သနား၍လည်း မသတ်နှင့်
လူ့အသက်သည်
မြင့်မြတ် တန်ဖိုးရှိသည်။ ၎င်းင်းကို မည်သူမျှ ဖျက်ဆီးပိုင်ခွင့် မရှိပေ။ ဘုရားသခင် တစ်ပါးတည်းသာလျှင်
အသက်သခင်ဖြစ်တော်မူ သည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် အသက်၏ ရှင်ခြင်းနှင့်သေခြင်းကို
အစိုးရပိုင်ခွင့် ရှိတော်မူသည် (ညွှန်း-တရား ၃၂း ၃၉)။ မည်သည့် လူသား တစ်ဦးတစ်ယောက်မျှ
မိမိအသက်ကို သော်လည်းကောင်း တစ်ပါးသူ၏ အသက်ကို သော်လည်းကောင်း နှုတ်ယူပိုင်ခွင့် မရှိပေ။
"လူ့အသက်ကို မသတ်နှင့်" ဟုလည်း ပညတ်လာပေသည်။ ထို့ကြောင့် ဝေဒနာခံစားနေရသော
လူနာတစ်ဦးအား သနားသဖြင့် မိမိပယောဂကြောင့် တမင်သေစေခြင်းသည် လူသတ်မှုပင် ဖြစ်သည်။ ထို့အတူ
မိမိဝေဒနာများ မခံထမ်းလိုတော့၍ တစ်ပါးသူတစ်ဦးအား မိမိ၏ အသက်ကို တမင်နှုတ်ယူစေခြင်းသည်လည်း
မိမိအပေါ် မိမိသေကြောင်းကြံသည့် လူသတ်ပြစ်မှုပင် ဖြစ်သည်။
သနား၍သတ်သည်
ဟုဆိုရာ၌ ဝေဒနာခံစားနေရသူလူနာအားလည်းကောင်း၊ မျှော်လင့်ချက် မရှိတော့သည့် ရောဂါသည်လူနာအားလည်းကောင်း
သေစေနိုင်သော ဆေးရည်ကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းခြင်းဖြင့် အသက်ကို တမင်ရည်ရွယ် နှုတ်ယူလိုက်ခြင်းကို
ဆိုလိုသည်။ ၎င်းင်းသည် လူသတ်မှုပင်ဖြစ်သည်။ သို့သော်လည်း လူနာ၏ နာကျင်မှု ဝေဒနာကို သက်သာစေမည့်
ဆေးသည် ပြင်းလွန်း၍ လူနာ၏ သက်တမ်းကို တိုစေမည်
ဆိုသည့်တိုင် ထိုဆေးဖြင့် ကုသမှုကိုခံယူနိုင်သည်။ ကုသခံခွင့်လည်း ရှိသည်။ အကြောင်းမှာ
ဆေးသည် ဘေးထွက်ဆိုးကျိုးအဖြစ် လူနာ၏ အသက်ကို ထိခိုက်မှု ရှိသော်လည်း ၎င်းင်းကို သေစေလို၍
အသုံးပြုသည် မဟုတ်ဘဲ နာကျင်မှုဝေဒနာ ဖြေလျှော့ပေးရန် အတွက်သာ တိုက်ရိုက်ရည်ရွယ် အသုံးပြုသောကြောင့်
ဖြစ်သည်။
သနား၍သတ်သည်ဟု
ဆိုရာ၌ ခန္ဓာသက်အတွက် လိုအပ်သော အဟာရနှင့်ဆေးဝါးများကို ဖြတ်တောက်ခြင်းဖြင့် သေစေလိုသော
ဆန္ဒဖြင့် လူနာတစ်ဦး၏ အသက်ကို တမင်ဆုံးရှုံးစေမည်ဆိုလျှင် ဤအမှုသည်လည်း လူသတ်ပြစ်မှုပင်ဖြစ်သည်။
သနားကြင်နာ၍
သတ်ရသည်ဟု ဆိုလျှင် ထိုသနားကြင်နာခြင်းသည် သနားကြင်နာခြင်းမမည်။ စစ်မှန်သော သနားကြင်နာခြင်းသည်
သူတစ်ဦး၏ အသက်ကို သေစေလိုသော သဘောမရှိ။ အားပေးနှစ်သိမ့်ရန်၊ စောင့်ရှောက်ရန်၊ ကယ်တင်ရန်၊
အတူမျှဝေခံစားရန် စသည့် သဘောများသာရှိသည်။ ထို့ကြောင့် သနား၍ သတ်ရပါသည် ဟုဆိုလာလျှင်
၎င်းင်းသည် သနားခြင်း အတုအယောင်သာ ဖြစ်ပေမည်။ ထို့အပြင် လူတိုင်း၌ လူ့ဂုဏ်သိက္ခာရှိသည်။
လူ့ဂုဏ်သိက္ခာအရ လူတိုင်း၌ အသက်ရှင်ပိုင်သည့် အခွင့်အရေးရှိသည်။ ဤအသက်ရှင်ပိုင်ခွင့်ကို
မည်သူမျှ ဖျက်ဆီးပိုင်ခွင့် မရှိပေ။
သနား၍သတ်ခြင်းသည်
မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းင်းသည် လူတစ်ဦးအား တမင်သေစေရန်
တိုက်ရိုက်ရည်ရွယ်လုပ်ဆောင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း သေအံ့ဆဲ လူနာအား အချို့သော
အခြေအနေ၌ ကုသမှုမပေးဘဲ သေခွင့်ပေးခြင်းသည် မှားယွင်းသော လုပ်ရပ်မမည်ပေ။ ဤနေရာတွင် ကုသမှုဟုဆိုရာ၌
သာမာန် ကုသမှုနှင့် သာမာန်မဟုတ်သော ကုသမှုဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ သာမာန်ကုသမှုသည်
လူနာနှင့် စောင့်ရှောက်သူများအား ၀န်မဖြစ်စေဘဲ လူနာကို အကျိုးပြုစေမည့် ကုသမှုမျိုးကို
ဆိုလိုသည်။ သာမာန်မဟုတ်သော ကုသမှုသည် လူနာဝန်နှင့်မမျှသော၊ လူနာစောင့်ရှောက်သူများ၏
ဝန်နှင့်မမျှသော ကုသမျိုးကို ဆိုလိုသည်။ ]၀န်] ဟုဆိုရာမှာ ကုန်ကျမှု သို့မဟုတ် အဆင်မပြေမှု
ဖြစ်နိုင်သကဲ့သို့ နာကျင်မှု သို့မဟုတ် ဒုက္ခလည်းဖြစ်နိုင်သည်။
အချို့သော ကုသမှုမှာ
လူနာ၏ ၀န်နှင့်မမျှသော ကုသမှုမျိုးဖြစ်နိုင်သည်။ ပြင်းထန်သည့်ဝေဒနာခံစားစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ
ထိခိုက်စေခြင်း၊ ပျောက်ကင်းမည့် အာမခံချက်မပေးနိုင်ခြင်း၊ စမ်းသပ်မှုအတွက်သာ ဖြစ်စေခြင်း၊
တတ်နိုင်သည်ထက် အဆမတန် ကုန်ကျများလွန်းနေခြင်း စသည့်အကျိုးများ ဖြစ်ပေါ်စေသော ကုသမှုမျိုးသည်
သာမာန်မဟုတ်သော ကုသမှုမျိုးဖြစ်သည်။ ဤကုသမှုမျိုးကို ခံယူရန် လူနာ၌တာဝန်မရှိ။ ဆိုလိုသည်မှာ
ဤကုသမှုမျိုးကို ငြင်းဆန်လိုက်၍ သေဆုံးရမည် ဆိုသည့်တိုင်အောင် လူနာ၌ ငြင်းဆိုပိုင်ခွင့်ရှိသည်။
စောင့်ရှောက် သူများအနေနှင့်လည်း ထိုကုသမှုမျိုးကို လူနာအစား ငြင်းဆိုပေးရမည်ဆိုလျှင်
ငြင်းဆိုပေးပိုင်ခွင့်ရှိပြီး တစ်ပါးသူကို သေစေသည့် အပြစ်မဖြစ်ပေ။
သာမာန်နှင့်သာမာန်မဟုတ်
ဟုဆိုရာ၌လည်း အချို့သောသူများအတွက် သာမာန်ဟုထင်ရသော ကုသမှုမျိုးသည် တစ်ပါးသူအတွက် သာမာန်မဟုတ်
ဖြစ်နိုင်ပေသည်။ ဥပမာဆိုရသော် အသက်အရွယ်အားဖြင့် အလယ်အလတ်ပိုင်းဖြစ်ပြီး ကျန်းမာရေးအရကြံ့ခိုင်သည့်
လူနာအတွက် နှလုံးအစားထိုးကုသမှုသည် သာမာန်ကုသမှု ဖြစ်နိုင်သော်လည်း အသက်(၉၀)အရွယ် ကင်ဆာရောဂါသည်
အဖွားအိုအတွက်မူ နှလုံးအစားထိုး ကုသမှုသည် လူနာအခြေအနေနှင့် ၀န်မမျှသော သာမာန်မဟုတ်သည့်
ကုသမှုမျိုးဖြစ်သည်။ ထို့အတူ သန်းကြွယ်သူဌေးအတွက် သိန်းတစ်ရာတန် ကုသမှုသည် သာမာန် ကုသမှု
ဖြစ်နိုင်သော်လည်း ကျပန်း လက်လုပ်လက်စားလူနာတစ်ဦးအတွက်မူ သိန်းတစ်ရာ တန် ကုသမှုသည်
သာမာန်မဟုတ်သော ကုသမှု ဖြစ်ပေသည်။ ဤသာမာန် မဟုတ်သော ကုသမှုအတွက် ကာယကံရှင်လူနာ ၌သော်လည်းကောင်း၊
ပြုစုစောင့်ရှောက်သူများအတွက် သော်လည်းကောင်း တာဝန်မရှိပေ။ တာဝန်မရှိဟု ဆိုသော်လည်း
မလုပ်ရ ဟုမဆိုလို။ စေတနာအလျောက် လုပ်ဆောင်ပေးနိုင်ပေသည်။
စောင့်ရှောက်သူများသည် အထူးသဖြင့်
မိမိနှင့် သွေးသားတော်စပ်သူလူနာများကို မျှော်လင့်ချက် မရှိနေချေကာမူ အတတ်နိုင်ဆုံး
ပြုစုကုသပေးချင်ကြသည်။ ကြိုးလည်း ကြိုးစားပေးကြသည်။ သို့သော်လည်း ထိုသာမာန်မဟုတ်သည့်
ကုသပေးမှု၌ လူနာ၏ ၀န်နှင့်မမျှလွန်း၍သော်လည်းကောင်း၊ စောင့်ရှောက်သူများ၏ ၀န်နှင့်မမျှလွန်း၍
သော်လည်းကောင်း လက်လျှော့လိုက်ရမည်ဆိုလျှင် မိမိ၌ အပြစ်ဆိုစရာမရှိပေ။
သာမာန်မဟုတ်သော
ကုသမှုမျိုးအတွက် လူနာ၌ သော်လည်းကောင်း၊ စောင့်ရှောက်သူများ၌ သော်လည်းကောင်း တာဝန်မရှိသော်လည်း
သာမာန်ကုသမှုမျိုးအတွက် လူနာ၌သော်လည်းကောင်း၊ စောင့်ရှောက်သူများ၌ သော်လည်းကောင်း တာဝန်ရှိပေသည်။
ထို့ကြောင့် လူနာမှ သာမာန် ကုသမှုမျိုးကို ငြင်းဆန်၍ မိမိကိုယ်ကို တမင်သေစေလျှင်လည်းကောင်း၊
စောင့်ရှောက်သူများမှ သာမာန်ကုသမှုမျိုးကို မပေးဘဲ လူနာကို တမင်သေစေမည် ဆိုလျှင်လည်းကောင်း
၎င်းင်းသည် လူကိုသေစေမှုဖြစ်သည်။ ၎င်းင်းပြစ်မှုအတွက်လည်း သက်ဆိုင်သူကို အပြစ်ဆိုထိုက်ပေသည်။
A.သက်ထွေးအောင်