး လုပ်တဲ့အလုပ် ဖြစ်နိုင်သလို ကာယအားသုံးပြီး လုပ်တဲ့အလုပ်
ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဉာဏအားရော ကာယအားနှစ်ခုလုံးပါ သုံးရတဲ့ အလုပ်ဖြစ်ချင်ဖြစ်နေမယ်။
လုပ်တဲ့ အခါမှာလည်း ကိုယ်ပိုင်အလုပ်ကို ကိုယ်ကိုယ်တိုင် လုပ်တာ ဖြစ်နိုင်သလို တစ်ပါးသူ
တစ်ဦးပိုင်အလုပ်အတွက် မိမိကိုယ်ကို အငှားရမ်းခံပြီး လုပ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။
အလုပ်တိုင်းဟာ လူ့အသက်ရှင်မှု အတွက် လိုအပ်နေပြီး လူတိုင်းလည်း အလုပ်လုပ်ရန် တာဝန်ရှိပါတယ်။
"အလုပ်မလုပ် သောသူသည် အစာ မစားစေနှင့်" (၂သက် ၃း၁၀) ဟုပင် ရှင်ပေါလု ဆုံးမခဲ့ပါတယ်။သံသောမတ် အကွိုင်းနက်ကလည်း
အလုပ်လုပ်ခြင်းဟာ များစွာသော အပြစ်ဒုစရိုက်တွေရဲ့
အရင်းအမြစ်ဖြစ်တဲ့ ပျင်းရိ ထိုင်းမှိုင်းစွာနေခြင်းမှ ရှောင်ရှားစေပြီး ကောင်းမှုကုသိုလ်
ပြုစေနိုင်မယ့် ပိုင်ဆိုင်မှုတွေကို ဖြစ်ထွန်းစေတယ် လို့ဆိုခဲ့ပါတယ်။ အလုပ်လုပ်ခြင်းဟာ
စားမှု၊ ၀တ်မှု၊ နေမှု ဆိုတဲ့ ရုပ်ခန္ဓအကျိုးအတွက် ထောက်ပံ့ပေးသည် သာမက တန်ဖိုးထားမှု၊ ပေးဆပ်မှု၊ ကောင်းမြတ်မှု စတဲ့ နာမ်ဝိညာဉ်အကျိုး
ကိုလည်း မြှင့်တင်ပေးပါတယ်။ တစ်နည်းအားဖြင့် အလုပ်ဆိုတာ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကို
မြှင့်တင်ပေးတဲ့ လူတိုင်းအလေးထားအပ်တဲ့ ဘ၀ပေး တာဝန်တစ်ခု ဖြစ်ပါတယ် (ညွှန်း-၁သက် ၅း
၁၄၊ ၂သက် ၃း၆)။
ထိုက်တန်မှု
လူတိုင်း မိမိရဲ့
ဉာဏအားကို သုံး၍ဖြစ်စေ၊ ကာယအားကို သုံး၍ဖြစ်စေ ပေးဆပ်လုပ်ကိုင်ပေးသော အလုပ်အတွက် ထိုက်တန်တဲ့
လုပ်အားခ ရထိုက်ပါတယ် (ညွှန်း-လု ၁၀း ၇)။ ထိုက်တန်တဲ့ လုပ်အားခကို ပေးခြင်းဟာ တရားမျှတခြင်း
ဖြစ်ပါတယ်။ တရားမျှတခြင်းဟာ အလုပ်သမား တစ်ယောက်အတွက် ထိုက်တန်တဲ့ လုပ်အားခအပြင် အဲဒီလုပ်အားခကို
အချိန်မှီ ပေးဆောင်ရန်အတွက်လည်း တောင်းဆိုပါတယ် (ညွှန်း- ထွက် ၁၉း ၁၃၊ ထွက် ၂၄း ၁၄-၁၅၊
ယာ ၅း၎)။ ထိုက်တန်တဲ့ လုပ်အားခ လို့ဆိုရာမှာလည်း
အလုပ်ရှင်က ပေးတဲ့ လုပ်အားခကို အလုပ်သမားက သဘောတူလိုက်လို့ ထိုက်တန်တဲ့ လုပ်အားခ ဖြစ်ပြီလို့
မသတ်မှတ်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ မလွဲမရှောင်သာတဲ့ လိုအပ်မှုကို အခွင့်ကောင်းယူပြီး လုပ်အားခနှိမ်၍ သတ်မှတ် သဘောတူစေခြင်းဟာ မတရားတဲ့
အမှုဖြစ်ပါတယ်။ အလုပ်တိုင်းဟာ လူတိုင်း တန်းစေ့စွာနေနိုင်ဖို့၊ အနည်းဆုံး လူတစ်ဦးနဲ့
ထိုက်တန်တဲ့ စားရေး၊ ၀တ်ရေး၊ နေရေးအခြေခံ ဖူလုံစေဖို့၊ ဒါ့အပြင် လူမှုရေး၊ ဘာသာရေး၊
ယဉ်ကျေးမှု ဘ၀တွေမှာ ၀င်ဆန့်မြှင့်တင်နိုင်မယ့် အပိုလျှံဝင်ငွေဆုဆောင်းနိုင်မှု အခြေအနေအတွက်လည်း
အာမခံချက်ပေး နိုင်ရပါမယ်။ ဘုရားသခင်က ကမ္ဘာမြေကို လူသားတွေ လက်ထဲ အပ်ခဲ့ပါတယ် (ညွှန်း-ကမ္ဘာ
၁း ၂၈)။ ကမ္ဘာမြေရဲ့ ချမ်းသာမှုဟာ လူသားအားလုံးနဲ့ဆိုင်ပြီး ဒီချမ်းသာမှုရဲ့ အကျိုးကို
လူတိုင်း မိမိလုပ်အားဖြင့် ပါဝင်ခံစားပိုင်ခွင့် ရှိပါတယ်။ လူတစ်ယောက်ရဲ့အခြေခံလိုအပ်မှုအတွက်ထက်
ပိုလျှံအောင်လည်း ကမ္ဘာမြေကြီးက လူတိုင်းကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလိုပဲ နိုင်ငံတစ်နိုင်ငံထဲမှာ
အတူမှီတင်းနေထိုင်ကြတဲ့ လူတွေဟာလည်း နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝမှုကို မျှတစွာ
ခံစားပိုင်ခွင့် ရှိကြပါတယ်။ အနိမ့်ဆုံး လုပ်ခဟာ ပြည်သူတစ်ဦးခံစားထိုက်တဲ့ နိုင်ငံ့ချမ်းသာ
ကြွယ်ဝမှုထဲက အနိမ့်ဆုံးဝေစုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အနိမ့်ဆုံး လုပ်ခ ပြဋ္ဌာန်းချက်
ရှိရမယ်လို့ ဆိုကြပါတယ်။ ဒါမှလည်း ကမ္ဘာမြေရဲ့ ချမ်းသာကြွယ်ဝမှုကို ခံစားပိုင်ခွင့်ရှိတဲ့
လူသားတိုင်းအတွက် တရားမျှတမှုရှိမှာ ဖြစ်ပါတယ်။
ဒီအနိမ့်ဆုံး ခံစားခွင့်ကို အခြေခံပြီး လူသားတိုင်းဟာ မိမိလုပ်အားထည့်လျှင်
ထည့်နိုင်သလောက် ရရှိလာတဲ့ ဘုံအကျိုးအမြတ်ထဲကလည်း ထိုက်သင့်တဲ့ အကျိုးအမြတ် အချိုးအဆကို
ခံစားထိုက်ပါသေးတယ်။ ထိုက်သင့်မှုကို လေးစားတယ်ဆိုတာ လူ့ဂုဏ်သိက္ခာကို လေးစားတာပါပဲ။
လူ့ဂုဏ်သိက္ခာကို လေးစား တယ် ဆိုရာမှာလဲ ထိုက်သင့်မှုထက် ကျော်လွန်ပါတယ်။ ဒါကြောင့် လူဖြစ်တဲ့
လုပ်သားတစ်ယောက်ဟာ ထိုက်သင့်တဲ့လုပ်အားခအပြင် လူနဲ့သာ သင့်လျှော်စေမယ့် အလုပ်၊ အလုပ်ခွင်ပတ်ဝန်းကျင်နှင့်
ဆက်ဆံမှုတွေကိုလည်း ရပိုင်ခွင့်ရှိပါသေးတယ်။ အသက်အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်ဖြစ်ရမယ်။
ကျန်းမာရေးအတွက် လုံလောက်တဲ့ နားချိန်နဲ့ အားလပ်ရက်တွေရှိရမယ်။ လူ့ဂုဏ်နဲ့ လူ့တန်ဖိုးကို
လျှော့ပါး ဖျက်ဆီးစေမယ့် ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်တဲ့ မည်သည့် ခိုင်းစေချက်နှင့်မဆို
ကင်းလွတ်နိုင်ခွင့်ရှိရမယ်။ ထို့အပြင် အလုပ်သမားတစ်ယောက်ဟာ အလုပ်ခွင် အချိန်မှာ အလုပ်ရှင်နဲ့တိုက်ရိုက်
ပတ်သက်မှုရှိနေတဲ့အတွက်ကြောင့် မတော်တဆ ထိခိုက်မှုများမရှိရန် အလုပ်ရှင်မှ လူလူချင်း
စာနာထောက်ထားစွာ တာဝန်ယူ စောင့်ရှောက်ပေးမှု ရှိရပါမယ်။
ပေးဆပ်မှု
လုပ်သားတစ်ယောက်မှာ
ထိုက်တန်တဲ့ လုပ်ခ ခံစားခွင့်ရှိသလို ထိုက်သင့်တဲ့ ပေးဆပ်ရမှု တာဝန်လည်းရှိပါတယ်။ ထို့ကြောင့်လည်း
မိမိဉာဏအား၊ ကာယအားတို့နှင့် သင့်လျှော်မှန်ကန်တဲ့ အလုပ်များကို တာဝန်သိစွာ ရွေးချယ်ရမှာဖြစ်ပြီး
ဤလုပ်ငန်းအရေးတွင် ကျွမ်းကျင် ပိုင်နိုင်ရန် အတွက်လည်း တာဝန်သိစွာ လေ့ကျင့် ဆည်းပူးထားရမှာဖြစ်ပါတယ်။
မိမိလုပ်ငန်းအတွက် ပြင်ဆင်ထားမှုမရှိခြင်း၊ ကပျက်ကချော်နိုင်ခြင်း၊ ဂရုတစိုက် မရှိခြင်း၊
လုံလောက်စွာ သိနားလည်ထားမှု မရှိခြင်းဟာ တစ်ပါးသူရဲ့ အကျိုးနှင့် တစ်ပါးသူရဲ့ အသက်အန္တရယ်ကိုပင်
ထိခိုက်ပျက်စီး စေနိုင်တဲ့အတွက် တစ်ပါးသူအပေါ် မတရားပြုတဲ့ ဒုစရိုက်အမှု တစ်ခုဖြစ်ပါတယ်။
ဥပမာ ယာဉ်မောင်းသူ တစ်ဦးအနေနဲ့ မိမိ ယာဉ်မောင်း ကျွမ်းကျင်မှုအတွက် တာဝန်ရှိပါတယ်။
တရားသူကြီး တစ်ဦးအနေနဲ့ မိမိ ဥပဒေရေးရာမှာ ကျွမ်းကျင်မှုအတွက် တာဝန်ရှိပါတယ်။ ထို့အပြင်
လုပ်သားတစ်ယောက်အနေနှင့် မိမိအလုပ် အပေါ်မှာ သစ္စာရှိရမယ်၊ တာဝန်သိတတ်ရမယ်၊ ကြိုးစားမှု
ရှိရမယ်၊ စေတနာထားရမယ်၊ လေးစား တန်ဖိုးထားရပါမယ် (ညွှန်း-လု ၁၆း၁၀-၁၂)။ အရည်အချင်း ထောက်ခံမှု
စာရွက်စာတမ်းများ အတုအပပြုခြင်း၊ လိမ်ညာ၍ တတ်ကျွမ်းဟန်ဆောင်ပြီး အလုပ်တာဝန် ယူခြင်းဟာလည်း
အလုပ်ရှင်အပေါ်မှာသော်လည်ကောင်း၊ နိုင်ငံတော်နှင့် ပတ်သက်မည်ဆိုလျှင် ပြည်သူလူထု တစ်ရပ်လုံး
အပေါ်မှာ သော်လည်းကောင်း မတရားပြုရာရောက်ပါတယ်။ မိမိအနေနဲ့ ထိုက်သင့်တဲ့ လုပ်အားကို
မပေးဆပ်နိုင်ခြင်းဟာ မတရားမှုပဲ ဖြစ်ပါတယ်။ ဤမတရားတဲ့ ပြစ်မှုအတွက် ကျူးလွန်သူလုပ်သားမှာ
တာဝန်ရှိပါတယ်။
မျှတစွာခွဲဝေပေးမှု
နိုင်ငံတော်ဆိုတာ
ပြည်သူ လူထုတစ်ရပ်လုံးပါပဲ။ နိုင်ငံတော်ပိုင်ဆိုတာ ပြည်သူလူထုတစ်ရပ်လုံး ပိုင်ဆိုင်တဲ့
အရာပါပဲ။ နိုင်ငံတော် အစိုးရဆိုတာ နိုင်ငံတော်ကို သို့မဟုတ် ပြည်သူလူထု တစ်ရပ်လုံးကို
ကမကထပြု ဦးဆောင်နေရတဲ့ ပြည်သူထဲက ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဦးဆောင်ဦးရွက်ပြုတဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပြည်သူလူထုတစ်ရပ်လုံး ပိုင်ဆိုင်တဲ့
နိုင်ငံတော်အတွင်းက ပိုင်ဆိုင်မှုတွေကို အစိုးရက ထိန်းသိမ်း ကာကွယ်ပေးရတယ်။ စောင့်ရှောက်
မြှင့်တင်ပေးရတယ်။ ပြည်သူတွေအကြား မျှတစွာ ခွဲဝေပေးရပါတယ်။ မျှတစွာ ခွဲဝေပေးတယ် ဆိုတာကလည်း အလုပ်နှင့် ပတ်သက်ပြီး
ပြောရမယ်ဆိုလျှင် နိုင်ငံတော်ပိုင်ဆိုင်တဲ့ သံယံဇာတ၊ ယုတ်အစွဆုံး မြေနေရာကို အရင်းပြုပြီး
စီးပွားရှာ၊ အကျိုးအမြတ်ရှာတဲ့ နိုင်ငံတော်နှင့်ဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက များနှင့်ဆိုင်ရာ
စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံသားတိုင်းကို ပါဝင်စေခြင်းဖြင့် နိုင်ငံတော်ရဲ့ပိုင်ဆိုင်မှုနှင့်
အကျိုးအမြတ်ကို မျှဝေခံစားစေရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံ့မြေ၊ နိုင်ငံ့ရေနဲ့
နိုင်ငံ့သံယံဇာတတွေကို အရင်းပြု အကျိုးအမြတ်ရှာတဲ့ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတော်
အစိုးရက လမ်းကြောင်းပေး ထူထောင်စေရတယ်၊ ဒီစီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံသားတိုင်း
ပါဝင်လုပ်ကိုင်နိုင်ခွင့်ရဖို့ (အလုပ်ရဖို့) စီမံပေးရတယ်၊ ပါဝင်မှုနဲ့ ထိုက်တန်တဲ့ ခံစားခွင့်ရရန်လည်း
တောင်းဆိုပေးရတယ်။ နိုင်ငံသားတိုင်းအနေနှင့်လည်း အမိမြေရဲ့ ကြွယ်ဝမှုနှင့် အမိမြေမှ
ဖြစ်ထွန်းတဲ့ အကျိုးအမြတ်တွေကို ထိုက်တန်မျှတစွာ ခံစားနိုင်ရန် နိုင်ငံတော် အစိုးရက
စီးပွားရေးလုပ်ငန်းများကို စောင့်ကြပ်ပေးရပါတယ်။ စောင့်ကြပ်ပေးရာမှာလည်း နိုင်ငံသား
အလုပ်သမား၏ ၀န်ထမ်းတိုင်း မျှတစွာ ခံစားပိုင်ခွင့်ကို အာမခံချက်ပေးနိုင်မယ့် အနိမ့်ဆုံးသော
လစာသတ်မှတ် ထားပေးခြင်းရှိပါမယ်။ ဒီအနိမ့်ဆုံးသောလစာ သတ်မှတ်ထားချက်ဟာလည်း နိုင်ငံသားတိုင်းရဲ့
လူတန်းစေ့နေနိုင်မယ့် စားရေး၊ ၀တ်ရေး၊ နေရေး အခြေခံဖူလုံမှုအပြင် ဘာသာရေး၊ လူမှုရေး၊
ယဉ်ကျေးမှု ကဏ္ဍတို့မှာ ပါဝင်မြှင့်တင်စေနိုင်မယ့် အပိုဝင်ငွေ စုဆောင်းနိုင်ခွင့် အခြေအနေကိုလည်း
အာမခံချက်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနှင့် နိုင်ငံသားတိုင်းအတွက်
အလုပ်များကို ဖန်တီးပေးခြင်းဖြင့် နိုင်ငံ့ချမ်းသာမှုကို နိုင်ငံသားတိုင်း တရားမျှတစွာ
မျှဝေခံစားစေနိုင်မည့်အပြင် မလိုလားအပ်သော ခိုးမှု၊ လုယက်မှု၊ ဓားမြတိုက်မှု စသည့် ဒုစရိုက်လုပ်ငန်းများကို
ဖယ်ရှား ပေးနိုင်မှာ ဖြစ်ပါတယ် (ညွှန်း- ဧဖက် ၄း၂၈၊ တမန် ၂၀း ၃၅)။ ထို့အပြင် အလေလိုက်
ပျက်စီးနေမယ့် အနာဂတ် နိုင်ငံ့ခေါင်းဆောင် လူငယ်အများအပြားကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
လူ့တန်ဖိုး...လူ့ဂုဏ်သိက္ခာ
အလုပ်ဟာ လူ့တန်ဖိုး၊
လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါတယ်။ လူ့တန်ဖိုး၊
လူ့ဂုဏ် သိက္ခာကို မြှင့်တင်ပေးတယ် ဆိုရာမှာလည်း အလုပ်ဟာ လူအဖြစ်နဲ့မှန်ကန်သင့်လျော်တဲ့
အလုပ်ဖြစ်ဖို့ အလုပ်ရှင်ဖက်က အာမခံချက်ပေးနိုင်ရမှာ ဖြစ်သလို အလုပ်သမား အနေနှင့်လည်း
တာဝန်သိစိတ်နဲ့ မှန်ကန်ဖြောင့်မတ်စွာလုပ်ဆောင်ဖို့ အဆင်သင့်ရှိရမှာ ဖြစ်ပါတယ်။အလုပ်ရှင်ကဖြစ်စေ၊
အလုပ်သမားကဖြစ်စေ အလုပ်၏ ထိုက်တန်မှုကို လေးစားခြင်း၊ အလုပ်၌ ပေးဆပ်ရမှုကို တန်ဖိုးထားခြင်းဟာလည်း
လူရဲ့ ကောင်းမြတ်ခြင်းသဘောကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ ဤကောင်းမြတ်ခြင်းကို အသိအမှတ်ပြု
လက်ခံဖော်ဆောင် ပေးခြင်း၊ မြှင့်တင်ပေးခြင်းဟာ ကိုယ်ကျင့်တရားပါပဲ။ ကိုယ်ကျင့်တရားနဲ့
ပြည့်ဝတဲ့ အလုပ်ရှင်နှင့်အလုပ်သမားကြားက အလုပ်ဟာလည်း လူ့ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးကိုမြှင့်တင်ပေးပြီး
လူသား ကောင်းကျိုးကို အစဉ်အမြဲ ဖြစ်ထွန်းစေပါတယ်။
A.သက်ထွေးအောင်