တရားသောစစ်
"စစ်"
ဆိုတာကတော့ မကောင်းပါဘူး။ စစ်ပွဲမှာ အကျိုးမဲ့ ထိခိုက်နစ်နာမှုတွေ၊ ဆုံရှုံးရမှုတွေ ရှိနေစမြဲပါ။
ဆင်ခြင်တုံတရား နှင့်ပြည့်ဝတဲ့သူ ဘယ်သူမျှ စစ်ဆိုတာကို လိုလိုလားလား ဆင်နွဲလိုကြမှာ
မဟုတ်ပါဘူး။ သို့ပေမယ့်လည်း မလွှဲမရှောင်သာလို့ တိုက်ရတော့မယ် ဆိုရင်လည်း ဘယ်သူမျှ ခေါင်းငုံ့ခံနေကြမည်မဟုတ်။
အထူးသဖြင့် နေရာအတော် ပြန့်နှံ့လာတဲ့ အစွန်းရောက်သူတွေရဲ့ အကြမ်းဖက်မှုတွေကို မည်သူမျှ သည်းညည်းခံမည် မဟုတ်။
မလွှဲမရှောင်သာလို့ တိုက်ရတော့မယ်ဆိုလျှင် စစ်ကို ဘယ်လိုသဘောထားနဲ့ ဆင်နွှဲကြမလဲ။ စစ်ပွဲတစ်ခုကို
ဆင်နွှဲသင့် မသင့်၊ လက်ခံသင့်မသင့် ဆိုတာကို ချင့်ချိန် သုံးသပ်ဖို့ ကက်သလစ်သာသနာတော်က
"တရားသောစစ်" ခေါင်းစဉ်ဖြင့် ပြဋ္ဌာန်း
သွန်သင်ပေးထား ပါတယ်။ ဒီ"တရားသောစစ်" ဆိုတဲ့ သွန်သင်ချက်ကို လေ့လာခြင်းဖြင့်
ကက်သလစ်ခရစ်ယာန် ဘာသာဝင်တစ်ယောက်အနေနဲ့ မိမိရဲ့ ယုံကြည်ချက်ကို အခြေခံတဲ့ ဘယ်လိုသော
အယူအဆ အတွေးအမြင်နဲ့ စစ်ပွဲတစ်ခုကို သုံးသပ်လက်ခံကြမလဲ ဆိုတာကို သိမြင်နိုင်ပါလိမ့်မယ်။
သွန်သင်ချက်ကောက်ကြောင်း
"ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သူတို့သည်
မင်္ဂလာရှိကြ၏" ဆိုပြီးရှင်မာတေးဦးကျမ်း (၅း၉)မှာ ယေဇူးကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့ပါတယ်။
ဆက်လက်ပြီး ဤမင်္ဂလာတရားမှာပဲ ယေဇူးက "တစ်စုံတစ်ယောက်က သင့်ညာဘက်ပါးကို ရိုက်ခဲ့မည်ဆိုလျှင်
ကျန်ပါးတစ်ဘက်ကိုလည်း သူ့ထံသို့ လှည့်ပေးအုံးလော့" ဆိုပြီး ဆုံးမထားတော်မူပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ခရစ်တော်အနေနဲ့ အကြမ်းဖက်မှုကို လုံးဝခွင့်ပြုမထားပါဘူး။ ဒါပေမယ့်လည်း
ရှင်လုကာကျမ်း (၂၂း ၃၆)မှာ "ဓားလွယ်မရှိသော သူသည်လည်း မိမိ၏ ၀တ်ရုံကိုရောင်း၍
ဓားကိုဝယ်စေ" ဆိုပြီး မိန့်ဆိုထားပြန်ပါတယ်။ ယေဇူးခရစ်တော်အနေနဲ့ လမ်းခရီးမှာ
ကြုံလာနိုင်တဲ့ အန္တရာယ်အတွက် မိမိတပည့်သာဝကတွေကို
ပြင်ဆင်ထားခိုင်းခြင်းဖြစ်ပါတယ်။
အကြမ်းဖက်မှုဆိုတာ ခရစ်ယာန်တွေအတွက် မြတ်နိုးသင့်တဲ့အရာ
မဟုတ်ပါ။ ငြိမ်းချမ်းရေးကိုသာ အမြဲတမ်း ရှေ့ရှုပြီး အခွင့်ခါသင့်တိုင်း ငြိမ်းချမ်းရေးကို
မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေရမှာဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းဖို့ကို
ဦးစားမပေးသင့်ပါ။ သို့သော်လည်း လိုအပ်လာမယ် ဆိုလျှင် အကြမ်းဖက်မှုမှ မိမိကိုယ်ကို ကာကွယ်ရန်
မတွန့်ဆုတ်ဖို့ လိုပါတယ်။ မကောင်းမှု ဆိုတာကြီးကိုတော့ အမြဲတမ်း လက်ပိုက်ကြည့်မနေသင့်ပါ။
ဓမ္မဟောင်းကျမ်းမှာတော့
"သတ်ရသော အချိန်ရှိ၏" (ဒေသနာကျမ်း ၃း၃) ဆိုပြီး မိမိကိုယ်ကို ခုခံကာကွယ်
ဖို့အတွက် ထောက်ခံပေးထားပါတယ်။ သမ္မာကျမ်းစာ နေရာအတော်များများမှာလည်း မိမိတိုင်းပြည်ကို
အင်အားသုံး ကာကွယ်ကြဖို့ ဘုရားသခင်ကနေပြီး အစ္စရာအဲလ်တွေကို မိန့်ဆိုတော်မူထားတာတွေ
တွေ့နိုင်ပါတယ်။ သို့သော်လည်း အင်အားသုံးခြင်းဟာ ငြိမ်းချမ်းရေး ပန်းတိုင်အတွက်ပဲ ဖြစ်နေရပါမယ်။
ဆာလံသီကုံးသူက "ညီအစ်ကိုတို့သည် တစ်လုံးတစ်ဝတည်း စိတ်သဘော ညီညွှတ်စွာ နေထိုင်ကြသည်မှာ
လွန်စွာကောင်းမြတ်၍ နှစ်သက်ဖွယ် ဖြစ်ပေ၏" (ဆာလံ ၁၃၃း၁) ဟုစပ်ဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးကတော့
အမြဲတမ်းပန်တိုင်ပါပဲ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးကို အင်အားမပါဘဲ မရနိုင်ဘူးဆိုလျှင်တော့
အင်အားသုံးရမှာ ဖြစ်ပါတယ်။
ဓမ္မသစ်ကျမ်းမှာလည်းပဲ ငြိမ်းချမ်းရေး ပန်းတိုင်ဟာ
အဓိကဖြစ်ကြောင်း ပြဆိုထားပါတယ်။ သို့ပေမယ့်လည်း တရားဝင် အင်အားအသုံးပြုမှုကိုတော့ အသိအမှတ်ပြုထားပါတယ်။
တိုင်းပြည်တည်ငြိမ်ရေးအတွက် စစ်သူရဲလုပ်နေရတဲ့သူတွေ မိမိအလုပ်ကို မှန်ကန်စွာ ဆက်လုပ်ကြဖို့
ပြောရင်း ယောဟန်ဘတ္တိဇံက စစ်အင်အားကို အသိအမှတ် ပြုခဲ့ပါတယ် (ညွှန်း-လုကာ ၃း၁၄)။ ရှင်ပေါလုလည်းပဲ
"အုပ်ချုပ်သူများ အနေနှင့် လက်နက်ကို အကျိုးမဲ့ ကိုင်ဆောင်ထားတာမဟုတ်၊ သင်တို့
အကျိုးအတွက်အလို့ငှာ လက်နက်ကို ကိုင်ဆောင်ထားသော ဘုရားသခင်၏ အစေခံများ ဖြစ်ကြသည်"
(ရောမ ၁၃း၎) ဟုဆိုခဲ့ပါတယ်။
ရောမအင်ပါယာခေတ်အတွင်း
ခရစ်ယာန်များ လူနည်းစုဖြစ်နေချိန် တစ်လျှောက်လုံး ဘယ်အချိန်မှာ စစ်ပြုသင့်မသင့် ဆိုတဲ့သီအိုရီကို အသုံးမပြုခဲ့ကြပါဘူး။ဒါပေမယ့် ခရစ်ယာန်တွေ လူများစု
ဖြစ်လာတဲ့အခါ ဒီသီအိုရီကို အရေးပေး ပြဋ္ဌာန်းဖို့ လိုလာပါတယ်။ ရှင်သြဂုတ်စတင်း (အေဒီ
၃၅၄-၄၃၀) ခေတ်ရောက်တော့ ဘယ်အချိန်မှာ စစ်ပြုသင့်တယ် ဆိုတာပြန်ဋ္ဌာန်းဖို့ လိုလာအပ်လာတဲ့အတွက်
ရှင်သြဂုတ်စတင်း ကိုယ်တိုင်ပဲ ကျမ်းစာတော်မြတ်ကို အခြေခံပြီး သွန်သင်ပေးခဲ့ရာက
"တရားသောစစ်" ဆိုတဲ့ သွန်သင်ချက် ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဤ "တရားသောစစ်"
ဆိုတဲ့ သွန်သင်ချက်ကို ခေတ်အဆက်ဆက် ပြင်ဆင်မွမ်းမံ ခဲ့ကြပေမယ့် အဓိကအခြေခံ သဘောတရားကတော့
ရှင်သြဂုတ်စတင်း သွန်သင်ပေးခဲ့တဲ့ အတိုင်းပါပဲ။
မျက်မှောက်ခေတ်
သွန်သင်ချက်
"တရားသောစစ်"
နှင့်ပတ်သက်တဲ့ ကက်သလစ်ခရစ်ယာန် သာသနာတော်ရဲ့ သွန်သင်ချက်ကို "ကက်သလစ်အယူဝါဒကျမ်းကြီး-၂၃၀၉"မှာ
တွေ့နိုင်ပါတယ်။
စစ်တပ်အင်အားဖြင့် တရားဝင် ခုခံကာကွယ်နိုင်မှုအတွက် သတ်မှတ်ထားသော တိကျသည့် အကြောင်းအရင်း အခြေအနေများကို စေ့စပ်သေချာစွာ ဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။ စစ်တပ်အင်အားဖြင့် ခုခံကာကွယ်မှုအတွက် ကိုယ်ကျင့်တရားအရ တရားဝင်ဖြစ်စေမည့် တိကျ သည့် အကြောင်းအရင်းများဖြစ်ရန် ဆုံးဖြတ်ချက်လေးနက်မှုရှိရန် လိုသည်။တစ်နေရာတည်း၊ တစ်ချိန်တည်းမှာပင်--တိုင်းပြည်တစ်ခုအပေါ်သော်လည်းကောင်း၊ တိုင်းပြည်အစုအဖွဲ့တစ်ခုအပေါ်လည်းကောင်း တိုက်ခိုက်သူမှ နစ်နာစေသည့် ထိခိုက်ပျက်စီးမှုများသည် ကြာရှည်ဖြစ်ရမည်၊ ပြင်းထန်ရမည်၊ အမှန်တကယ် ဖြစ်နေရမည် ဖြစ်သည်။-ထိခိုက်နစ်မှုကို အဆုံးသတ်ရန် အခြားသော နည်းလမ်းများသည် လက်တွေ့မကျကြောင်းနှင့်ထိရောက်မှု မရှိကြောင်း မြင်သာမှု ရှိရမည်။-အောင်မြင်မှုရရန် အလားအလာများ ရှိရမည်။-လက်နက်များ အသုံးပြုခြင်းသည် အဆုံးသတ် ဖယ်ရှားရမည့် အနိဋ္ဌာရုံထက် ဆိုးရွားမည့် အနိဋ္ဌာရုံများနှင့် မတည်ငြိမ်မှုများကို မဖြစ်ပေါ်စေရ။ ဤအခြေအနေကို သုံးသပ်ရာတွင် ခေတ်မီ အဖျက်လက်နက်များ၏ စွမ်းဆောင်မှု ပါဝါသည် ရင်လေးစရာတစ်ခုဖြစ်သည်။- ကိုယ်ကျင့်တရားအရ (စစ်ပွဲကို) တရားဝင် လက်ခံနိုင်မှုအတွက် ဤအခြေအနေများကို သုံးသပ်ရန်မှာ အများကောင်းကျိုးအတွက် အလို့ငှာ တာဝန်ရှိသော သူများ၏ နှိုင်းချင့်ဆုံးဖြတ်ချက် နှင့်သက်ဆိုင်ပေသည်။ဖော်ပြပါ အချက်များသည် "တရားသောစစ်" သွန်သင်ချက်တွင် ပါရှိသည့် အစဉ်အလာ သွန်သင်ချက်များ ဖြစ်သည်။ ကိုယ်ကျင့်တရားအရ တရားဝင် လက်ခံနိုင်မှုအတွက် ဤအခြေအနေများကို သုံးသပ်ရာရန်မှာ အများကောင်းကျိုးအတွက် အလို့ငှာ တာဝန်ရှိသော သူများ၏ နှိုင်းချင့် ဆုံးဖြတ်ချက် နှင့်သက်ဆိုင်ပေသည်။(ကက်သလစ်အယူဝါဒကျမ်းကြီး-၂၃၀၉)
အသေးစိပ်သုံးသပ်ခြင်း
တိကျသော အကြာင်းရင်းအခြေအနေများ
စစ်တပ်အင်အားဖြင့် တရားဝင် ခုခံကာကွယ်နိုင်မှုအတွက် သတ်မှတ်ထားသော တိကျသည့် အကြောင်းအရင်း အခြေအနေများကို စေ့စပ်သေချာစွာ ဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။ စစ်တပ်အင်အားဖြင့် ခုခံကာကွယ်မှုအတွက် ကိုယ်ကျင့်တရားအရ တရားဝင်ဖြစ်စေမည့် တိကျသည့် အကြောင်းအရင်းများဖြစ်ရန် ဆုံးဖြတ်ချက်လေးနက်မှုရှိရန် လိုသည်။
ဤအပိုဒ်မှာ
စစ်ထဲဝင်စေလောက်တဲ့ ဆုံးဖြတ်ချက် လေးနက်မှုကို ညွှန်းထားပါတယ်။ စစ်ထဲမ၀င်ခင် အကြောင်းအရင်း
အခြေအနေများ လုံလောက် ပြည့်စုံမှု ရှိ၊မရှိ ဆိုတာကို စေ့စပ်သေချာစွာ ဆင်ခြင် သုံးသပ်ရမှာ
ဖြစ်ပါတယ်။ အကြောင်းအရင်း အချို့တစ်ဝက် အကျုံးဝင်တာမျိုးနဲ့ မလုံလောက်ပါဘူး။ ဒါထက်
တစ်နေရာတည်းနှင့် တစ်ချိန်တည်းမှာကိုပဲ အကြောင်းအရင်းအခြေအနေအားလုံး လုံလောက် ပြည့်စုံနေရမှာဖြစ်ပါတယ်။
ကြာရှည်သော၊ပြင်းထန်သော၊အမှန်တကယ်
ဖြစ်နေသော ထိခိုက်ပျက်စီးမှု
တိုင်းပြည်တစ်ခုအပေါ် သော်လည်းကောင်း၊ တိုင်းပြည်အစုအဖွဲ့တစ်ခုအပေါ် လည်းကောင်း တိုက်ခိုက်သူမှ နစ်နာစေသည့် ထိခိုက်ပျက်စီးမှုများသည် ကြာရှည်ဖြစ်ရမည်၊ ပြင်းထန်ရမည်၊ အမှန်တကယ် ဖြစ်နေရမည် ဖြစ်သည်။
ပထမအကြောင်းအရင်းအခြေအနေအဖြစ်
တိုင်းပြည်တစ်ခုကို သော်လည်းကောင်း၊ တိုင်းပြည်အစုအဖွဲ့ တစ်ခုကို သော်လည်းကောင်း အန္တရာယ်ပြုနေတဲ့
တိုက်ခိုက်သူ ရှိနေရမယ်။ မိမိသြဇာဖြန့်ကျက်ဖို့၊ နယ်မြေချဲ့ထွင်ဖို့၊ လက် အောက်ခံကျွန်ပြုဖို့၊
ဒါမှမဟုတ် သံယံဇာတကို သိမ်းပိုက်ရုံ သက်သက် အတွက်တော့ စစ်မပြုနိုင်ပါ။ ရန်ပြုတိုက်ခိုက်မှုကို
ရင်ဆိုင်ဖို့အတွက်သာ စစ်ပြုနိုင်ပါတယ်။ ထိခိုက်နစ်နာမှုများမှာ ကြာရှည်ဖြစ်ရမယ်၊ ပြင်းထန်ရမယ်၊
ပြီးတော့ အမှန်ဖြစ်နေရမယ်။ တခဏတာနှင့်ပြင်းထန်မှုမရှိတဲ့ ရန်ပြုတိုက်ခိုက်မှုဟာ လုံလောက်တဲ့
အခြေအနေ မဖြစ်နိုင်ပါဘူး။ ရန်ပြုတိုက်ခိုက်မှုဟာ ကြာရှည်ပြီး ပြင်းထန်တဲ့ ဆိုးကျိုးများ
ရှိနိုင်ကြောင်း ကြိုမြင်နိုင်တဲ့ အခြေအနေမှာ ရှိရပါမယ်။ ရန်ပြုသူက အလျင်ဦးစွာ တိုက်ခိုက်လာမှာကို
စောင့်နေစရာမလိုပါဘူး။ တကယ်တိုက်ခိုက်လာမယ်ဆိုတဲ့ အကြောင်းအရင်း အသေချာရှိနေရင် လုံလောက်ပါတယ်။
သေချာဖို့တော့ လိုပါတယ်။
လက်တွေ့မဆန်သော၊
အထမမြောက်သော နည်းလမ်းများ
ထိခိုက်နစ်မှုကို အဆုံးသတ်ရန် အခြားသော နည်းလမ်းများသည် လက်တွေ့မကျကြောင်းနှင့်ထိရောက်မှု မရှိကြောင်း မြင်သာမှု ရှိရမည်။
ဒုတိယအကြောင်းရင်းအဖြစ်
စစ်ကို နောက်ဆုံးထား ရွှေးချယ်ရခြင်းကို ဖော်ပြထားပါတယ်။ အကယ်ရွေ့ ထိခိုက်နစ်နာမှုကို
အဆုံးသတ်ဖို့ လက်တွေ့ကျပြီး ထိရောက်တဲ့ အခြားသော နည်းလမ်းများ ရှိမယ်ဆိုလျှင် ဒီနည်းလမ်းတွေကို
အသုံးပြုရပါမယ်။ အခြားရွေးနိုင်စရာ နည်းလမ်းတွေကတော့ မျက်နှာချင်းဆိုင် သံတမန်ရေးအရ
ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ဖိအားပေးခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်း၊ နယ်မြေအရ တားဆီးပိတ်ဆို့
ကန့်သတ်ခြင်း၊ အသေး စားစီးနင်းမှုများ ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကတော့
သီအိုရီအရ ဖြစ်နိုင်တယ် လို့ထင်ရပေမယ့် တကယ် သုံးသပ်ဆုံးဖြတ်တဲ့အခါ တစ်ခါတရံ လက်ရှိအခြေအနေအရ
လက်တွေ့မကျနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အကယ်ရွေ့ ရန်ပြုသူဘက်မှ တိုက်ခိုက်မှုကို ရပ်တန့်ပစ်နိုင်ဖို့
အနေအထား အခွင့်အလမ်း မရှိဘူး ဆိုလျှင်လည်း ဒီနည်းလမ်းတွေက ထိရောက်မှာ မဟုတ်ပါဘူး။
အောင်နိုင်မှု
အလားအလာများ
အောင်နိုင်မှုရရန် အလားအလာများ ရှိရမည်။
တတိယ အကြောင်းရင်းကတော့
အောင်နိုင်မှု အလားအလာများ ရှိခြင်းပဲ ဖြစ်ပါတယ်။ အောင်နိုင်ဖို့ အာမခံချက် ဆိုတာတော့
မရှိနိုင်ပါဘူး။ အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာလိုမျိုး စစ်အင်အားကြီးတဲ့ နိုင်ငံတွေတောင်မှ
လက်နက်တပ်ဆင်မှု အားနည်းတဲ့ နိုင်ငံတွေကို ရှုံးနိမ့်နိုင်ပါသေးတယ်။ အောင်နိုင်ဖို့ အမခံချက်
မရှိသော်လည်းပဲ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အောင်နိုင်မှု အလားအလာတော့ ရှိရမှာ ဖြစ်ပါတယ်။
ပိုမိုဆိုးရွားသော
အနိဌာရုံများ
လက်နက်များ အသုံးပြုခြင်းသည် အဆုံးသတ် ဖယ်ရှားရမည့် အနိဋ္ဌာရုံထက် ဆိုးရွားမည့် အနိဋ္ဌာရုံများနှင့် မတည်ငြိမ်မှုများကို မဖြစ်ပေါ်စေရ။ ဤအခြေအနေကို သုံးသပ်ရာတွင် ခေတ်မီ အဖျက်လက်နက်များ၏ စွမ်းဆောင်မှု ပါဝါသည် ရင်လေးစရာတစ်ခုဖြစ်သည်။
နောက်ဆုံးအကြောင်းရင်းမှာ
ကြိုမြင်နိုင်တဲ့ စစ်ရဲ့ အကျိုးဆက်များနဲ့ ပတ်သက်ပါတယ်။ နိုင်မယ်လို့ ကြိုသိနေပေမယ့်
စစ်ကြောင့် ဖြစ်လာမယ့် ထိခိုက်နစ်နာမှု တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။
အကြောင်းအရင်းခိုင်လုံမှု ရှိမရှိဆိုတာကို သုံးသပ်ဖို့အတွက် လူအစုအပြုံလိုက်သေစေမယ့်
လက်နက်ခဲယမ်း အသုံးပြုမှုကိုလည်း များစွာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လူအစုအပြုံလိုက်
သေစေနိုင်မယ့် အဖျက်လက်နက်တွေကို အသုံးပြုပြီ ဆိုကတည်းက ရန်သူကို တားဆီးဖို့ လိုအပ်သည်ထက်
ပိုပြီး ဖျက်ဆီးမှုတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီနောက်ဆုံးအကြောင်းရင်းကို သုံးသပ်တဲ့အခါမှာ
စစ်ကို ဘယ်ပုံဘယ်နည်းနဲ့ ဆင်နွှဲမယ် ဆိုတာကိုလည်း မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
စစ်ကြောင့် ရလာမယ့် နစ်နာဆုံးရှုံးမှုတွေက လက်ရှိ နစ်နာဆုံးရှုံးနေရမှုထက် မကျော်လွန်စေရပါ။
ဘယ်သူဆုံးဖြတ်သလဲ
ကိုယ်ကျင့်တရားအရ (စစ်ပွဲကို) တရားဝင် လက်ခံနိုင်မှုအတွက် ဤအခြေအနေများကို သုံးသပ်ရန်မှာ အများကောင်းကျိုးအတွက် အလို့ငှာ တာဝန်ရှိသောသူများ၏ နှိုင်းချင့်ဆုံးဖြတ်ချက်နှင့်သက်ဆိုင်ပေသည်။
အကြောင်းအရင်း
အခြေအနေများကို သုံးသပ်ဆုံးဖြတ်ရန်မှာ အများကောင်းကျိုးအတွက် တာဝန်ရှိသူ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် တိုင်းနိုင်ငံများရဲ့ စနစ်အရ ထိုတာဝန်ရှိသူမှာ အစိုးရဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့
ထောက်လှမ်းရေးအဖွဲ့မှ စုဆောင်းပေးတဲ့ သတင်းအချက်အလက်များကို အစိုးရကသာလျှင် ပိုင်ဆိုင်ပါတယ်။
ပြည်သူတွေ မပိုင်ဆိုင်ပါဘူး။ စစ်အတွက် လုံလောက်တဲ့အခြေအနေကို ဆုံးဖြတ်နိုင်ဖို့ အခြေအနေ
ပြည်သူမှာ မရှိပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ခေါင်းဆောင်များ မှန်ကန်စွာ
ဆုံးဖြတ်နိုင်ရေးအတွက် သူတို့အပေါ်မှာ ယုံကြည်မှုရှိမှာ ဖြစ်တယ်။ လုံးဝ ယတိပြတ် မှန်ကန်စွာ
ဆုံးဖြတ်နိုင်လိမ့်မယ်လို့တော့ အာမမခံနိုင်ပေမယ့် ပြည်သူတွေ ဆုံးဖြတ်တာထက်တော့ ( ဆိုးညစ်တဲ့
အာဏာရှင် အစိုးရကလွဲရင်) အစိုးရဆုံးဖြတ်တာဟာ ပိုပြီး သင့်လျှော်မှန်ကန်တဲ့ ဆောင်ရွက်မှုတွေကို
ဖြစ်ထွန်းစေပါလိမ့်မယ်။ ဒီလိုပြောလိုက်လို့ ပြည်သူတွေရဲ့ အသံဟာ ဘာမှ အသုံးမကျဘူးလို့
ဆိုလိုတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူ့အသံက အရေးကြီးပါတယ်။
ပြည်သူတွေကပဲ ခေါင်းဆောင်တွေကို ရွေးချယ်ပြီး စကားထိုးစစ်ပွဲတွေကို ကျင်းပပေးခြင်း၊
ငြင်းခုံ ဆွေးနွေးကြခြင်းဖြင့် ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။
သို့သော်လည်းပဲ စစ်ထဲဝင်ဖို့အတွက်ကျတော့ ပြည်သူမှာ ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိပါဘူး။
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နှိုင်းချင့် ဆုံးဖြတ်မှုနဲ့ပဲ သက်ဆိုင်ပါတော့တယ်။ နိုင်ငံ့ခေါင်းဆောင်တွေကပဲ
အခြေအနေကို သုံးသပ်ပြီး တရားသောစစ်ဖြစ်စေဖို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချရပါလိမ့်မယ်။
စစ်အတွင်း တရားမျှတမှု
စစ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အခြားစဉ်းစားစရာတွေ
အတွဲလိုက် ရှိနေပါသေးတယ်။ ဒါတွေက စစ်ကို ဘယ်ပုံဘယ်နည်းနဲ့ တိုက်ရမယ် ဆိုတာပဲ။
ကက်သလစ်အယူဝါဒကျမ်းကြီးပါ
သွန်သင်ချက်ကတော့…
စစ်ပွဲအတွင်း၌ သာသနာတော်နှင့် လူ့ဆင်ခြင်တုံတရားတို့သည် ကိုယ်ကျင့်ဥပဒေအတွက် အမြဲတစေ တရားဝင်စံ ဖြစ်သည်။ လိုလားမှုမရှိဘဲ စစ်ဖြစ်သွားသည်ဆိုရုံနှင့် စစ်ဖြစ်သူ နှစ်ဘက်အကြား အားလုံး ခွင့်ပြုနိုင်စရာ ဖြစ်လာပြီဟု မဆိုနိုင်ပေ။(ကက်သလစ်အယူဝါဒကျမ်းကြီး - ၂၃၁၂)
စစ်ဖြစ်နေချိန်
ကြုံတွေ့နိုင်တဲ့ အန္တရာယ်တစ်ခုကတော့ တိုက်ပွဲနှင့် မပတ်သက်တဲ့ လူတွေအပေါ်ပြုတဲ့ ရက်စက်ကြမ်းကြုတ်မှုပဲ
ဖြစ်ပါတယ်။ သမိုင်းထဲက စစ်ပွဲတွေမှာ မကြာခဏဆိုသလို စစ်သားတွေဟာ မိန်းကလေးတွေကို အဓမ္မသားမယား
ပြုကျင့်ကြတယ်၊ အပြစ်မဲ့သူတွေကို ကျိုးပဲ့ ဒဏ်ရာရစေကြတယ်၊ မိမိအပေါ် ဘာမျှအန္တရာယ် မပြုနိုင်တဲ့သူတွေကိုတောင်
သတ်ဖြတ်ခဲ့ကြတယ်။ တစ်ခါတရံ လူအစုအပြုံလိုက် သတ်ဖြတ်တဲ့ အထိတောင် ဖြစ်သွားပါတယ်။ ဒီလုပ်ရပ်တွေဟာ
ကိုယ်ကျင့်တရားအရ ခွင့်ပြုနိုင်စရာ မရှိဘူးဆိုတာကိုလည်း ကက်သလစ်အယူဝါဒကျမ်းကြီးက ထောက်ပြထားပါတယ်။
တိုက်ပွဲဝင်စစ်သည် မဟုတ်သူများ၊ ဒဏ်ရာရ စစ်သည်များနှင့် သုံ့ပန်းများကို လူသားဆန်စွာ လေးစား ဆက်ဆံရမည်။ နိုင်ငံတကာ ဥပဒေနှင့် သော်လည်းကောင်း၊ ၎င်းဥပဒေ၏ အခြေခံစီးမျဉ်းများနှင့် သော်လည်းကောင်း တမင်ဆန့်ကျင့်ဘက်ပြုသော လုပ်ဆောင်မှုများသည် ရာဇ၀တ်မှုဖြစ်ပြီး ထိုလုပ်ဆောင်မှုများနည်းတူ ထိုလုပ်ဆောင်မှုများကို ဖော်ဆောင်စေသော အမိန့်များသည်လည်း ရာဇ၀တ်မှု ဖြစ်သည်။ မျက်စိမှိတ်နာခံခြင်းသည် လုပ်ရပ် ကျူးလွန်သူများကို အပြစ်မလွှတ်စေနိုင်ပေ။ ထို့ကြောင့် လူမျိုးတုံးသတ်ဖြတ်မှု၊ နိုင်ငံတစ်ဝှမ်း ဖျက်ဆီးမှုနှင့် လူနည်းမျိုးနွယ်စု တစ်ခုလုံး သုတ်သင်မှုတို့ကို ကြီးလေးသော အပြစ်အဖြစ် သတ်မှတ် ရှုတ်ချရမည်။ လူမျိုးတုံးသတ်ဖြတ်စေသော အမိန့်များကို လူတိုင်း ဖီဆန်ရန် ကိုယ်ကျင့်တရားအရ တာဝန်ရှိသည်။(ကက်သလစ်အယူဝါဒကျမ်းကြီး - ၂၃၁၃)
စစ်ပွဲအတွင်း
အန္တရာယ်မရှိသော သူများကို မည်သို့ဆက်ဆံရမည် ဆိုတာအပြင် အစုအပြုံလိုက်သေစေနိုင်သော လက်နက်များထားရှိမှုသည်လည်း
စဉ်းစားစရာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကက်သလစ် အယူဝါဒကျမ်းကြီးက အောက်ပါအတိုင်း
သွန်သင်ပေးထားပါတယ်။
မြို့များကိုလည်းကောင်း၊ လူအများနေထိုင်ရာ ကျယ်ပြန့်သော နေရာများကိုလည်းကောင်း သိမ်းကျုံးဖျက်ဆီးစေသော စစ်ဖက်ဆိုင်ရာ ပြုမှုချက်တိုင်းသည် ဘုရားသခင်နှင့်လူသားအပေါ် ကျူးလွန်သော ရာဇ၀တ်မှုဖြစ်ပြီး ၎င်းသည် ခိုင်မာပြတ်သားသော ရှုပ်ချမှုကို ရထိုက်ပေသည်။ ခေတ်သစ်စစ်ရေးရာ၏ အန္တရာယ်မှာ ၎င်းသည် ခေတ်မီသိပ္ပံလက်နက် ပိုင်ဆိုင်သူများ (အထူးသဖြင့် အနုမြူ၊ ဇီဝ သို့မဟုတ် ဓာဓုလက်နက် ပိုင်ဆိုင်သူများ)ကို ဤသို့သော ရာဇ၀တ်မှုများ ကျူးလွန်ရန် အခွင့်အလမ်းပေးနေခြင်းဖြစ်သည်။(ကက်သလစ်အယူဝါဒကျမ်းကြီး - ၂၃၁၄)
တရားသောစစ်မှာ
အပြစ်မဲ့သူ တစ်စုံတစ်ဦးမျှ ထိခိုက်ခြင်းမရှိဘဲ စစ်ပွဲပြီးဆုံးသွားဖို့ မလိုအပ်သော်လည်း
(အာမလည်း မခံနိုင်ပါ) စစ်ပွဲအတွင်းမှာ အပြစ်မဲ့သူတွေအပေါ် အန္တရာယ်မကျရောက်မိစေဖို့ အတတ်နိုင်ဆုံး
ဂရုပြုရမှာဖြစ်ပါတယ်။ စစ်ပွဲအတွင်း အပြစ်မဲ့သူတွေအပေါ် ထိခိုက်မှုတွေကို ကက်သလစ်သာသနာတော်က
"နှစ်ခုတွဲအကျိုး" (သို့) "နှစ်ခုတွဲရလာဒ်" မူဖြင့် နားလည်လက်ခံထားပါတယ်။
"နှစ်ခုတွဲအကျိုး" ဆိုတာ လုပ်ရပ်တစ်ခုတည်းမှာ အကျိုးရလာဒ်နှစ်ခု ထွက်တာကို
ဆိုလိုတာဖြစ်ပါတယ်။ ဒီဥပဒေအရ လုံလောက်တဲ့ အကြောင်းအရင်းတွေ ရှိနေမယ်ဆိုလျှင် ကောင်းကျိုးနှင့်ဆိုးကျိုးဆိုသည့်
အကျိုးရလာဒ်နှစ်ခု ဖြစ်ပေါ်စေမယ့် လုပ်ရပ်တစ်ခုကို ဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။ လုံလောက်တဲ့
အကြောင်းအရင်းတွေကို အောက်ပါအတိုင်း သုံးသပ်နိုင်ပါတယ်။
(၁) လုပ်ရပ် ကိုယ်နှိုက်က လုံးဝမှားယွင်းနေသော မကောင်းမှု
မဖြစ်ရ။
(၂) ဆိုးကျိုးရလာဒ်သည် လုပ်ရပ်၏ ဦးတည်ချက်မဖြစ်ရ
သို့မဟုတ် ဆိုးကျိုးရလာဒ်သည်
ကောင်းကျိုးရလာဒ်အတွက် အသုံးခံ မဖြစ်ရ ( ဆိုလိုတာက ဆိုးကျိုးရှိမယ်ဆိုတာကို
ကြိုမြင်သော်လည်း ဒီဆိုးကျိုးဟာ မရည်ရွယ်ဘဲ လုပ်ရပ်ကထွက်ပေါ် လာတဲ့ ဘေးထွက်ဆိုးကျိုးသာ
ဖြစ်ရမယ် လို့ ဆိုလိုတာပါ)
(၃) ဆိုးကျိုးရလာဒ်သည် ကောင်းကျိုးရလာဒ်ထက် မပြင်းထန်ရ
(ဆိုလိုတာက ကောင်းကျိုးထက် ဆိုးကျိုးပိုမဖြစ်စေရ လို့ဆိုလိုတာပါ)
ဒီအခြေနေသုံးခုနဲ့
ပြည့်စုံတယ်ဆိုရင်တော့ ထိခိုက်နစ်နာမှုရှိမယ်ဆိုတာကို ကြိုမြင်နေရသည့်တိုင် ထိခိုက်နစ်နာမှုရှိလာမယ့်
လုပ်ရပ်ကို အကောင်အထည် ဖော်နိုင်ပါတယ်။ ဟီရိုရှီးမားမြို့ နှင့်နာဂါဆာကီမြို့တွေအပေါ်
ဗုံးကြဲချပြီး စစ်ပွဲကို အဆုံးသတ်စေတဲ့ လုပ်ရပ်မှာတော့ ဖော်ပြပါ မူနဲ့ ရပ်တည်ပေးလို့
မရပါဘူး။ ဗုံးကြဲချတယ် ဆိုတဲ့ လုပ်ရပ်က လုံးဝမှားယွင်းနေတဲ့ မကောင်းမှု မဖြစ်သော်လည်းပဲ
မူရဲ့ ဒုတိယအချက်နဲ့ ညှိစွန်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ကိုအဆုံးသတ်ခြင်းဆိုတဲ့
ကောင်းကျိုးအတွက် အပြစ်မဲ့သူတွေရဲ့ အသက်ကိုသတ်ဖြတ်ခြင်းဆိုတဲ့ ဆိုးကျိုးက အသုံးခံဖြစ်နေတဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ ကောင်းတဲ့ရလာဒ်တစ်ခုအတွက် မကောင်းတာကိုလုပ်ဖို့ ကိုယ်ကျင့်တရားက
ခွင့်မပြုထားပါဘူး။
လူတွေ အပြစ်ပြုနေတတ်
သရွေ့တော့ စစ်မက်ရန်ကရှိနေအုံးမှာပါပဲ။ ခရစ်တော်နောက်လိုက်တွေအနေနဲ့ တရားမယ်ဆိုရင်
စစ်တိုက်ဖို့ ၀န်မလေးသင့်သလို တိုက်ပြီဆိုရင်လည်း တရားတဲ့နည်းနဲ့ တိုက်ဖို့ ဆန္ဒရှိရပါမယ်။
တစ်ချိန်တည်းမှာပဲ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးဖြစ်ထွန်းဖို့အတွက် ကြိုးပမ်းဖို့
တာဝန်ရှိပါတယ်။ ဤသို့ ကြိုးပမ်းခြင်းဖြင့် ခရစ်တော်ရဲ့ တရားတော်ကို နှလုံးသွင်းရာရောက်သလို
ပရောဖက်ဟေရှာယရဲ့ ဟောထားချက်ကို ပြည့်စုံစေကြမှာလည်း ဖြစ်ပါတယ်။ "တိုင်းနိုင်ငံတို့သည်
သူတို့၏ ဓားလက်နက်များကို ထွန်သွားအဖြစ် ထုဆစ်ပုံသွင်းကြလိမ့်မည်။ လှံတံများကို သစ်သီးဆွတ်ရန်
တံစဉ်များ ဖြစ်စေကြ လိမ့်မည်။ တစ်ပြည်နှင့်တစ်ပြည် စစ်တိုက်ကြတော့မည်မဟုတ်။ စစ်ရေးအတတ်ကိုလည်း
သင်ယူကြတော့မည် မဟုတ်ပေ" (ဟေရှာ ၂း၎)။
A.သက်ထွေးအောင်