ဘာသာခြားနှင့်
လက်ထပ်ခြင်း
ကက်သလစ်ခရစ်ယာန်ဘာသာအနေနှင့်
လက်ထပ်ထိမ်းမြားခြင်းကို အထူးလေးစား တန်ဖိုးထားသည်။ လေးစား တန်ဖိုးထားရခြင်းမှာ လက်ထပ်ထိမ်းမြားခြင်းကို
ဘုရားသခင် ကိုယ်တော်တိုင် စီရင်ပြဋ္ဌာန်း ပေးထားသည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ တန်ဖိုးထားသည့်အလျောက်
လက်ထပ်ထိမ်းမြားခြင်းကို အလေးထားနိုင်ရန်နှင့် ၎င်းင်းကိစ္စတွင် ဘာသာတရား ယုံကြည်ချက် နှင့်သွေဖည်၍
အတိမ်းစောင်း မရှိစေရန် ဥပဒေများဖြင့် ထိန်းကွပ် လမ်းညွှန်ပေးထားသည်။ လက်ထပ်ထိမ်းမြားခြင်းနှင့်
ပတ်သက်ပြီး ထိန်းကွပ် လမ်းညွှန်ပေးထားသည့် သာသနာ့ဥပဒေများတွင် လက်ထပ်နိုင်ရန် လိုအပ်ချက်
ပြည့်စုံမစုံ (ဥပမာ- အသက်ပြည့် မပြည့်)၊ အတားအဆီးရှိမရှိ (ဥပမာ- အိမ်ထောင်ရှိ မရှိ)၊
ဘာသာရေးဝိနည်းနှင့် ကိုက်ညီမှုရှိမရှိ (ဥပမာ-ကတိသစ္စာ ဖလှယ်ရာ၌ သာသနာမှ တရားဝင် ခွင့်ပြုသည့်
ဘုန်းတော်ကြီးရှေ့မှောက်ဟုတ် မဟုတ်)၊ လက်ထပ်ခြင်းမြောက် မမြောက် (ဥပမာ- မောင်နှမချင်း
အိမ်ထောင်ပြုရန် ကြိုးပမ်းမှု)၊ တရားဝင်ဖြစ် မဖြစ် (ဥပမာ-တာဝန်ရှိသူထံမှ ခွင့်ပြုချက်ရ
မရ) စသည် စသည်များ ပါဝင်ပါသည်။ ထိုထိုသော ဥပဒေများထဲတွင် ဘာသာခြားနှင့် လက်ထပ်ရာ၌ လိုက်နာရမည့်
ဥပဒေလည်း ပါရှိသည်။
ကာနွန်ဥပဒေ
ကာနွန်ဥပဒေ
ဟုဆိုရာ၌ ကက်သလစ်ခရစ်ယာန်ဘာသာ၏ ဥပဒေကျမ်းကိုဆိုလိုသည်။ အတိအကျဆိုရလျင် ဤကာနွန်ဥပဒေသည်
လာတင်း ဓလေ့ထုံးတမ်းအတိုင်း ရှိခိုးဝတ်ပြုသူ ကက်သလစ်ခရစ်ယာန်များ၏ ဥပဒေကျမ်းဖြစ်သည်။
ဤဥပဒေကျမ်းသည် ကက်သလစ်ခရစ်ယာန် ဘာသာ၏ မြင်နိုင်ရာ ပြင်ပ အဖွဲ့အစည်း တစ်ခုလုံး၏ ယန္တရားလည်ပတ်မှု
ချော်မွေ့စေရန် ထိန်းညှိပေးသည်။ ဤဥပဒေကျမ်းသည် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ၏ ယုံကြည်ရာ
မဏ္ဍိုင်မဟုတ်။ လူအဖွဲ့အစည်း ပြောင်းလဲနေသ၍ ဤဥပဒေကျမ်းသည်လည်း ပြောင်းလဲနေမည် ဖြစ်သည်။
ယခုလက်ရှိ ကာနွန်ဥပဒေကျမ်းသည် (၁၉၁၇) ခုနှစ်က ပြဋ္ဌာန်းပါရှိသော ကာနွန်ဥပဒေကျမ်းမှ ဖြည့်စွက်သင့်သည်များကို
ဖြည့်စွက်၊ ဖယ်ချန်သင့်သည်များကို ဖယ်ချန်ကာ (၁၉၈၃)ခုနှစ်တွင် ပြန်လည် စိစစ်ထုတ်ပြန်ထားသော
ဥပဒေကျမ်းဖြစ်သည်။ ဤဥပဒေကျမ်းပါ ဥပဒေများသည် ယုံကြည်မှု၊ ဓမ္မတွေးခေါ်မှုနှင့် ကိုယ်ကျင့်တရားများကို
အခြေခံထားသော်လည်း မိမိဘာသာဝင်များ မည်သို့ယုံကြည်ယူဆရမည်၊ မည်သည့်အရာကို ယုံကြည်ယူဆရမည်
ဟုဤဥပဒေကျမ်းက မသွန်သင်ထားပေ။ မည်သို့ ပြုမူရမည်ကိုသာ လမ်းညွှန်ထားသည်။ ကာနွန်ကိုဓဥပဒေသည်
ကက်သလစ် ခရစ်ယာန်များ၏ ဓမ္မသတ်ကျမ်း ဖြစ်သည့်အလျောက် ဤကျမ်းပါ ဥပဒေများသည် ကက်သလစ်ဘာသာဝင်များနှင့်သာ
သက်ဆိုင်ပေသည်။
ဘာသာရေးလွတ်လပ်ခွင့်
လူသားတိုင်း
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ မည်သည့်ဘာသာကိုမဆို လူသားတိုင်း လွတ်လပ်စွာ
ရွေးချယ်ပိုင်ခွင့်လည်း ရှိသည်။ အတင်းအဓမ္မ တိုက်တွန်း ခံရခြင်းမှ ကင်းလွှတ်၍ လူသားတိုင်း
အမှန်တရားကို လွတ်လပ်စွာ ရှာဖွေပိုင်ခွင့် ရှိသည် ဟုလည်း ကက်သလစ် သာသနာတော်မှ Dignitatis Humanae ဆိုသည့် ဘာသာရေးလွတ်လပ်ခွင့် ကြေငြာစာတမ်းတွင် အတိအလင်း ထုတ်ပြန် သွန်သင်ထားပေးသည်။
ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တိုင်းသည် မိမိတို့၏ ဘာသာတရားကို မည်သူတစ်ဦး၏ အဓမ္မတိုက်တွန်းချက်ကြောင့်မဟုတ်ဘဲ
မိမိဆန္ဒအလျောက် လွတ်လပ်စွာ ယုံကြည်ကြရမည်။ မိမိလွတ်လပ်စွာ ယုံကြည်သည့်အတိုင်း တစ်ပါးသူကိုလည်း
လွတ်လပ်စွာ ယုံကြည်စေရမည်။ ခရစ်ယာန်ဘာသာကို အတင်းအဓမ္မ ယုံကြည်စေတာမျိုး မဖြစ်စေရ ဟုလည်း
ထိုကြေငြာစာတမ်းတွင် သာသာနာတော်မှ သွန်သင်ထားသည်။ ဤသွန်သင်ချက်သည် လူ့ဂုဏ်သိက္ခာတန်ဖိုးကို
အခြေခံထားသည်။ လူတစ်ယောက်၏ လွတ်လပ်ခွင့်ကို လေးစားခြင်းသည် လူ့ဂုဏ်သိက္ခာကို လေးစားခြင်းပင်
ဖြစ်သည်။
ဘာသာကူးပြောင်းခြင်း
ကက်သလစ် ခရစ်ယာန်ဘာသာအနေနှင့်
လူတိုင်း၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသိအမှတ်ပြုထားသည့်အလျောက် မိမိဘာသာမှ ထွတ်လိုလျှင်လည်း
မတားမြစ်ထားပေ။ မိမိဘာသာမှ အမျိုးသမီးတစ်ဦးဖြစ်စေ၊ အမျိုးသားတစ်ဦးဖြစ်စေ ဘာသာခြားတစ်ဦးနှင့်
လက်ထပ်၍ ဘာသာပြောင်းမည်ဆိုလျှင် ထိုသို့မပြုရန် တားမြစ်ထားသည့်ဥပဒေမရှိ။ အနှောင်အဖွဲ့မရှိ
လွတ်လပ်စွာ ရွေးချယ် ဘာသာပြောင်းနိုင်ကြသည်။ သို့သော်လည်း ကက်သလစ်ခရစ်ယာန် ဘာသာဝင်
အမျိုးသမီးတစ်ဦးဖြစ်စေ၊ အမျိုးသားတစ်ဦးဖြစ်စေ မိမိဘာသာကို မစွန့်ဘဲ ကက်သလစ်ခရစ်ယာန်
ထုံးတမ်းအစဉ်အလာအတိုင်း ဘာသာခြားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားလိုလျှင် ကက်သလစ်ခရစ်ယာန်ဘာသာ၏ ကာနွန်ဥပဒေအတိုင်း လိုက်နာရမည်
ဖြစ်သည်။
ဘာသာခြားနှင့်
လက်ထပ်ခြင်း
ကက်သလစ်ခရစ်ယာန်
ဘာသာဝင် အမျိုးသမီးတစ်ဦးဖြစ်စေ၊ အမျိုးသားတစ်ဦးဖြစ်စေ
မိမိဘာသာကို မစွန့်ဘဲ ကက်သလစ် ခရစ်ယာန်ဘာသာ ထုံးတမ်းအတိုင်း ဘာသာခြားတစ်ဦးနှင့် လက်ထပ်လိုလျှင်
အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မည့် ထိုဘာသာခြားပုဂ္ဂိုလ်ကို မိမိဘာသာထဲသို့ သွတ်သွင်းရန်မလိုပေ။
နှစ်ဦးစလုံး မိမိတို့ ယုံကြည်ရာဘာသာကို ဆက်လက် ကိုးကွယ်နိုင်ကြသည်။ သို့သော်လည်း ဘာသာခြားနှင့်
လက်ထပ်မည့် ကက်သလစ် ခရစ်ယာန်ဘာသာဝင် သတို့သား (သို့) သတို့သမီးသည် ရရှိလာမည့် ရင်သွေးငယ်
သားသမီးများအား မိမိ၏ ကက်သလစ်ခရစ်ယာန် ဘာသာတရား အဆုံးအမဖြင့် ရင့်ကျက် ကြီးပြင်းလာစေရန်
စောင့်ရှောက်သွန်သင်ပေးမည်၊ တာဝန်ယူမည် ဟုကတိပေးရသည်။ ကာနွန်ဥပဒေသည် ကက်သလစ်ခရစ်ယာန်ဘာသာဝင်နှင့်သာ
သက်ဆိုင်သည်ဟု ဆိုသည့်အလျောက် ထိုသို့ ကတိပေးရန် လက်ထပ်ယူမည့် ဘာသာခြားတစ်ယောက်တွင်
တာဝန်မရှိပေ။ သို့သော်လည်း ထိုဘာသာခြားပုဂ္ဂိုလ်သည် မိမိလက်ထပ်ယူမည့် ကက်သလစ်ခရစ်ယာန်
အိမ်ထောင်ဖက်၌ ထိုတာဝန်ဝတ္တရားရှိကြောင်း သိမှတ်ရမည်ဖြစ်ပြီး ထိုတာဝန်ဝတ္တရားကို မနှောင့်ယှက်ရန်
ကတိပေးရမည် ဖြစ်သည်။
အတိုပြောရလျှင်
ကက်သလစ်ခရစ်ယာန် ဘာသာဝင်တစ်ဦးသည် ကက်သလစ်ခရစ်ယာန်ဘာသာရေး ဓလေ့ထုံးတမ်းအတိုင်း ဘာသာခြားတစ်ဦးနှင့်
(မိမိဘာသာထဲသို့ ၀င်ခိုင်းစရာမလိုဘဲ) တရားဝင် လက်ထပ်နိုင်သည်။ ထိုသို့ လက်ထပ်ရာတွင်
ရရှိလာမည့် သားသမီးများကို မိမိ ဘာသာတရား၏ သွန်သင်မှုအောက်၌ ကြီးပြင်းလာရန် ပြုစုပျိုးထောင်ပေးမည်
ဟုကတိပေးရသည်။ ထိုကတိကို ဘာသာခြားပုဂ္ဂိုလ်မှ ပေးစရာမလို။ သို့သော် ဘာသာခြားပုဂ္ဂိုလ်အနေနှင့်
ထိုကတိကို လေးစားပြီး နှောင့်ယှက်မှုမပြုရန် ကတိပေးရသည်။ ထိုသို့ ကတိပေးကာ ကက်သလစ်ခရစ်ယာန် ထုံတမ်းအစဉ်အလာအတိုင်း
နှစ်ဦး သဘောတူ လက်ထပ်ကြပြီးနောက် မိမိတို့ ယုံကြည်ရာဘာသာကို လွတ်လပ်စွာ ဆက်လက် ကိုးကွယ်နိုင်ကြပေသည်။
A.သက်ထွေးအောင်