ဆုတောင်းခြင်းနှင့် ကျင့်ကြံ အားထုတ်ခြင်း



ဆုတောင်းခြင်းနှင့် ကျင့်ကြံ အားထုတ်ခြင်း


လူသည် အားနည်းသော သတ္တ၀ါဖြစ်သည်။ လူ၏ စွမ်းဆောင်နိုင်မှုသည် အကန့်သတ်နှင့်သာရှိသည်။  မိမိကိုယ်ကို မိမိ အစိုးမရပေ။ မိမိသည် အတိုင်းထက်အလွန် စွမ်းဆောင် လုပ်ကိုင်နိုင် သော်ငြားလည်း မည်သည့်အချိန်တွင် မိမိခန္ဓာကိုယ် ကျန်းမာရေး ဖောက်ပြန်၍ မိမိစွမ်းဆောင်နိုင်မှုရပ်တန့်သွားရမည်ကို မသိရပေ။ ၏၊ သည် မရွေး ကျက်မှတ်လေ့လာ နိုင်စွမ်းသော်လည်း မည်သည့်အချိန်တွင် မိမိ၏ ဦးနှောက် ဖောက်ပြန်၍ ရူးသွပ်ခြင်းနှင့်အတူ မိမိ ဉာဏ်ပညာများ အဆုံးသတ်သွားမည်ကို မသိရပေ။ စီမံကွပ်ကဲ နိုင်စွမ်းရှိသော်လည်း မည်သည့်အချိန်၌ မည်သို့သော အဖျက်အမှောင့် ပယောဂကြောင့် မိမိ စီစဉ်ထားသည်များ ကစဥ့်ကလျားဖြစ်ရမည်ကို မသိရပေ။ လူတွေ စွမ်းဆောင်နိုင်သည် ဆိုသည့် လုပ်ဆောင်မှုတိုင်း၌ ဤလုပ်ဆောင်မှု အမှန်တကယ် ပြီးမြောက် အောင်မြင်သွားရန် လူတွေ အစိုးမရနိုင်သော၊ လက်လှမ်းမမီသော တွန်းအားများ လိုအပ်နေပေသည်။ ထိုတွန်းအားများကို ပေးနိုင်သူမှာ ဘုရားသာလျှင်ဖြစ်သည်။ ထို့ကြောင့်လည်း လူသည် ဆုတောင်းရန် လိုအပ်သည်။ လိုအပ်သည့် အလျောက်လည်း ဘုရားထံဆုတောင်းကြသည်။

လူ၏တောင့်တမှု
တစ်ခုခုကိုရချင်သော၊ လိုချင်သော၊ တစ်ခုခုကို ဖြစ်ချင်သော စိတ်ဆန္ဒ လူတိုင်း၏စိတ်ဝယ် အစဉ်ကိန်းအောင်းနေပေသည်။ ထို့ထက် ထိုဆန္ဒလေးများကို ပြည့်ဝစေလိုသည့် ဆန္ဒလည်း လူတိုင်း၏ စိတ်တွင် ပျောက်မပြယ် အစဉ် အမြစ်တွယ်လျက် ရှိပေသည်။
လူသည် မိမိအားနည်းကြောင်း၊ အတိုင်းအတာ တစ်ခုထိသာ စွမ်းနိုင်ကြောင်းကို နှုတ်မှ မ၀န်ခံသည့်တိုင် အနည်းဆုံး စိတ်ထဲတွင်သိမှတ် လက်ခံထားပေသည်။ ထို့ကြောင့်လည်း မိမိ ပြည့်ဝစေလိုသည့် စိတ်ဆန္ဒ အားလုံးကို မိမိတစ်ယောက်တည်း လုပ်ယူဖြည့်ဆည်း စေနိုင်လိမ့်မည်ဟုလည်း လူသူတိုင်းစိတ်တွင် တစ်ထစ်ချယုံကြည်သိမှတ်မထားပေ။
ထိုသို့ မိမိအားနည်းကြောင်းကို စိတ်တွင်းမှ သိမှတ်ဝန်ခံထားသော လူသားသည် သိစိတ်ဖြင့် သော်လည်းကောင်း၊ မသိစိတ်ဖြင့် သော်လည်းကောင်း မိမိ အားကိုးရာ အဖော်ကို အမြဲရှာဖွေနေတတ်သည်။ ထိုသို့ ရှာဖွေရာ၌ လူတိုင်းသည် မိမိလို လူသားတွေသာ ဖြစ်သောကြောင့် မိမိလိုပင် သူတို့တတွေလည်း အားနည်းကြကြောင်း တွေ့မြင်ခံစားရ ပေသည်။ လောက၌ အကောင်းဆုံး၊ အဖြူစင်ဆုံး၊ အတော်ဆုံး၊ စွမ်းအားအကြီးဆုံး ဟုသမုတ်ခံထားရသော လူသတ္တ၀ါအပါအ၀င် အားလုံးသော အရာတို့သည် အားနည်းမှု၊ ချွတ်ယွင်းမှု အနာအဆာတွေနှင့်သာ ရှိနေသေးကြောင်းကို လူတိုင်း မကျေမနပ် တွေ့ကြုံခံစားရပေသည်။ ဤအတွေ့အကြုံမှ ရင့်ကျက်နေသော လူ့နှလုံးသားတိုင်းသည် ပြည့်စုံမှု၊ ကောင်းမြတ်မှု တို့ကို လုံးဝထပ်မလိုတော့ဘဲ ချွင်းချက်မရှိအပြည့်စုံဆုံးသော၊ အကြီးမြတ်ဆုံးသော၊ ဘုန်းတန်ခိုး အထက်မြက်ဆုံးသော စသည့်၊ စသည့် ၀ိသေသ ဂုဏ်တော်ပိုင်ရှင် တစ်ဦးကို အကြွင်းမဲ့ တောင့်တကြသည်။ ထိုပုဂ္ဂိုလ်မျိုး ရှိရမည်ဟုလည်း ဆက်စပ်တွေးခေါ်၍ ယုံကြည်ကြသည်။ ထိုပုဂ္ဂိုလ်သည် သဘာဝထက် သာလွန်ကြီးမြတ်ပြီး ဘုန်းတန်ခိုးနှင့် ပြည့်ဝလျက် အလုံးစုံကို တတ်နိုင်သူဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် မိမိအားကိုးရမည့်၊ မိမိခိုလှုံရမည့် အမှန်ကန်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် မိမိ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်စွမ်းသည်။ မိမိ လုပ်ဆောင်မှုတိုင်းကို ခလုတ်မထိ ဆူးမငြိစေဘဲ ခရီးဆုံးသည်အထိ တွန်းပို့ပေးနိုင်စွမ်းသည်။ ထိုသို့ ဖြည့်ဆည်း ကူညီပေးနိုင်ကြောင်းကိုလည်း လူတိုင်းက ယုံကြည်လက်ခံထားသည်။ ယုံကြည် လက်ခံသည့် အတိုင်းလည်း ထိုပုဂ္ဂိုလ်ကို တိုင်တည်၍ ဆုတောင်းကြသည်။

ဆုတောင်းခြင်းနှင့် လူသား
လူတိုင်းဆုတောင်းကြသည်။ လူသည်  ဗီဇခံအားဖြင့် ဆုမတောင်းဘဲ မနေနိုင်။ ဘ၀မှာ တစ်ကြိမ်တစ်ခါမျှ ဆုမတောင်းဖူးဟု ဆိုနိုင်သောသူ လောက၌ရှိမည် မထင်။ ဆုပန်သည်၊ ဆန္ဒပြုသည်၊ မည်သို့ပင်ဆိုစေ စိတ်တွင်းခံ၌ ဆုတောင်းပါသည် ဆိုသည်ကို မည်သူမျှငြင်းမရပေ။ ဆုတောင်းခြင်းသည် လူကဖန်တီး တီထွင်လိုက်သော ဓလေ့တစ်ခု မဟုတ်။ ၎င်းသည် သဘာဝထက် သာလွန် ကြီးမြတ်သော ဘုန်းတန်ခိုးတော်ရှင် ပုဂ္ဂိုလ်တော်မြတ်ကို သိမှတ်သော စိတ်မှ မွေးဖွားလာခြင်း ဖြစ်သည်။ဆုတောင်းခြင်းသည် အချည်းနှီး မဖြစ်။ ဖြူစင်ရိုးသားသော စိတ်နှလုံးနှင့် ဘုရားအပေါ် အပြည့်အ၀ယုံကြည်မှု ရှိနေလျှင် ဆုတောင်းခြင်း အမှုတိုင်းသည် အကျိုးသက်ရောက်မှု ရှိပေသည်။ ရှင်မာကုကျမ်း(၂၁း၂၂)၌ ယေဇူးမြွတ်ဆိုသည်မှာ "ယုံကြည်လျက် ပတ္တနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့ ရကြလိမ့်မည်" ဟူ၍ ဖြစ်သည်။

ဆုတောင်းခြင်းက မိမိအပေါ် ယုံကြည်မှု နည်းစေသလား
လူ့စွမ်းအားနှင့် လုံးဝမတတ်နိုင်တော့သည့် အခြေနေမျိုးအတွက် မဟုတ်ဘဲ သာမာန် လုပ်ငန်းကိုင်ငန်းနှင့် လူလုပ်နိုင်စွမ်းသော အသေးအမွှား ကိစ္စများတို့အတွက် ဆုတောင်းခြင်းသည် မိမိအပေါ် မိမိ ယုံကြည်မှုလျှော့နည်းစေကြောင်း အချို့က စိတ်ပညာ ရှုထောင့်မှ သုံးသပ် အငြင်းပွားကြသည်။ သို့သော် ဆုတောင်းခြင်းသည် ထိုသို့ မဟုတ်ဘဲ မိမိအပေါ် ယုံကြည်မှုကိုပင် တိုးပွားစေပါသည်။မိမိလုပ်နိုင်ပါသည်ဟု ထင်ရသော အမှုကိစ္စတို့အတွက် ဆုတောင်းသည်ဟုဆိုရာ၌ မိမိ လိုချင်၊ ရချင်၊ဖြစ်ချင်သည့်အရာကို တောင်းလျှောက်ပြီး၊ သူ့အလိုအလျောက် ဘွားကနဲ ပေါ်လာမည့် အဖြေကို ထိုင်စောင့်နေခြင်းမျိုး မဟုတ်။ မိမိဘက်၌ကလည်း အတတ်နိုင်ဆုံး ပါဝင်ကြိုးစား ရယူခြင်းမျိုးဖြစ်သည်။ ဆုတောင်းခြင်းဖြင့် ဘုရားငါ၌ရှိနေသည်၊ ဘုရားငါ့ကို ကူမည်၊ ငါ့ဆန္ဒကို ဘုရား အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးမည် ဟူသော ယုံကြည်မှုမျိုး ရှိနေ၍မိမိကိုယ်တိုင် ကြိုးစား လုပ်ယူရာ၌ မိမိအပေါ်မိမိ ပိုမို ယုံကြည်မှုရှိလာသည်။ မိမိစိတ်တွင် မျှော်လင့်ချက် ပိုမိုလင်းလက်လာပြီး ကြိုးစားချင်သည့်စိတ်ကလည်း ပိုမိုထက်သန်လာပေသည်။ ထို့ကြောင့် ဆုတောင်းခြင်းသည် မိမိအပေါ်မိမိ ယုံကြည်မှုကို မလျှော့နည်းစေသည်သာမက မိမိအပေါ်ယုံကြည်မှုကိုပင် ပိုမို တိုးပွားစေပါသည်။

ဆုတောင်းခြင်းအပေါ် သံသယံပွားစရာမရှိ
ဆုတောင်းခြင်းဆိုသည့် အမှုကို လူတိုင်း ပြုတတ်ကြသည်။ ဆုတောင်းသူတိုင်းသည် တန်ခိုးတော်ရှင် ဘုရားပုဂ္ဂိုလ်တော်မြတ်ကို သိမှတ်ကြသည်။ ဘုရား ဟုဆိုလျှင် သာမာန်လူတစ်ယောက်ဟုသာ မည်သူမျှ မမြင်ကြ။ ဘုရား ဟုဆိုလျှင် သဘာဝထက်သာလွန် ကြီးမြတ်သော ဘုန်းတန်ခိုးတော်ရှင် ဖြစ်သည် ဆိုသည်ကို လူတိုင်း၏စိတ်တွင် သိမှတ်လက်ခံထားကြပေသည်။ ထို့အတူ ဆုတောင်းသည် ဟုဆိုလျှင် စိတ်ဖြေရာသက်သက် မိမိဆန္ဒကို အဓိပ္ပာယ်မရှိရွတ်ဆိုနေခြင်းမျိုးမဟုတ်၊ ဘုရားရှင်ကို တိုင်တည်ပြီး မိမိဆန္ဒ ပြည့်ဝစေရန် တောင်းဆုပြုလိုက်ခြင်း ဖြစ်သည်။ဆုတောင်းခြင်းသည် အဘယ်သောအခါမျှ အချည်းနှီးမဖြစ်၊ အကျိုးလည်း မယုတ်စေပါ။ ဆုတောင်းခြင်းအကျိုးကို ခံစားရသူများ ဘာသာတိုင်း၊ ဘာသာတိုင်း၌ မရေမတွက် နိုင်အောင်ပင် ရှိနေကြသည်။ လူတိုင်း တွေ့နေ မြင်နေကျ ဆုတောင်းပြည့်... ဆိုသည့် စာတန်းကြီးသည်ပင် ဆုတောင်းခြင်းအပေါ် သံသယ ပွားစရာ မလိုကြောင်း အခိုင်အမာ သက်သေပြနေပေသည်။

ကျင့်ကြံ အားထုတ်မလား၊ ဆုတောင်းမလား
အောင်မြင်မှု တစ်ခုအတွက် ကိုယ် ကိုယ်တိုင် လုပ်မှ ဖြစ်သည်။ ကိုယ် ကိုယ်တိုင် ကျင့်မှ ရသည်။ ဟုတ်ပေသည်။ ပါရမီ ဖြည့်ဆည်း ကျင့်ဆောက် တည်ရာ၌လည်း မိမိ၏ ကျင့်ကြံအားထုတ်မှု မရှိမဖြစ် လိုအပ်သည်မှာ ငြင်းစရာမရှိပေ။ သို့သော်လည်း ကျင့်ကြံအားထုတ်မှုသည် အလိုအလျောက် ဖြစ်လာသည် မဟုတ်။ ကျင့်ကြံ အားထုတ်ရန် ဆန္ဒတော့ အမှန် ရှိရမည်ပင်။ ဆန္ဒဟု ဆိုရာ၌လည်း ဗီဇခံ သဘာဝကြောင့် လူ့စိတ်သည် ကောင်းရာ ဘက်ကို အစဉ်တိမ်းညွှတ် နေသည်မဟုတ်။ အမြဲတမ်း မကောင်းဘက်ကို တိမ်းညွှတ်နေတတ်ပေသည်။ ထို့ကြောင့်လည်း "ငါကိုယ်တိုင်ပြုမူသော အကျင့်တို့ကိုပင် ငါနားမလည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ငါပြုလုပ်လိုသည့်အတိုင်း မပြုကျင့်ဘဲ ငါရွံရှာ မုန်းတီးသော အမှုကိုသာ ပြုကျင့်၏" (ရော ၇း၁၅)ဟု ရှင်ပေါလု ကိုယ်တိုင် ၀န်ခံခဲ့ လေသည်။ လူသည် မိမိစိတ်ကိုပင် အစိုးမရနိုင်ခြင်းပင်ဖြစ်သည်။ ကောင်းသည်ကိုသိသည်။ ကောင်းသည့် အမှုကို ပြုကျင့်ရမည်ကိုလည်း သိသည်။ သို့သော် စိတ်ဆန္ဒက မလိုက်။ မကောင်းသည်ကို သိသည်။ မကောင်းသည့် အမှုကို ရှောင်ကြဉ် ရမည်ကိုလည်း သိသည်။ သို့သော် စိတ်ဆန္ဒက မနေ။ ထို့ကြောင့် လူသည် အကျင့်တစ်ခုကို မပြုခင်ကပင်လျှင် ဘုရား၏ကူညီမှုကို လိုအပ်နေပေ သည်။ ကောင်းသည်ကို မြတ်နိုးကျင့်ကြံလိုသည့် ဆန္ဒ၊ မကောင်းသည်ကို ရွံမုန်း ရှောင်ကြဉ်လိုသည့် ဆန္ဒရှိရန် ဆုတောင်းဖို့ လိုအပ်ပေသည်။ ထို့ထက်မက ကျင့်ကြံအားထုတ် နေစဉ်ကာလ စိတ်အား၊ ဉာဏ်အား၊ ကာယအား ရရှိထက်မြက်စေရန်လည်း ဆုတောင်းရန် လိုအပ်ပေသည်။ အကြောင်းမှာ လူသည် ဘုရားပေးသော ခွန်အားဖြင့် အရာရာကို စွမ်းဆောင် အောင်မြင်နိုင်သောကြောင့် ဖြစ်သည် (ညွှန်း-ဖိလိ ၄း၁၃)။ ထို့ကြောင့် လူသည် ကိုယ်ကျင့်သီလ ဆောက်တည်ရာ၌ ဆုတောင်းခြင်းဖြင့်သာ မကျေနပ်နိုင်သကဲ့သို့ မိမိခွန် မိမိအား တစ်ခုဖြင့်သာ ကျင့်ကြံ အားထုတ်နေ၍လည်းမရပေ။ ဆုတောင်းရင်းနှင့် ကျင့်ကြံအားထုတ်၊ကျင့်ကြံအားထုတ်ရင်းနှင့်  ဆုတောင်းခြင်းဖြင့် မိမိဘ၀ကို ဘုရားနှင့် အမြဲတစေပေါင်းစပ်ကာ စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးမည့် မြင့်မြတ်သော လူ့ဘ၀ဆီသို့  လှမ်းချီနေကြရမည် ဖြစ်ပေသည်။

A.သက်ထွေးအောင်