သူတော်စင်အိမ်ထောင်သည်ဘဝ
စင်ကြယ်မြင့်မြတ်သည့်ဘဝ
(သို့) သူတော်စင်ဘ၀ဆိုတာသည် သာသနာ့ဘောင်ဝင် ဘုန်းတော်ကြီး၊သီလရှင်များနှင့်သာ သက်ဆိုင်သည်ဟုအများအားဖြင့်တွေးထင်တတ်ကြသည်။
အမှန်မှာလူသားတိုင်း စင်ကြယ်မြင့်မြတ်ခြင်းဆီသို့ တက်လှမ်းကြရန် ဖိတ်ခေါ်ခံရခြင်းဖြစ်သည်။ ဖိတ်ခေါ်သူမှာဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်။ ဘုရားသခင်သည်လူသားတိုင်း သန့်ရှင်းမြင့်မြတ်ကြရန်ဖိတ်ခေါ်နေသည်။ လူသားတိုင်းသည်လည်း ဘ၀အသီးသီးဖြင့်သန့်ရှင်းမြင့်မြတ်ခြင်းကို ရှာဖွေနေကြသည်။ တစ်နည်းအားဖြင့်ဆိုသော်ဘုရားသခင်၏ စင်ကြယ်မြင့်မြတ်ခြင်းဆီသို့ဖိတ်ခေါ်တော်မူချက်ကို လူသားတို့ဘ၀အသီးသီးဖြင့်တုန့်ပြန်ကြသည်။ ထိုဘ၀အသီးသီးထဲမှဘ၀တစ်ခုသည် အိမ်ထောင်သည်ဘ၀ဖြစ်သည်။ အိမ်ထောင်သည်ဘ၀သည် စင်ကြယ်မြင့်မြတ်ခြင်းဆီသို့တက်လှမ်းရန် သီးခြားဘ၀တစ်ခုဖြစ်သည်။အမှန်မှာအိမ်ထောင်သည်ဘ၀သည်
ခေါ်တော်မူခြင်းဘ၀ (သူတော်စင်အဖြစ်ဖိတ်ခေါ်ခံရသည့်ဘ၀) ပင်ဖြစ်သည်။
စင်ကြယ်မြင့်မြတ်ခြင်း
အဘယ်ကြောင့်စင်ကြယ်မြင့်မြတ်ရန်လိုအပ်သနည်း။ စင်ကြယ်မြင့်မြတ်ခြင်းဆိုသည်မှာအဘယ်နည်း။ စင်ကြယ်မြင်ြ့မတ်ခြင်းကိုမည်သို့ ရယူပိုင်ဆိုင်နိုင်ကြသနည်း။
လူသားများသန့်ရှင်းမြင့်မြတ်ရန် လိုအပ်သည်ဆိုသည့်အချက်ကိုနားလည်ရန်ကမ္ဘာဦးကျမ်းကို
ပြန်ကြည့်ရပေမည်။ ကမ္ဘာဦးကျမ်းကလူသည်ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်းဖန်ဆင်းခံထားရသည် ဟုဆိုထားသည်။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်အတိုင်းဖန်ဆင်းခံထားရခြင်းသည် လူအစစ်အမှန်ဖြစ်ခြင်း၊လူသားပီသခြင်း
ဖြစ်သည်။ သို့သော်လည်းအာဒံနှင့်ဧ၀တို့၏အပြစ်မှစ၍ လူသည်ဘုရားသခင်နှင့် သဏ္ဌာန်တူခြင်းကိုဆုံးရှုံးခဲ့ရသည်။ လူသည်အတ္တဆန်လာသည်။ မိမိကိုယ်ကိုဗဟိုပြုလာသည်။ စိတ်မြင့်ထောင်လွှားလာပြီးမိမိကိုယ်နှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း၊ပတ်ဝန်းကျင်လူသားများနှင့်လည်းကောင်း ဆက်ဆံမှုပျက်ပြား တတ်လာသည်။
မေတ္တာခေါင်းပါးလာသည်။ ဘုရားသခင်နှင့်သဏ္ဌာန်မတူတော့ပေ။ လူသားပီသခြင်းအဖြစ်အခြေအနေကိုဆံးရှုံးခဲ့ရသည်။ မိမိကိုယ်နှင့်လည်းကောင်း၊ လူသားချင်းနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း ရင်းနှီးဆက်ဆံမှုပျက်ပြားတတ်နေသရွေ့ မကောင်းမှုကြီးစိုးနေမည်ဖြစ်ပြီးပျက်စီးခြင်း အမှောင်ဘ၀သို့သာဦးတည်နေရမည်
ဖြစ်သည်။ လူသည်ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်းဆိုသည့်မူလဘ၀အခြေအနေ ပြန်ရောက်ရန်လိုအပ်သည်။ သို့မှသာလူနှင့်ထိုက်တန်သည့်မှန်ကန်သောလူ့ဘ၀ပြည့်စုံခြင်းကိုဝမ်းမြောက်စွာ
ပြန်လည်ခံစားနိုင်ကြမည် ဖြစ်သည်။ဘုရားသခင်နှင့် ပြန်လည်သဏ္ဌာန်တူရန်မည်သို့လုပ်ဆောင်ကြမည်နည်း။ ဘုရားသခင်၏စင်ကြယ်မြင့်မြတ်ခြင်း၌ပါဝင်မျှဝေခြင်းဖြင့်ဘုရားသခင်နှင့်
ပြန်လည်သဏ္ဌာန်တူရန်လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်နှင့်သဏ္ဌာန်တူခြင်းသည် စင်ကြယ်မြင့်မြတ်ခြင်းဖြစ်သည်။
ယေဇူးခရစ်တော်ကိုယ်တော်တိုင်ပင် ကောင်းကင်မှအဖဘုရားသခင်စုံလင်မြင့်မြတ် သကဲ့သို့ ကျွန်ုပ်တို့စုံလင်မြင့်မြတ်ကြရန် ဆုံးမထားတော်မူပေသည်
(မာတေး- ၅း၄၁)။ ကျွန်ုပ်တို့၏လူ့ဘ၀သည်ဤလောက၌ တဒင်္ဂအသက်ရှင်ရန်အတွက်သာမဟုတ်ဘဲထာဝရအသက်ရှင်ရန် အတွက်ဖြစ်ကြောင်း သာသနာတော်မှလည်း သွန်သင်ပေးထားသည်။ လူသည်ဘုရားသခင်နှင့်အတူစံစားရမည့် ထာဝရပြည့်စုံသောဘ၀အတွက်ဖန်ဆင်းခံထားရခြင်း
ဖြစ်သည်။ သန့်ရှင်းမြင့်မြတ်သည့်ဘ၀အတွက် ဘုရားသခင်၏အလိုဆန္ဒတော်အတိုင်း (ဘုရားသခင်၏သဏ္ဌာန်တော်အတိုင်း)
ကျင့်ကြံ နေထိုင်ကြရန်ရှင်ပေတရုမှလည်းဆုံးမထားပေသည် (ညွှန်း-၁ပေ၁၄း၁၆)။
]စစ်မှန်လူပီသသောဘ၀ကို ပိုင်ဆိုင်ရန်စင်ကြယ်မြင့်မြတ်ကြရမည်။ စင်ကြယ်မြင့်မြတ်ရန်အတွက်ဘုရားသခင်၏ စင်ကြယ်မြင့်မြတ်ခြင်းကိုမျှဝေယူရမည်။ ဘုရားသခင်၏စင်ကြယ်မြင့်မြတ်ခြင်းကို မည်သို့မျှဝေခံယူကြမည်နည်း။ ခရစ်တော်နောက်လိုက်ခြင်းဖြင့်ဘုရားသခင်၏ စင်ကြယ်မြင့်မြတ်ခြင်းကိုမျှဝေခံယူရမည်။ ခရစ်တော်နောက်လိုက်ခြင်းဆိုသည်မှာရှင်ပေါလု၏စကားအရခရစ်တော်ကိုယူတင်ဝတ်ဆင်ခြင်း
ဖြစ်သည်။ ခရစ်တော်ကိုစံနမူနာယူ၍ ခရစ်တော်နှင့်ပေါင်းစည်းပြီးခရစ်တော်၏ အဆုံးအမအတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်တော်သည်ကျွန်ုပ်တို့ အသက်ရရန်နှင့် ထိုအသက်ကိုကြွယ်ဝစွာရရှိရန် ဤလောကသို့ဆင်ြးွကလာခဲ့ခြင်း
ဖြစ်သည် (ညွှန်း-ယော၁၀း၁၀)။ ထြွိုကယ်ဝစွာရနိုင်သောအသက်ကို ခရစ်တော်၌ရှာဖွေတွေ့ရှိနိုင်သည်။ "လမ်း၊သမ္မတရားနှင့်အသက် ဖြစ်တော်မူသည်" (ယော၁၄း၆)။ ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သည်
(ညွှန်း-ကော်လော၁း၁၅)။ ထို့ကြောင့်ခရစ်တော်၏ ဘ၀၌ပါဝင်ကျင့်ကြံအသက်ရှင်ခြင်းဖြင့် စင်ကြယ်မြင့်မြတ်သည့်ဘ၀ကိုရယူပိုင်ဆိုင်နိုင်ကြသည်။စင်ကြယ်
မြင့်မြတ်ခြင်းဖြင့် အဓိပ္ပာယ်ပြည့်ဝသော လူသားအစစ်အမှန်ဘ၀၊သူတော်စင်ဘ၀ကိုပိုင်ဆိုင်နိုင်ကြရပေမည်။
ခေါ်တော်မူခြင်းဘဝ
ဘ၀အသီးသီးဖြင့် ကျွန်ုပ်တို့ခရစ်တော်နောက်လိုက်ရင်း စင်ကြယ်မြင့်မြတ်ရန်ကြိုးစားကြသည်။ တစ်နည်းအားဖြင့်ဆိုသော်ဘ၀အခြေအနေအမျိုးမျိုးဖြင့် စင်ကြယ်မြင့်မြတ်ရန်ဘုရားသခင်၏ဖိတ်ခေါ်ချက်ကိုတုန့်ပြန်နေကြသည်။ ဆိုခဲ့ပြီးသည့်အတိုင်း အိမ်ထောင်သည်ဘ၀သည် စင်ကြယ်မြင့်မြတ်ခြင်းဆီသို့ တက်လှမ်းရန်သီးခြားဘ၀တစ်ခု
ဖြစ်သည်။ ၎င်းင်းသည် ခေါ်တော်မူ ခြင်းဘ၀ဖြစ်သည်။ အိမ်ထောင်သည်ဘ၀အဖြစ်ဘုရား၏ ခေါ်တော်မူခြင်းသည်ကမ္ဘာဦးအစကပင်ရှိခဲ့ပြီးဖြစ်သည်။ "ယောက်ျားသည်မိမိ၏မိဘကိုစွန့်၍မိမိ၏မယားနှင့်ပေါင်းသင်း နေထိုင်ရသဖြင့်ထိုသူတို့သည်တစ်သားတစ်ကိုယ်တည်း
ဖြစ်ရမည်" (ကမ္ဘာ၂း၂၄)။
ခေါ်တော်မူခြင်း
(သူတော်စင်အဖြစ်ဖိတ်ခေါ်ခံရသည့်ဘ၀) ဆိုသည်မှာအရိုးရှင်းဆုံးပြောရလျှင် "အထူးခံရသော
ခေါ်သံ" ဖြစ်သည်။ ခေါ်တော်မူခြင်းဟုဆိုလျှင်'ခေါ်ခြင်း' နှင့် 'ခေါ်သံကိုတုန့်ပြန်ခြင်း'
တို့ပါရှိသည်။ ခေါ်သံသက်သက်နှင့် ခေါ်တော်မူခြင်းမဖြစ်နိုင်ပေ။ထို့အတူ ခေါ်သံမရှိဘဲနှင့်လည်းတုန့်ပြန်ခြင်းမရှိနိုင်ပေ။ ထို့ကြောင့်
ခေါ်တော်မူခြင်းဟုဆိုလျှင် ခေါ်သံနှင့်တုန့်ပြန်မှုဆိုသည့်အချက်နှစ်ချက်ကိုနားလည်ရမည်
ဖြစ်သည်။ အိမ်ထောင်သည်ဘ၀ဆိုသည့် ခေါ်တော်မူခြင်းသည် ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့မှဘုရားသခင်၏
ခေါ်သံကိုတုန့်ပြန်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်ဘုရားသခင်ပြဋ္ဌာန်းထားသည့်ဘ၀တစ်ခု
(ခေါ်သံ)ကိုစုံဖက်သူနှစ်ဦးမှလက်ခံအသက်ရှင်ခြင်း (တုန့်ပြန်မှု) ဖြစ်သည်။ထိုဘ၀ကိုလက်ခံအသက်ရှင်ခြင်းဖြင့်စင်ကြယ်မြင့်မြတ်ခြင်းကိုရှာဖွေကြသည်။ အိမ်ထောင်သည်ဘဝ
ခေါ်တော်မူခြင်းတွင် 'ခေါ်သံ' ဟုနားလည်ရသည့်ဘုရားသခင်ပြဋ္ဌာန်းထားသည့် 'အိမ်ထောင်သည်ဘ၀'နှင့် အိမ်ထောင်သည်များဘက်မှ 'တုန့်ပြန်မှု' ဟုနားလည်ရသည်ထို 'အိမ်ထောင်သည်ဘ၀ကိုလက်ခံအသက်ရှင်ခြင်း' ဆိုသည့်အပိုင်းနှစ်ခုပါရှိသည်။
ဘုရားသခင်ပြဋ္ဌာန်းပေးထားသည့်အိမ်ထောင်သည်ဘဝ
( ဘုရားသခင်၏
ခေါ်သံ)
ဘ၀တစ်ခု၏အခြေအနေကိုသိမှထိုဘ၀ကိုလက်ခံနိုင်၊မနိုင်ဆုံးဖြတ်နိုင်မည်။ ထိုဘ၀ကိုမှန်ကန်စွာလက်ခံအသက်ရှင်နိုင်မှလည်းစင်ကြယ်မြင့်မြတ်
ခြင်းကိုရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ အိမ်ထောင်သည်ဘ၀သည် ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့၏ ဘ၀နှင့်အချစ်ကိုထပ်တူပြုကာဘ၀ကြင်ဖော်လင်မယားအဖြစ်ထိမ်းမြားနေထိုင်ခြင်း
ဖြစ်သည်။ ၎င်းင်းသည်ကြင်ဖက်သူနှစ်ဦး၏ သစ္စာရှိသော၊တစ်ဦးတည်းအတွက်သာဖြစ်သော၊တစ်ဘ၀စာ ဖြစ်သော
ပေါင်းသင်းမှုဖြစ်သည်။
အိမ်ထောင်ပြုခြင်းသည်
ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့ ပေါင်းသင်းခြင်းဖြစ်သည်။ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမတို့ကို ဖန်ဆင်း၍ထိုသူနှစ်ဦးတို့တစ်သားတစ်ကိုယ်တည်းဖြစ်လာကာ ပွားများကြလိမ့်မည်ဟုလည်းကမ္ဘာဦးကျမ်းမှဆိုထားပေသည်။
ယေဇူးခရစ်တော်ကလည်း 'အစအဦး၌လူကိုဖန်ဆင်းသောအရှင်သခင်သည် ယောက်ျားနှင့်မိန်းမအဖြစ်ဖန်ဆင်း
တော်မူ၏ဟုဆိုထားသည်ကိုသင်တို့မဖတ်ဖူးကြသလော။ ဤအကြောင်းကြောင့် ယောက်ျားသည်မိမိမိဘတို့ကိုစွန့်ခွာ၍မိမိဇနီးနှင့်
ပေါင်းသင်းနေထိုင်ရလိမ့်မည်။ ထိုအခါထိုသူနှစ်ဦးတို့သည်တစ်သား၊တစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်'
ဟုရှင်မာတေးဦးခရစ်ဝင်ကျမ်း (၁၉း၎-၅)တွင်မြွတ်ဆိုထား တော်မူသည်။ ထို့ကြောင့်အိမ်ထောင်ပြုခြင်းသည်
ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့၏ ပေါင်းသင်းမှုသာဖြစ်ပြီး ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့သာလျှင် အိမ်ထောင်ပြု
ပေါင်းသင်းနိုင်ကြပေသည်။ ယောက်ျားနှင့်မိန်းမတို့သည်ဘုရားသခင်၏ သားသမီးများအဖြစ်တူညီသောဂုဏ်သိက္ခာရှိကြသော်လည်းမတူညီသော
ယောက်ျားအဖြစ်၊မိန်းမအဖြစ်များကတစ်ဦးကိုတစ်ဦး ဖြည့်ဆည်း ပြည့်စုံကြပေသည်။ ကာမသဘာဝမတူညီခြင်းကလည်း
ယောက်ျားနှင့်မိန်းမတို့ကိုတစ်သွေးတစ်သားတည်း ဖြစ်စေပြီးဘုရားသခင်၏ ဖန်ဆင်းခြင်းတွင်ပါဝင်ကူညီသူအဖြစ် ရင်သွေးငယ်များကို
မွေးဖွားပေးနိုင်ကြသည်။ ယောက်ျားအဖြစ်နှင့်မိန်းမအဖြစ်တို့၏ မတူညီမှုများကြောင့်သာတစ်ဦးကိုတစ်ဦး
ဖြည့်ဆည်း ပြည့်စုံ စေနိုင်ကြပြီးတစ်ဦးကိုတစ်ဦးခွန်အားဖြစ်စေလျက် ပြည့်စုံခြင်း (သို့) သန့်ရှင်းမြင့်မြတ်ခြင်းဆီသို့
ဖေးမတက်လှမ်း စေနိုင်ကြပေသည်။
အိမ်ထောင်ပြုခြင်းသည်ဘုရားသခင်မှ
ပြဋ္ဌာန်းပေးထားသည် ဖြစ်၍ မြင့်မြတ်သည့်သဘောရှိသည်။ အထွတ်အမြတ်အလေးထားအပ်သည်။၎င်းသည်သာသနာတော်နှင့်ခရစ်တော်တို့၏
ပေါင်းစည်းမှု၏နက်နဲရာသင်္ကေတစက္ကရာမင်တူးမင်္ဂလာတစ်ပါးဖြစ်သည်။ ဘုရားသခင်နှင့်ယုံကြည်သူတို့အကြားဖွဲ့နှောင်ထားသည့်မေတ္တာနှင့်ဘ၀သင်္ကေတလည်း
ဖြစ်သည်။အိမ်ထောင်သည်တို့မှတစ်ဆင့်ဘုရားသခင်၏ မေတ္တာတော်သည်မိသားစုထဲ၊ လူဘောင်ထဲသို့စီးဆင်းရပေသည်။ အိမ်ထောင်ဖက်နှစ်ဦးအကြားထားရှိသော သစ္စာနှင့်မေတ္တာတို့သည်ဘုရားသခင်၏အြွကင်းမဲ့သစ္စာတော်နှင့်
မေတ္တာတော်တို့ကိုပုံဖော်ပေးနိုင်စွမ်းသည်။
လင်မယားအဖြစ်ပေါင်းသင်းမှုသည်တည်တံ့သောတစ်ဘ၀စာ
ပေါင်းသင်းမှုဖြစ်သည်။ တစ်ဦးကိုတစ်ဦးဘ၀တစ်ခုလုံး ပေးအပ် ပေါင်းသင်းခြင်းဖြစ်သည်။ "ဘုရားသခင်
ပေါင်းဖက်ပေးထားသောအရာကိုလူတို့သည်မခွဲခွာ စေနှင့်" ဟုလည်းခရစ်တော်သတိပေးတော်မူခဲ့သည်
( မာတေး၁၉း၇)။ ဆိုလိုသည်မှာ ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့ မိမိတို့၏သဘောတူညီချက်ဖြင့် စည်းနှောင်ထားသောခံဝန်ချုပ်ကို မည်သူမျှမပယ်ဖျက်နိုင်ပေ။အိမ်ထောင်ဖက်တို့၏
ပေါင်းသင်းမှုသည် ခရစ်တော်နှင့်သာသနာတော် ပေါင်းဖက်မှု၏ သင်္ကေတဖြစ်ပြီးဘယ်သောအခါမျှ ကွာရှင်းနိုင်ခွင့်မရှိဟုလည်း ရှင်ပေါလုမှဧဖက်ဆုသြ၀ါဒစာတွင်သွန်သင်ပေးထားသည်။
အိမ်ထောင်သည်ဘ၀ကိုလက်ခံအသက်ရှင်ခြင်း
(အိမ်ထောင်သည်တို့၏တုန့်ပြန်မှု)
အိမ်ထောင်သည်ဘ၀၏သဘောသဘာဝကိုတစ်စေ့တစ်စောင်း
တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ ဆိုခဲ့သည့်အတိုင်းစင်ကြယ်မြင့်မြတ်သည့်ဘ၀သို့ 'ခ်ါတော်မူခြင်း'သည်ဘ၀အခြေအနေတစ်ခုကိုရည်ညွှန်းသည်မဟုတ်။ ဘ၀အခြေအနေတစ်ခုကိုရယူပိုင်ဆိုင်အသက်ရှင်ခြင်းကိုရည်ညွှန်းခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ခေါ်သံသက်သက်မဟုတ်။
ခေါ်သံကိုတုန့်ပြန်နိုင်ခြင်းဖြစ်သည်။သစ္စာရှိခြင်းနှင့် မေတ္တာထားခြင်းဖြင့်တုန့်ပြန်ခြင်း
ဖြစ်သည်။ ဇနီးနှင့်ခင်ပွန်းသည်တို့သည် သစ္စာရှိခြင်းနှင့်မေတ္တာထားခြင်းတို့ဖြင့် အိမ်ထောင်သည်ဘ၀ကိုလက်ခံအသက်ရှင်၍ စင်ကြယ်မြင့်မြတ်သည့်ဘ၀ကိုရယူပိုင်ဆိုင်ကြသည်။
သစ္စာရှိခြင်းသည် အိမ်ထောင်ဖက်တို့ထာဝရပေါင်းသင်းကြခြင်းဖြစ်သည်။
သေတပန်သက်တဆုံးတစ်ဦးပေါ်တစ်ဦးသစ္စာရှိခြင်းဖြစ်သည်။ ထိမ်းမြားကြသည့်အခါ ပြုခဲ့သောကတိက၀တ်များကိုသစ္စာရှိမှသာ
ဖြည့်ဆည်း ပေးဆပ်နိုင်ကြပေလိမ့်မည်။ သစ္စာရှိမှသာလည်း ပေါင်းသင်းခြင်းနှင့်မျိုးပွားခြင်းဆိုသည့် ထိမ်းမြားခြင်းရည်ရွယ်ချက်များကိုပြီးမြောက်
စေနိုင်ပေလိမ့်မည်။ သစ္စာရှိခြင်းသည်ထာဝရအတူရှိနေခြင်းသာမက တစ်ယောက်တည်းကိုသာလင်မယားအဖြစ်
ပေါင်းသင်းခြင်းဖြစ်သည်။ မိမိနှင့်ထိမ်းမြားထားသူတစ်ဦးတည်းကိုသာလင်မယားအဖြစ် ပေါင်းသင်းခြင်းဖြစ်သည်။ ထိမ်းမြားခြင်းအပြင်ဘက်ရှိအခြားသူတစ်ဦးနှင့်လင်မယားအဖြစ်
ပေါင်းသင်းဆက်ဆံခြင်းသည်သစ္စာမဲ့ခြင်းဖြစ်သည်။ မိမိအိမ်ထောင်ဖက်အပေါ် ဖြူစင်ခြင်းဖြင့်သစ္စာရှိကြရမည် ဖြစ်သည်။
သစ္စာတည်ရန်
မေတ္တာထားကြရမည်ဖြစ်သည်။ မေတ္တာမထားနိုင်လျှင်သစ္စာမဲ့ကြမည်ဖြစ်သည်။ မေတ္တာထားခြင်းသည် အိမ်ထောင်ဖက်တို့တစ်ဦးကိုတစ်ဦးအကြွင်းမဲ့
မေတ္တာစစ် မေတ္တာမှန်ဖြင့်ချစ်ကြရန်ဖြစ်သည်။ မေတ္တာစစ် မေတ္တာမှန်သည် 'ဂုဏ်မပြိုင်တတ်၊မြွကားဝါတတ်၊ မာန်မာနမထောင်လွှားတတ်၊ မလျောက်ပတ်စွာမကျင့်တတ်၊ကိုယ်ကျိုးကိုမရှာတတ်၊
ဒေါသအမျက်မထွက်တတ်၊အပြစ်မမြင်တတ်၊မတရားအမှု၌၀မ်းမမြောက်တတ်၊မဖောက်ပြန်တတ်ပေ"(၁ကော၁၃း၎-၈)။ ဇနီးနှင့်ခင်ပွန်းသည်တို့သည်ခရစ်တော်
မေတ္တာထားသကဲ့သို့ အချင်းချင်းကိုယ်ကျိုးစွန့် အနစ်နာခံချစ်တတ်ကြရမည်။ ဇနီးမယားသည်ဘုရားသခင်ကို နာခံသကဲ့သို့မိမိခင်ပွန်းကိုနာခံရမည်
(ညွှန်း-ဧဖက်- ၅း၂၂)။ ဤသို့ဆိုခြင်းမှာ ဇနီးသည်မိမိခင်ပွန်းထက်နိမ့်ကျသည်ဟုမဆိုလို။ ခင်ပွန်းသည်၏ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းတွင်ပါဝင်ပေးဆပ်ရန်တိုက်တွန်းခြင်းဖြစ်သည်။ အမှန်မှာဇနီးနှင့်ခင်ပွန်းသည်တို့သည်ခရစ်တော်ကို
လေးစားသောအားဖြင့်တစ်ဦးကိုတစ်ဦး နာခံကြရမည်ဖြစ်သည် (ညွှန်း-ဧဖက်၅း၂၁)။ တစ်ဦးကိုတစ်ဦးအား မိမိဘ၀ကိုလွတ်လွတ်လပ်လပ်၊ လုံးလုံးလျားလျား၊၀မ်းမြောက်စွာ
ပေးအပ်နိုင်ကြရမည်ဖြစ်သည်။ အိမ်ထောင်ဖက်တို့၏တစ်ဦးပေါ်တစ်ဦး မေတ္တာထားခြင်းသည်ဘုရားသခင်၏
မေတ္တာတော်ကို ဖော်ပြသည့် မေတ္တာထားခြင်းမျိုး ဖြစ်နေရပေမည်။ ဘုရား၏မေတ္တာတော်၌ရှင်သန်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး
ပြည့်စုံစေနိုင်ကြမည် ဖြစ်သည်။
ထို့အပြင်ဇနီးနှင့်ခင်ပွန်းသည်အကြားထားရှိသည့်
မေတ္တာကို ဖော်ပြသော ကာမဆက်ဆံခြင်းသည် သားမွေးမှုကိုဦးတည်ရပေမည်။ တစ်ဦးအတွက်တစ်ဦး သွေးသားလိုအပ်မှုကို
ဖြည့်ဆည်းပေးရုံသာမက အသက်သစ်တစ်ချောင်း မွေးဖွားပေးခြင်းဖြင့်ဘုရားသခင်၏ဖန်ဆင်းခြင်းကို
ဖြည့်ဆည်းပေးရန်လည်း ဆန္ဒရှိရမည် ဖြစ်သည်။အမှန်မှာရင်သွေးကလေးငယ်သည် အိမ်ထောင်ပြုခြင်း၏ အမြင့်ဆုံးလက်ဆောင်မွန်နှင့်အဆုံးစွန်သောသရဖူ
ဖြစ်သည်။အိမ်ထောင်ဖက်တို့သည်တစ်ဦးပေါ်တစ်ဦး မေတ္တာထားခြင်းဖြင့်အချင်းချင်း စင်ကြယ်မြင့်မြတ်စေကြပြီးမိမိတို့၏ ရင်သွေးငယ်များစင်ကြယ်မြင့်မြတ်ရန်လည်း သွန်သင်ပေးကြရသည်။ အကြောင်းမှာအိမ်ထောင်ပြုခြင်းသည် ဇနီးနှင့်ခင်ပွန်းသည်တို့နှင့်သာသက်ဆိုင်သည်မဟုတ်ဘဲ မိသားစုတစ်ခုလုံးနှင့် သက်ဆိုင်သောကြောင့်ဖြစ်သည်။ ရင်သွေးငယ်များနှင့်မိဘတို့အပြန်အလှန်
မေတ္တာထားခြင်းဖြင့်လည်း စင်ကြယ်မြင့်မြတ်မှုကိုရရှိပိုင်ဆိုင်နိုင်ကြပေသည်။
မည်သို့ဆိုစေ အိမ်ထောင်သည်ဘ၀ကို လက်ခံအသက်ရှင်ရာ၌သစ္စာရှိရန်၊
မေတ္တာထားရန်တို့သည်အိမ်ထောင်သည်တို့အတွက် အမြဲတမ်းလွယ်ကူနေမည်တော့မဟုတ်ပေ။ သို့သော်လည်းဘုရားသခင်၏
ကောင်းချီးကျေးဇူးတော်သည် တောင်းခံသူတို့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပေ လိမ့်မည်ဖြစ်သည်။
သူတော်စင်ဘဝ
အချုံးအားဖြင့်ဆိုရသော်အိမ်ထောင်သည်ဘ၀သည် စင်ကြယ်မြင့်မြတ်သည့်ဘ၀သို့အခေါ်ခံရခြင်းဖြစ်သည်။ ဤဘ၀ကို
ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦးတို့မှလက်ခံ၍ အချစ်နှင့်ဘ၀ထပ်တူပြုကာတစ်သက်တာ ပေါင်းသင်းနေထိုင်ခြင်းဖြင့် တစ်ဦးကိုတစ်ဦးစင်ကြယ်မြင်ြ့မတ်စေကြသည်။ စင်ကြယ်မြင့်မြတ်စေသည်ဟုဆိုရာမှာ တစ်ဦးကိုတစ်ဦးအဆုံးစွန်လူပီသစေခြင်း၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့် တူစေခြင်းဖြစ်သည်။ ဤဘ၀ကိုလက်ခံရယူရာ၌ အိမ်ထောင်ဖက်နှစ်ဦးတို့သည် တစ်ဦးပေါ်တစ်ဦးသစ္စာရှိခြင်း၊
မေတ္တာထားခြင်းဖြင့်အိမ်ထောင်သည် ဘ၀၏အခွင့်အရေးနှင့်တာဝန်များကို ရယူဖြည့်ဆည်းကြသည်။ ဤသို့ရယူဖြည့်ဆည်းကြရာတွင် အိမ်ထောင်ဖက်နှစ်ဦးတို့သည်ခရစ်တော်၏ ဘ၀ကိုစံနမူနာယူ၍တစ်ဦးကိုတစ်ဦးအြွကင်းမဲ့အစေခံ
ပေးဆပ်ကြခြင်းဖြင့်သော်လည်ကောင်း၊ အိမ်ထောင်ဖက်နှစ်ဦးလုံး သားသမီးများကိုအစေခံပျိုးထောင်ပေးကြခြင်းဖြင့်
သော်လည်းကောင်းပါရမီ၌ ရင့်သန်လာကြကာအချင်းချင်း စင်ကြယ်မြင့်မြတ်စေကြ၍ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း
ဖြစ်သော လူသားအစစ်အမှန်များအဖြစ် သူတော်စင်ဘ၀ကိုရရှိပိုင်ဆိုင်လာစေကြပေတော့သည်။