ဒီမိုကရေစီဆိုတာ
အစွန်းကွက်မဲ့ နိုင်ငံရေးစနစ်လား
ဒီမိုကရေစီဆိုတာ အုပ်ချုပ်ရေးစနစ် တစ်ခုဖြစ်တယ်။
သူကိုယ်နှိုက်က ပန်းတိုင် မဟုတ်ဘူး။ ပန်းတိုင်တစ်ခုအတွက် အသုံးပြုစရာ ယာဉ်တစ်ခုသာ ဖြစ်တယ်။
ဘုရားသခင် ကလည်း လူသားတွေအတွက် ဘယ်အုပ်ချုပ်ရေးစနစ်ကိုမျှ ပြဋ္ဌာန်း ပေးတော်မမူခဲ့ပါဘူး။
ဒါကြောင့် အများကောင်းကျိုးဆိုတဲ့ ပန်းတိုင်ကို တိုက်ရိုက် ဦးတည်စေမယ့် ဘယ်အုပ်ချုပ်ရေးစနစ်
ကိုမဆို သာသနာတော် အနေနဲ့ ကောင်းတယ်လို့ ယေဘူယျအားဖြင့် လက်ခံထားပါတယ်။
တိုင်းပြည်အာဏာ
ဆိုတာကလည်း သူ့သဘော သဘာဝအားဖြင့် အများကောင်းကျိုးအတွက် တည်နေရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး
စနစ်တစ်ခုက အခြားအုပ်ချုပ်ရေး စနစ်တစ်ခုထက် အများကောင်းကျိုးကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေး
နိုင်မယ်ဆိုလျှင် အဲဒီအုပ်ချုပ်ရေး စနစ်က ပိုကောင်းတယ်…
ပိုပြီး သဘောကျစရာအကြောင်း ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားဖြစ်တဲ့ ကက်သလစ်ဘာသာဝင်တွေ
အနေနဲ့လည်း မိမိတို့ ကြိုက်တဲ့ အုပ်ချုပ်ရေး စနစ်ကို လွတ်လပ်စွာ နှစ်သက်ခွင့်ရှိပါတယ်။
သို့ပေမယ့်လည်း သာသနာတော် အနေ နဲ့ ဘယ်အုပ်ချုပ်ရေးစနစ်က ဘယ်လို ကောင်းကျိုးတွေရှိပြီး
ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်တယ် ဆိုတာကိုတော့ ပြောပြပေးပါတယ်။
လက်ရှိအုပ်ချုပ်ရေး စနစ်တွေထဲမှာ
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က ပိုနှစ်သက်စရာ ဖြစ်တယ် ဆိုပေမယ့်လို့ ဒီစနစ်မှာလည်း ဆိုးကျိုးတွေ ရှိနိုင်ကြောင်း သာသနာတော်က
သတိပေးထားပါတယ်။
နိုင်ငံရေးဆုံးဖြတ်ချက်
(အများကောင်းကျိုးအတွက် ဆုံးဖြတ်ချက်) တွေမှာ လူထုတွေကို ပါဝင်ခွင့်ပေးထားမယ်၊အုပ်ချုပ်မယ့်သူတွေကို
အုပ်ချုပ်ခံသူတွေကိုယ်တိုင် ရွှေးချယ်ခန့်အပ်ပိုင်ခွင့် ရှိနေမယ်ဆိုလျှင် ဒီမိုကရေစီစနစ်ကို
တန်ဖိုးထားရမယ်လို့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်-၂ က မိန့်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း
စစ်မှန်တဲ့ ဒီမိုကရေစီအကြောင်း မိန့်ခဲ့ပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီမှာ ဥပဒေစိုးမိုးမှု
ရှိရမယ်၊မှန်ကန်တဲ့ လူသားဝါဒ ရှိရမယ်။ လူသားတစ်ယောက်အနေနဲ့ ဖွံဖြိုးရင့်ကျက်ဖို့ ပညာသင်ယူနိုင်တဲ့
အခွင့်အလမ်းတွေ ရှိရမယ်၊ကောင်းမြတ်တဲ့ အယူအဆတွေကို လေ့လာဆည်းပူး နိုင်တဲ့ အခြေအနေတွေရှိရမယ်။
နိုင်ငံသားအားလုံး ပါဝင်နိုင်ပြီး တာဝန်အတူမျှဝေ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကိုလည်း
ဖန်တီးထားပေးနိုင်ရမယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုပါတယ်။
စစ်မှန်တဲ့
ဒီမိုကရေစီနှင့် မစစ်မှန်တဲ့ ဒီမိုကရေစီကို ခွဲခြားတဲ့အခါ သာသနာတော်အနေနဲ့ စနစ်ရဲ့
အနစ်သာရကို ကြည့်ပြီး ခွဲခြားပါတယ်။ ဒီစနစ်က အများကောင်းကျိုးကို မြှင့်တင်ပေးရဲ့လား။
ဥပဒေစိုးမိုးမှု ရှိရဲ့လား။ လူ့ဂုဏ်သိက္ခာကို တကယ်ပဲ နားလည်၊တကယ်ပဲလေးစားရဲ့လား။ သဘာဝက
ပြဋ္ဌာန်းပေးလာပြီး ကိုယ်ကျင့်တရားအပေါ် အခြေခံတဲ့ လူ့အခွင့်အရေးတွေကို အသိအမှတ်ပြုရဲ့လား။
မှန်ကန်တဲ့ လူသားဝါဒနဲ့ လူသားတွေကို အကျိုးပြုရဲ့လား။ အခွင့်အရေးကို ကိုယ်ကျင့်တရားထက်၊
အမှန်တရားထက် ဦးစားပေးနေသလား။ တစ်နည်းအားဖြင့် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ လုပ်ထုံး
လုပ်နည်း၊ ဖွဲ့စည်းပုံ ဖွဲ့စည်းနည်း တွေရဲ့ အဓိကရလာဒ် မဟုတ်ဘဲ ယုံကြည်လက်ခံတဲ့ အနှစ်သာရတန်ဖိုးတွေရဲ့
အသီးအပွင့်ဖြစ်ရဲ့လား ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီအနှစ်သာရတန်ဖိုးတွေက လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးကို
လေးစားခြင်း၊ ကိုယ်ကျင့်တရားကို အခြေခံခြင်း၊ အများကောင်းကျိုးကို ရှေ့ရှုခြင်း စတာတွေဖြစ်ပါတယ်။
ဆိုးကျိုးဖြစ်လာနိုင်မယ့်
ဒီမိုကရေစီ အခြေအနေကိုလည်း သာသနာတော်အနေနဲ့ သတိပေးထားပါတယ်။ ဒီမိုကရေစီမှာ ၎င်းရှိထိုက်တဲ့
ယုံကြည်မှု တန်ဖိုးတွေ မရှိဘူးဆိုလျှင် လူထုရဲ့ အာဏာဟာ အများသဘောတူညီမှု အပေါ် သက်သက်၌သာ
တည်ပြီး အများစုနိုင်တဲ့ လူထုအာဏာရှင် ဖြစ်လာနိုင်ပါတယ်။ ကောင်းတယ်၊ ဆိုးတယ်ဆိုတဲ့
တူညီတဲ့ ယုံကြည်ချက်တွေ ပျောက်တဲ့အခါ၊ ကိုယ်ကျင့်တရားကို တူညီစွာအလေးမထားတော့တဲ့အခါ
အများသဘောတူ ဆိုတာက ဖြစ်ချင်တဲ့ဟာတိုင်းကို အမှန်လို့ သတ်မှတ်လာစေနိုင်တယ်။ အများသဘောနဲ့
လူနည်းစုကို အနိုင်ကျင့်တာမျိုး၊ အန္တရာယ်ပြုတာမျိုး သာမက လူမဆန်စွာ ပြုကျင့်တာမျိုးတွေအထိ
ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်စေ
ဘယ်အုပ်ချုပ်ရေးစနစ်မျှ လုံးဝဥဿုံ ကောင်းတယ် ပြည့်စုံတယ် ဆိုတာတော့ မရှိနိုင်ပါဘူး။
အများလူထု သဘောတူနဲ့ အလုပ်လုပ်ကြရတဲ့ ဒီမိုကရေစီ စနစ်အတွက် အန္တရာယ်စည်းကတော့ အမှားကို
အမှန်ယူဆ၊ အမှန်ကို အမှားယူဆပြီး အများသဘောတူ ဆုံးဖြတ်မိကြမယ့် အရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ
ကောင်းတာ ဆိုးတာလေးတွေတော့ ဒွန်တွဲ ရှိနေတတ်ပေမယ့် ဆိုးကျိုးဖြစ်နိုင်မယ့်အရာတွေကို
ဥပဒေ စိုးမိုးမှုဖြင့် ကာကွယ် ထိန်းညှိထားနိုင်သရွေ့တော့ ဒီစနစ်က လူသားတွေကို ကောင်းကျိုးပြုနေအုံးမှာ
ဖြစ်ပါတယ်။ လူသားတွေကို ကောင်းကျိုးပြုတယ် ဆိုတာကလည်း အုပ်ချုပ်ရေးစနစ်တစ်ခုရဲ့ မှန်ကန်တဲ့
ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
A. သက်ထွေးအောင်