လူမှု တရားမျှတခြင်း



လူမှု တရားမျှတခြင်း

 

လူမှုတရားမျှတခြင်း ဆိုတာ လူဘောင်အဖွဲ့ အစည်းတစ်ခုရဲ့ စည်ပင်ဝပြောရေး (စီးပွားရေး)ကို ရည်ညွှန်းပါတယ်။ လူမှုတရားမျှတခြင်းရှိတယ်လို့ ဆိုလျှင် စည်ပင်ဝပြောလာဖို့ အတူလုပ်ဆောင်ရတဲ့ သူတွေအကြား မျှတတဲ့ခွဲဝေမှုရှိခြင်း လို့ဆိုလိုပါတယ်။ စီးပွားရေးမှာ စီမံအုပ်ချုပ်သူတွေက မတရား အလွန်အကျူး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေမယ်ဆိုလျှင် လူ့ဘောင်တစ်ခုလုံးရဲ့ စီးပွားရေး ရေရှည် ဆက်လက်ဖွံ့ဖြိုးဖို့ အနှောင့်အယှက်ဖြစ်စေသလို အလုပ်သမားဘက်ကလည်း မတရားလုပ်အားခတွေ ရနေပြီး အကျိုးဖြစ်ထွန်းမှုတွေ နည်းနေမယ်ဆိုလျှင်လည်း လူ့ဘောင်တစ်ခုရဲ့ ရေရှည်စီးပွားရေးကို အန္တရယ်ဖြစ်စေပါတယ်။ စီးပွားရေးအကျိုးအမြတ်တွေ တစ်ဦးဦးဆီ သို့မဟုတ် အဖွဲ့တစ်ခုဆီသို့ တစ်ဖက်စောင်းနင်း မတရား ပါနေတာဟာ လူမှုတရားမျှတခြင်း မရှိတာပါပဲ။ ဆင်းရဲသူနဲ့ ချမ်းသာတွေအကြား ကြီးမားတဲ့ ကွာဟမှု ဖြစ်နေခြင်းဟာ လူမှုတရားမျှတခြင်းမရှိတဲ့ ပြယုဒ်တစ်ခုဖြစ်ပါတယ်။

လူမှုတရားမျှတခြင်းဟာ နိုင်ငံတစ်ခုရဲ့ ချမ်းသာကြွယ်ဝမှုကို ၎င်းတိုင်းနိုင်ငံတစ်ခုထဲမှာရှိတဲ့ ပြည်နယ်၊ ဒေသ၊ တိုင်းတွေအကြား သင့်တင့်လျောက်ပတ် စွာ၊ မျှတစွာ ခွဲဝေပေးခြင်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်က သော်လည်းကောင်း၊ လက်တစ်ဆုပ်စာ လူနည်းစုက သော်လည်းကောင်း တိုင်းပြည်တစ်ခုလုံးရဲ့ ကြွယ်ဝမှုကို ချုပ်ကိုင်ခြယ်လှယ်ထားပြီး တိုင်းသူပြည်သား အများစုဟာ ဆင်းရဲတွင်းထဲ ငတ်ပြတ်နေကြရတယ်ဆိုရင် ဒါဟာ  လူမှုတရားမျှတခြင်း မရှိတာပါပဲ။

တိုင်းနိုင်ငံတစ်ခု အတွင်းမှာအတူအသက်ရှင်ကြတဲ့ ရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေအကြား၊ စက်မှုလုပ်ငန်းရှင်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေအကြား၊ တိုးတက်နေတဲ့ ဒေသနဲ့ တိုးတက်မှု နှေးကွေးတဲ့ ဒေသတွေအကြား တိုင်းပြည်ရဲ့ ကြွယ်ဝမှု ချိန်ခွင်လျှာ ညီမျှစေဖို့ လူမှုတရားမျှတခြင်းက တောင်းဆိုပါတယ်။တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံတွေ အနေနဲ့လည်း လူသားတွေအားလုံး လူသားဆန်ဆန် အသက်ရှင် နေနိုင်ရေးအတွက် တိုးတက်မှု နှေးကွေးလွန်းနေတဲ့နိုင်ငံတွေကို ကူညီဖို့ လူမှုတရားမျှတခြင်းက တောင်းဆိုပါတယ်။အကြမ်းဖျင်းအားဖြင့် လူမှုတရားမျှတခြင်းဆိုတာ လူဘောင်အတွင်းရှိ လူသားများအား သင့်တင့်လျောက်ပတ်သော၊ ထိုက်သင့်သော၊ မျှတသော အကျိုးစီးပွား ခွဲဝေပေးမှုကို ဆိုလိုပါတယ်။

တရားမျှတခြင်းနှင့် ချင်ခြင်းမေတ္တာ
တရားမျှတမှု မရှိလျှင် လူ့ဘောင်တစ်ခုတည်ငြိမ်ဖို့ လူ့ဘောင်တစ်ခု ရေရှည်ငြိမ်းချမ်းနေဖို့နဲ့ ဖွံဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တရားမျှတမှု မရှိခြင်းရဲ့ ဆိုးကျိုးတရားတွေကို ကရုဏာလုပ်ငန်းတွေနဲ့ မည်မျှပင် ဖြည့်စွက်ပြင်ဆင်စေကာမှု မတရားမှုကြီးက ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။ ကရုဏာလုပ်ငန်းတစ်ဖက်လုပ်ရင်း အခြားတစ်ဖက်မှာလည်းပဲ မေတ္တာကိုအခြေခံတဲ့ တရားမျှတမှုကို ဖြစ်ထွန်းလာစေရမှာဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ တရားမျှတခြင်းဟာ တစ်ထပ်တည်း မကျပေမယ့် ဆက်နွယ်မှုရှိကြပါတယ်။ တရားမျှတခြင်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့ တောင်းဆိုမှုပါ။ ဒါပေမယ့် ချစ်ခြင်းမေတ္တာရဲ့  တောင်းဆိုမှုက တရားမျှတခြင်းရဲ့ တောင်းဆိုမှုထက် အတိုင်းဆမရှိ ပိုလွန်ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ တောင်းဆိုမှုတိုင်းဟာ တရားမျှတခြင်းရဲ့ တောင်းဆိုမှုမဖြစ်နိုင်သော်လည်းပဲ တရားမျှတခြင်းရဲ့ တောင်းဆိုမှုတိုင်းဟာ ချစ်ခြင်းမေတ္တာရဲ့ တောင်းဆိုမှုဖြစ်ပါတယ်။ တရားမျှတခြင်းလုပ်ရပ်တွေဟာ မေတ္တာတရားရဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ အမှန်တော့ တရားမျှတခြင်းဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်ပါတယ်။

အကယ်၍ ဘုရားအပေါ် မေတ္တာထား ချစ်မြတ်နိုးတယ် ဆိုတာကို လူတွေအပေါ် မေတ္တာထားချစ်မြတ်နိုးခြင်းနဲ့ သက်သေထူရမယ်ဆိုရင် လူတွေအပေါ်ချစ်မြတ်နိုးတယ်ဆိုတာကို တရားမျှတခြင်းနဲ့ သက်သေထူကြရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တရားမျှတခြင်းဟာ လူတွေ နေ့စဉ်လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ တောင်းဆိုမှု ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။တရားမျှတခြင်းဟာ လူတစ်ယောက်ကို စုံလင်ပြည့်ဝတဲ့ လူသားတစ်ယောက်အဖြစ် ရှင်သန်ခွင့်ပေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ အစေခံမှုပဲ ဖြစ်ပါတယ်။

ဖန်ဆင်းခြင်းနှင့်  တရားမျှတခြင်း
ဖန်ဆင်းခြင်းရဲ့  အထွတ်အထိပ်ဟာ ဘုရားရဲ့ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရတဲ့ လူသားပဲ ဖြစ်ပါတယ် (ညွှန်း-ကမ္ဘာ ၁း ၂၆-၂၇)။  ကွဲပြားတဲ့လူမျိုး... ကွဲပြားတဲ့ နိုင်ငံသားရယ်လို့ မဖြစ်မီ၊ အလုပ်သမား... အလုပ်ရှင်ရယ်လို့ မပေါ်ပေါက်မီ ကတည်းက လူမှာ ဖျောက်ဖျက်လို့မရတဲ့၊ နှုတ်ပယ်လို့မရတဲ့ တူညီတဲ့ လူဂုဏ်သိက္ခာဆိုတာ ရှိနေပြီးသား ဖြစ်ပါတယ်။ လူသားတိုင်း ကမ္ဘာမြေကြီးကို စောင့်ရှောက်ဖို့ တာဝန်ရှိသလို လူသားတိုင်းလည်း ကမ္ဘာမြေကြီးရဲ့ ကျေးဇူးကို ခံစားခွင့်ရှိပါတယ် (ညွှန်း-ကမ္ဘာ ၁း ၂၈၊ ၂း ၁၅)။ ဖန်ဆင်းခြင်းဆို တာ ဘုရားပေးလက်ဆောင် တစ်ခုပါ။ ဤဖန်ဆင်းခြင်းကနေလာတဲ့ ဘုရားပေးလက်ဆောင်တွေကို လူသားတိုင်း မျှတစွာ ရယူခံစားပိုင်ခွင့်ရှိပါတယ်။

ယေဇူးခရစ်တော်နှင့် တရားမျှတခြင်း
ယေဇူးခရစ်တော်ဟာ ဘုရားရဲ့ နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူခဲ့ပါတယ်။ အဲဒီဘုရားရဲ့ နိုင်ငံတော်ဟာ ဘုရားရဲ့ စိုးစံတော်မူခြင်းကို ရည်ညွှန်းပါတယ် (ညွှန်း-မာတေး ၁း၉-၁၄)။ ဘုရားရဲ့ စိုးစံမှုဟာ နေ့တဓူဝ လူ့ဘ၀ကိုလွှမ်းမိုးမှု ရှိပါတယ်။ လူ့နှလုံးသားထဲမှာ၊ လူ့အဖွဲ့စည်းထဲမှာ ဘုရားစိုးစံနေတော်မူခြင်း၊ ဘုရားရဲ့ တရားတော် စိုးမိုးနေခြင်းဟာ ပြောင်းလဲနေတဲ့ဘ၀၊ ငြိမ်းချမ်းတဲ့ဘ၀၊ မျှတမှုရှိတဲ့ဘ၀ကို ဖြစ်ပေါ်စေပါတယ်။

ယေဇူးအရှင်မြတ်ဟာ မတရားမှုကို အသက်သွင်းစေမယ့် လောကီအာဏာ၊ လောကီဂုဏ်နဲ့ လောကီ ပကာသန တပ်မက်ခြင်းတွေကို မိမိကိုယ်တိုင်တွန်းလှန်ပြတော်မူပြီး လူသားတွေကို သတိပေးတော်မူပါတယ် (ညွှန်း-မာတေး ၄း ၁-၁၁)။ လောကဥစ္စာဘဏ္ဍာကို အကျိုးမဲ့ သိုမှီး နေမှုကိုလည်း အပြစ်တင်ခဲ့ပါတယ် (ညွှန်း-မတေး ၆း ၁၉)။ ကိုယ်တော်၏ တပည့်သာဝကများကိုလည်း မနက်ဖြန် လိုအပ်မယ့် လောကီအရာတွေအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဘုရားနှင့် ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြဖို့ ဆုံးမတော်မူပါတယ် (ညွှန်း-မာတေး ၆း ၂၅-၃၃)။ ယေဇူးခရစ်တော်ရှင်ဟာ မိမိ၏ ကရုဏာတရားဖြင့် ဘာသာရေးနှင့် လူမှုရေးမှာ ခွဲခြားဆက်ဆံခံရသူများအတွက် ရပ်တည်ပေးတော်မူခဲ့ပါတယ် (ညွှန်း-လု ၇း၃၆-၅၀၊ ၁၅း ၁-၂)။ ကရုဏာတရားနှင့် တရားမျှတခြင်းတွေကို ရှောင်ရှားဖို့ဘာသာတရားကို လက်တစ်လုံးခြား ခုတုံးလုပ် အလွဲသုံးစား ပြုနေသူများကိုလည်း ပြင်းထန်စွာ ရှုပ်ချတော်မူ ခဲ့ပါတယ် (ညွှန်း-မာကု ၇း ၉-၁၃၊ မာတေး ၂၃း ၂၃)။ ကောင်းသော ဆမာရိလူတစ်ဦးအကြောင်း ပုံပြင်ခင်း၍ ပြောပြရာမှာလည်း (လု ၁၀း၂၅-၃၇) ဘုရားနဲ့ လူသားအပေါ် မေတ္တာထား ချစ်ရာတွင် မေတ္တာကို အသက်ဝင်စေတာသည် ကရုဏာထား အစေခံခြင်း လုပ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြ တော်မူခဲ့ပါတယ်။

ကက်သလစ်သာသနာတော်၏ ယုံကြည်ချက်နှင့် တရားမျှတမှု
သာသနာတော်အနေနဲ့ လူမှုတရားမျှတရေးဖြစ်ထွန်းဖို့အတွက် စီးပွားရေးလုပ်ငန်းမှာ အမြတ်ထက် သို့မဟုတ် ထုတ်လုပ်မှုထက် လူကိုဦးစားပေးတန်ဖိုးထားရမယ်လို့ ယုံကြည်ပါတယ်။ စီးပွားရေးဟာ လူသားတစ်ယောက်ရဲ့ လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးရဲ့လား၊ ဒါမှမဟုတ် ဖျက်ဆီးနေလားဆိုတာကို စဉ်းစား ချင့်ချိန်ဖို့ လိုပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အခြားလူသားတွေကို ကူညီပေးနိုင်သလို ဒုက္ခလည်းပေးနိုင်ပါတယ်။ မိသားစုတွေကို မြှင့်တင်ပေးနိုင်သလို ဖရိုဖရဲပျက်စီးစေနိုင်ပါတယ်။ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်သလို မတရားမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

စီးပွားရေးဟာ လူ့ဂုဏ်သိက္ခာကို လေးစားရပါမယ်။ ဖန်ဆင်းခံ လူသားတိုင်းမှာ တူညီတဲ့ လူ့ဂုဏ်သိက္ခာ အသီးသီး ရှိကြပါတယ်။ ဒီလူ့ဂုဏ်သိက္ခာကိုထောက်ပြီး လူတိုင်းရဲ့  ထိုက်သင့်မှုကို လေးစားရမှာ ဖြစ်ပါတယ်။ လူ့သားအကျိုးစီးပွားကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ စီးပွားရေးဟာ လူအတွက် ဘာလုပ်ပေးနေတယ်၊ လူတွေကို ဘာလုပ်ပေးနေတယ်၊ လူတွေအားဖြင့် ဘယ်လိုလုပ်နေတယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး ဒီစီးပွားရေးစနစ်ဟာ လူမှု တရားမျှတရေးကို ဖြစ်ထွန်းစေပါတယ်။
စီးပွားရေးဟာ လူတွေအတွက်ဖြစ်ပါတယ်။ လူတွေကို စီးပွားရေးအတွက် မဖြစ်စေရပါဘူး။ စီးပွားရေးဟာ လူတွေရဲ့ လိုအပ်မှုကို ဖြည့်ဆည်းကူဖို့ ဖြစ်ပါတယ်။ စီးပွားရေးအောင်မြင်ဖို့အတွက် လူတွေကို စတေးကြတာမျိုး မဖြစ်ရပါဘူး။လူတွေဟာ ကုန်သွယ်စည်းပွားမှုအတွက် အသုံးခံပစ္စည်းမဟုတ်ပါဘူး။စီးပွားရေးမှာ လူ့တန်ဖိုးကို မလေးစားဘဲ လူတွေကိုပစ္စည်းလို အသုံးပြုခြင်းဟာ လူတိုင်းရဲ့ ထိုက်တန်မှု၊လေးစားခံခွင့်၊ ရပိုင်ခွင့်၊ မျှဝေခံစားနိုင်ခွင့် တွေကိုချိုးဖောက်နေပြီး လူမှုတရားမျှတရေးကို ဥပေက္ခာ ပြုနေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် လူမှုတရားမျှတရေး ဖြစ်ထွန်းစေဖို့အတွက် စီးပွားရေးနယ်ပယ်မှာ လူ့တန်ဖိုးကို အလေးထား အခြေခံကြဖို့ မေတ္တာတရားရှေ့ထားကြဖို့ သာသနာတော်ကြီးက အမြဲတစေ တိုက်တွန်းပါတယ်။
လူထုစီးပွားရေးကို အကောင်အထည်ဖော်လုပ်ဆောင်ရာမှာ လူမှုတရားမျှတရေးဖြစ်ပေါ်ရန်အတွက် အောက်ပါ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားရမယ်လို့လည်း သာသနာတော်က ယုံကြည်ထားပါတယ်။
(က) အားလုံးသော လူသားများဟာ လူသားဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်ရန် တာဝန်ရှိပြီး ဖွံ့ဖြိုးမှုမှ ရလာမည့် အကျိုးအမြတ်များကို မျှဝေ ခံစားခွင့် ရှိရပါမယ်။ ဆိုလိုတာက နိုင်ငံ့စီးပွားရေးမှာ နိုင်ငံသားအားလုံးကို ပါဝင်စေရပြီး သူတို့ရဲ့ ပါဝင်နိုင်မှုနဲ့ ထိုက်တန်တဲ့ ခွဲဝေပေးမှုကို အာမခံပေးရပါမယ်။
(ခ) နိုင်ငံသားအားလုံးရဲ့ လိုအပ်ချက်ဟာ နိုင်ငံ့စီးပွားရေးရဲ့ တွန်းအားဖြစ်နေရပါမယ်။ ဆိုလိုတာက တစ်ဦးတစ်ယောက်၊ အဖွဲ့စည်းတစ်ခု၊ လူနည်းစု တစ်စုရဲ့ လိုအပ်ချက်အတွက် မဟုတ်ဘဲ  နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသားတိုင်းရဲ့ လိုအပ်မှုကို ရှေ့ရှုတဲ့ စီးပွားရေးစနစ် ဖြစ်ရပါမယ်။ 
(ဂ) အဆင့်အတန်း၊အခြေအနေ၊ နေရာဒေသ အသီးသီးမှ နိုင်ငံသားတိုင်း နိုင်ငံ့ဖွံဖြိုးရေးလုပ်ငန်းမှာ ထိုက်သင့်တဲ့ နေရာနဲ့ ပါဝင်နိုင်ခွင့် ရှိရပါမယ်။
(ဃ) ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို အများကောင်းကျိုးအတွက် စေတနာ ထားမျှဝေပေးနိုင်ရပါမယ်။
(င) မရှိ ဆင်းရဲသားတွေရဲ့ အရေးကို ဦးစားပေးရပါမယ်။
(စ) စီးပွားရေး လုပ်ငန်းများဟာ သဘာဝ ပတ်ဝန်းကျင်ကို အလေးထားပြီး၊ သဘာဝ သံယံဇာတပစ္စည်းများကို အမြော်မြင်ကြီးစွာနဲ့ ချွေတာသုံးစွဲရမှာဖြစ်ပါတယ်။

လောကနိဗ္ဗာန်နှင့် လူမှုတရားမျှတခြင်း
တကယ်တော့ လူမှုတရားမျှတခြင်း ဖြစ်ထွန်းလာဖို့ တစ်နည်းအားဖြင့် နိုင်ငံ့အကျိုးစီးပွားကို နိုင်ငံသားတိုင်း မျှမျှတတ ခွဲဝေရရှိနိုင်ဖို့ဆိုတာ လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့တန်ဖိုးလေးစားမှုကို အခြေခံထားဖို့ ပါပဲ။ လူသားတိုင်းကို လူသားလိုလေးစားနိုင်မှ၊ မေတ္တာထားနိုင်မှသာလျှင် လူသားအယောက်စီတိုင်း၏ အကျိုးကို ဗဟိုပြုတဲ့ စီးပွားရေးစနစ်တွေ၊ စီးပွားရေး အခွင့်အရေးတွေပေါ်ပေါက်လာပြီး စီးပွားရေးရဲ့ အကျိုးအမြတ်တွေကို သင့်တင့်လျောက်ပတ်စွာ၊ မျှတစွာ ခွဲဝေပေး နိုင်ကြမှာဖြစ်ပါတယ်။ ဤကဲ့သို့ ခွဲဝေပေးနိုင်မှသာလျှင် ဆင်းရဲသူနဲ့ ချမ်းသာသူအကြား မတရားကွာဟမှုကြီးတွေ ပပျောက်ပြီး လူမှုတရားမျှတရေးလည်း ထွန်းကားလာမှာဖြစ်ပါတယ်။ လူမှုတရားမျှတခြင်းရှိမယ်ဆိုလျှင် လူ့ဘောင်ဟာ ရေရှည်တည်တံ့ ဖွံဖြိုးပြီး ငြိမ်းချမ်းပျော်ရွှင်စရာကောင်းတဲ့ မြင်နိုင်၊ ထိတွေ့နိုင်တဲ့ ကောင်းကင်ဘုံကို ဒီလောကမှာပင် အိပ်မက်နိုင်ကြမှာ ဖြစ်ပါတယ်။

A.သက်ထွေးအောင်