ခြိမ်းခြောက်မှုအောက်မှ လူ့အသက်



ခြိမ်းခြောက်မှုအောက်မှ လူ့အသက်

ဘုရားသခင်သည် လူသားကို မိမိပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းတော်မူခဲ့သည် (ကမ္ဘာ ၁း၂၇)။ ခရစ်တော်သခင်သည်လည်း လူသားများ အသက်ရရန်နှင့် ထိုအသက်ကို ပိုမိုကြွယ်ဝစွာ ရရှိရန် လောကသို့ ဆင်းကြွတော်မူခဲ့ပေသည် (ယော ၁၀း ၁၀)။ လူသည် ကြွယ်ဝသော အသက်တာအတွက် ရည်ရွယ် ဖန်ဆင်းခံထားရပေသည်။ လောက၌ကြွယ်ဝသော လူ့ဘ၀အသက်တာ အတွက်သာ မဟုတ်ဘဲ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်၌ စံစားရမည့် ထာဝရကြွယ်ဝသော အသက်တာအတွက်ပါ ရည်ရွယ် ဖန်ဆင်းခံထားရပေသည် (ညွှန်း-ယော ၃း၁၆၊ ရော ၆း ၃၂)။ ထို့ကြောင့် လူ့အသက်သည် အလွန်ပင် မြင့်မြတ်၍ တန်ဖိုးကြီးလှပေသည်။ လူသားတိုင်းသည် ဤမြင့်မြတ်၍ တန်ဖိုးကြီးလှသော ဘုရားပေးလူ့ဘ၀ကို တရိုတသေဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးရမည်။ ဘုရားကို အစေခံခြင်း၊ တရားတော်ကို စောင့်သိရိုသေခြင်းနှင့် လူသားတိုင်းကို ချစ်မြတ်နိုး ကောင်းကျိုးပြုခြင်းဖြင့် စုံလင်ကြွယ်ဝသော လူ့ဘ၀ အသက်တာကို တည်ဆောက်ကြရမည် ဖြစ်သည်။

ယနေ့ခေတ်တွင် လူ့အသက်သည် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံနေရ ပေသည်။ အထူးသဖြင့် အကာအကွယ်မဲ့၍ ခုခံနိုင်စွမ်းမရှိသော ဘ၀အစ နှင့်ဘ၀အဆုံးအချိန်များ၌ လူ့အသက်သည် ပို၍ ခြိမ်းခြောက် ခံနေရပေသည်။ အကာအကွယ်မဲ့သော ကလေးငယ်သည် သန္ဓေသားဘ၀၌ အသတ်ဖြတ်ခံနေရသည်။ ခုခံနိုင်စွမ်း မရှိသော ဖျားနာနေသူတစ်ဦး သို့မဟုတ် ဇရာဖိဆီးဒဏ်ကြောင့် အိပ်ရာပေါ် တာရှည်လျောင်းနေရသူတစ်ဦးသည် သနားကြင်နာခြင်းဆိုသည့် နာမဖြင့် ခန္ဓာကိုယ်အတွင်း သေစေနိုင်သော ဆေးထိုးသွင်းခံရခြင်းဖြင့်သော်လည်းကောင်း၊ အာဟာရ ဖြတ်တောက်ခံရခြင်းဖြင့် သော်လည်းကောင်း အသက်နှုတ်ယူခံနေရသည်။ အသက်ကို ရန်ပြုသည့် အချို့သော ဒုစရိုက်များသည် လူတစ်ယောက်၏ လွတ်လပ်မှုဆိုင်ရာ အခွင့်အရေး နာမည်ဖြင့် တရားဝင် ကျူးလွန်ခွင့် ရနေကြသည်။ သန္ဓေတားဆီးခြင်း၊ မျိုးပွားနိုင်မှုကို ရာသက်ပန် ရပ်တန့်စေခြင်းနှင့် မျိုးပွားမှုဆိုင်ရာ သိပ္ပံစမ်းသပ်မှုများသည် လူ့အသက်ခြိမ်းခြောက်မှုများအတွက် တံခါးဖွင့် ပေးလျက်ရှိသည်။ လူ့အသက်ကို သတ်ဖြတ်ခြင်း၊ လူမျိုးသုဉ်းသတ်ဖြတ်ခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ တိရစ္ဆာန်သာသာ နိမ့်ကျစွာဖြင့် အသက်ရှင်နေရခြင်း၊ အဓမ္မထောင်တွင်းအကျဉ်းချခံရခြင်း၊ ရက်စက် ညှဉ်းပမ်းခံရခြင်း၊ အိမ်ယာမြေ အဓမ္ဓပြောင်းရွှေ့ ခံရခြင်း၊ပြည့်တန်ဆာဖြင့် အသက်မွေးရခြင်း၊ လူကုန်ကူးခံရခြင်း စသည် စသည်သော အခြားနည်းမျိုးစုံဖြင့်လည်း လူ့အသက်သည် ရန်ပြု တိုက်ခိုက်ခံ နေရပေသည်။

လူ့အသက်အား နည်းမျိုးစုံဖြင့် ရန်ပြု တိုက်ခိုက်လာနေခြင်းသည် လူတွေ၌ ဘုရားအသိ၊ တရားအသိ မှေးမှိန်လာ၍ ဖြစ်သည်။ စစ်မှန်သော လူ့ဘ၀အဓိပ္ပာယ် ဆိုသည့် အသိလည်း ပျောက်ဆုံးလာ၍ဖြစ်သည်။ ကောင်းသည်၊ ဆိုးသည် ဆိုသောအသိလည်း လူ့စိတ်၌ မမြဲတော့ဘဲ ဆန္ဒခုံမင်ရာသည် ဘ၀၏ ပြန်ဋ္ဌာန်းချက် ဖြစ်လာသောကြောင့် ဖြစ်သည်။ အဆုံးမှာတော့ လူသည် လူစိတ်ပျောက်သွားသောကြောင့် ဖြစ်သည်ဟုဆိုရပေမည်။ အရင်းအမြစ်သည် ဘုရားကို ဥပေက္ခာပြုသော ရုပ်ဝါဒ ကြောင့်ဖြစ်သည်။ လူကို လူဖြစ်ခြင်းကြောင့် လူဟု မယူဆ။ မိမိ အတ္တအတွက် အသုံးတည့်မှသာလျှင် လူဟု ယူဆသည်။ မိမိ အတ္တအတွက် ကျေနပ်မှု ပေးနိုင်မှသာလျှင် လူဟု ယူဆသည်။ မိမိ အတ္တအတွက် အကျိုးဖြစ်ထွန်းစေမှသာလျှင် လူဟု ယူဆသည်။ မိမိ အတ္တအတွက် ပျော်ရွှင်မှု ပေးနိုင်မှသာလျှင် လူဟု ယူဆသည်။ ဤသို့ လူကို ပစ္စည်းသဖွယ် သတ်မှတ် သဘောထား၍ လူ့အသက်ကို စိတ်ကြိုက် ကြိုးကိုင်ခြယ်လှယ်လာသည်နှင့်အညီ လူ့အသက် ခြိမ်းခြောက်မှုသည်လည်း ပို၍ ပို၍ ကြီးထွား လာရပေသည်။

ကမ္ဘာဦးကျမ်းမှ အာဘေလ၏ အသွေးသည် (ညွှန်း-ကမ္ဘာ ၄း၁၀) ဘုရားသခင်ထံ ငိုယိုအော်ဟစ်ခဲ့သကဲ့သို့ ယနေ့ အပြစ်မဲ့လူသားပေါင်း များစွာတို့၏ အသွေးသည်လည်း ဘုရားသခင်ထံ ငိုယို အော်ဟစ်လျက်ရှိပေသည်။ အသွေးသည် အသက်၏ အရင်းအမြစ်ဖြစ်သည်။ အမှန်စင်စစ် အသွေးသည် အသက်ပင်ဖြစ်သည် (ညွှန်း-တရား  ၁၂း ၂၃)။ အသက်သည် ဘုရားသခင်ပိုင်ဆိုင်သည့် အရာဖြစ်သည်။ ထို့ကြောင့် လူ့အသက်ကို တိုက်ခိုက် ဖျက်ဆီးသူသည် တစ်နည်းတဖုံအားဖြင့် အသက်ပိုင်ရှင် ဘုရားသခင်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။ လူ့အသက်ကို လုံခြုံစွာ အုပ်မိုးစောင့်ရှောက်ထားပေးသော ဘုရား၏ တရားတော်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။ အသက်ကို ရန်ပြုတိုက်ခိုက်ခြင်းအတွက်လည်း တိုက်ခိုက်သူအတွက် သော်လည်းကောင်း၊ လူသားဖြင့် တည်ဆောက်ထားသော လူ့ဘောင်အတွက် သော်လည်းကောင်း ထိုက်သင့်သည့် အကျိုးဆက်များ အဆင်သင့် ရှိနေပြီးဖြစ်သည် (ညွှန်း-ကမ္ဘာ ၉း၅)။

ဘာသာတရားသည် လောကီ၊ လောကုတ္တရာဆိုင်ရာ လူ့ဘ၀ ပြည့်စုံခြင်းအတွက် တည်ရှိနေခြင်းဖြစ်သည်။ ဘုရား၏ အစေခံဖြစ်သော သာသနာတော်သည် ဘုရားပေးသော လူ့အသက်ကို လေးစားခြင်း၊ ကာကွယ်ခြင်း၊ မြတ်နိုးခြင်းနှင့် တန်ဖိုးထား မြှင့်တင်ပေးခြင်း အကျိုးတို့အတွက်  သဘောသဘာဝအရ မဖြစ်မနေ ရပ်တည်ပေးရပေသည်။ ထို့ကြောင့်လည်း သာသနာတော်သည် ရန်ပြုမည့် မျက်စောင်းနှင့်ပင် လူ့အသက်ကို အကြည့်မခံ၊ အထိမခံဘဲ သန္ဓေတားဆီးခြင်းအစမှသည် လူကိုပစ္စည်းသဖွယ် အသုံးချမှုအလည်၊ လူသတ်မှုအဆုံး လူ့အသက်ခြိမ်းခြောက် ဖျက်ဆီးမှုများကို ဘုရား၏ တရားတော်နှင့်အညီ ထောက်ပြ သတိပေးကာ လူ့အသက်ကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပေးသည်။ လူသားတိုင်းသည်လည်း တရားအသိနှင့် ယှဉ်၍ လူ့အသက်ကို တန်ဖိုးထား မြတ်နိုးကာ ၎င်းင်းကို တာဝန်သိစွာ စောင့်ရှောက် အစေခံခြင်းဖြင့် စစ်မှန်သော လောကီဘ၀ပြည့်စုံခြင်းအတွက်သာမက နောင်ထာဝရဘ၀ ပြည့်စုံခြင်းအတွက်လည်း  မျှော်လင့်နိုင်ကြပေသည်။

A.သက်ထွေးအောင်