အာဏာ
သြဇာအာဏာဖြင့်
လမ်းညွှန်ပေးမှု၊ ကွပ်ကဲပေးမှုမရှိဘဲ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရန် မဖြစ်နိုင်ပေ။ မိမိသဘောရှိသည့်အတိုင်း
ထင်ရာစိုင်း တစ်ဦးစီ တစ်လမ်းသွားလုပ်နေကြရုံဖြင့် အဖွဲ့အစည်းတစ်ခု အစိတ်စိတ်အမွှာမွှာ
ဖြစ်ဖို့သာရှိသည်။ လူ့အဖွဲ့အစည်းသည် အာဏာနှင့် ကင်းလွတ်နိုင်သည် ဟူ၍မရှိပေ။ သို့သော်လည်း
လူတို့သည် အာဏာကို မယုံရဲကြ။ သံသယရှိနေကြဆဲ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ အာဏာကိုနားမလည်မှုနှင့်
၎င်းင်းကိုအလွဲသုံးစား ပြုမှုများကြောင့်ဖြစ်သည်။
အာဏာသည် ထိန်းချုပ် နှိပ်ကွပ်ရန်အတွက်မဟုတ်။ သြဇာခံသူတို့၏ ကောင်းကျိုးအရေး၊
အများကောင်းကျိုးအရေးကို စီမံကွပ်ကဲ မြှင့်တင်ပေးရန် ဖြစ်သည်။
သြဇာအာဏာသည်
တစ်စုံတစ်ယောက်၏ ပုဂ္ဂိုလ်ရေးရာ အာဏာဖြစ်နိုင်သလို၊ တာဝန်ဆိုင်ရာ အပ်နှင်းခံ အာဏာလည်းဖြစ်နိုင်သည်။
ပုဂ္ဂိုလ်ရေးရာဟု ဆိုရခြင်းမှာ တစ်စုံတစ်ယောက်သည် မိမိပါရမီကြောင့် တစ်ပါးသူအပေါ် သြဇာရှိနေရခြင်း၊
မိမိ တတ်ကျွမ်းသော ပညာကြောင့် တစ်ပါးသူအပေါ် သြဇာရှိနေရခြင်း၊ မိမိ၏ အတွေးအခေါ်ကြောင့်
တစ်ပါးသူအပေါ် သြဇာရှိနေရခြင်း၊ မိမိ၏ ဖြောင့်မတ်ခြင်းကြောင့် တစ်ပါးသူအပေါ် သြဇာရှိနေရခြင်း
စသည်တို့ကို ဆိုလိုသည်။ တာဝန်ဆိုင်ရာ ဟုဆိုရခြင်းမှာ အုပ်ချုပ်ရန် တာဝန်အတွက် လူအများမှ
အပ်နှင်းပေးထားသောကြောင့် သြဇာရှိနေရခြင်းကို
ဆိုလိုသည်။ ယခုစာပါအကြောင်းအရာသည် တာဝန်ဆိုင်ရာ အပ်နှင်းခံအာဏာကို ရည်ညွှန်း ပြောဆိုထားသည်။
ပုဂ္ဂိုလ်ရေးရာ သြဇာအာဏာ ပိုင်ဆိုင်ထားသူများကို မိမိ၏ ဆင်ခြင်တွေးခေါ်ဉာဏ်ဖြင့် လွတ်လပ်စွာ
ဆုံးဖြတ်နာခံ နိုင်သော်လည်း ဘာသာတရားရေးရာအုပ်ချုပ်မှု တာဝန်အတွက် ခန့်အပ်ခံအာဏာပိုင်
ကိုသော်လည်းကောင်း၊ နိုင်ငံရေးရာအုပ်ချုပ်မှု တာဝန်အတွက် ခန့်အပ်ခံ အာဏာပိုင် ကိုသော်လည်းကောင်း
အုပ်ချုပ်ခံသူတို့ နာခံရန် တာဝန်ရှိသည်။ အာဏာ၏ အရင်းအမြစ်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည်
အုပ်စိုးခွင့် အာဏာကို လူတို့အား ပေးထားတော်မူသည်
(ညွှန်း-ကမ္ဘာ ၁း ၂၈)။ ဘုရားသခင်နှင့် ဆိုင်သော အရာတို့သည် ကောင်းမြတ်၍ လူ့သားကောင်းကျိုးအတွက်
ရှေ့ရှုသည်။ ထို့ကြောင့် အုပ်ချုပ်သူတိုင်းသည် ဘုရားသခင်ထံမှရသော သြဇာအာဏာကို လူသားကောင်းကျိုးအတွက်
ရှေ့ရှု၍ မှန်ကန်စွာ၊ တာဝန်ရှိစွာ အသုံးပြုနိုင်ရမည် ဖြစ်သည်။
အလှတန်ဆာ
အာဏာပိုင်တို့သည်
အုပ်ချုပ်ခံသူတို့ ကောင်းကျိုးအတွက်ငှာ ခန့်အပ်ခံရသည့် ခေါင်းဆောင်များ ဖြစ်ကြသည်။
ခေါင်းဆောင်များသည် အစေခံစိတ်ဓာတ်ဖြင့် ပေးဆပ်မြဲဖြစ်သည်။ ပေးဆပ် ဆက်ကပ်ရန်လည်း တာဝန်ရှိသည်။
တာဝန်ရှိကြောင်းကိုလည်း ယေဇူးခရစ်တော်မှ ဆုံးမထားတော်မူသည်။ "သင်တို့တွင် အကြီးဆုံး
ဖြစ်လိုသော သူသည် သင်တို့၏ အစေခံ ဖြစ်ရမည်။ သင်တို့တွင် ပထမအဦးဆုံး ဖြစ်လိုသောသူတို့သည်
အားလုံး၏ ကျွန်ဖြစ်ရမည်" (မာကု ၁၀း ၄၃-၄၅)။ယေဇူးကိုယ်တော်တိုင်လည်း မိမိသည် သူတစ်ပါးကအစေခံသည်ကို
ခံယူရန် ကြွလာသည် မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ လူများစွာအတွက် မိမိ အသက်ကို စွန့်ရန်
ကြွလာခြင်းဖြစ်ကြောင်း မိန့်ဆိုတော်မူခဲ့သည် ( ညွှန်း-မာကု ၁၀း ၄၅)။ မိမိ၏ တပည့်များ၏
ခြေကို ဆေးပေးခြင်းဖြင့် ( ညွှန်း-ယော ဟန် ၁၃း၁-၁၇) ပုံသက်သေကောင်း ပြတော်မူခဲ့ပေသည်။
ကျမ်းစာတော်မြတ်ပါ တပည့်တော်ကြီးများ၏ ပေးစာတွင်လည်း အာဏာကို စိတ်ကောင်း စေတနာဖြင့်
အသုံးပြုရန် ဆုံးမထားပေသည်။ ခင်ပွန်းသည်တို့သည် မိမိတို့၏ ဇနီးများကို ကြမ်းတမ်းစွာမဟုတ်ဘဲ
ချစ်ခင်လေးစားစွာ ပြောဆိုဆက်ဆံရမည် (ညွှန်း-ဧဖက် ၅း ၂၅-၃၀၊ ကော် ၃း ၁၉၊ ၁ပေ ၃း ၇)။ သားသမီးများကို
အမျက်မထွက်စေဘဲ၊ စိတ်မသာမယာ မဖြစ်စေဘဲ ဘုရား၏ ဆုံးမသွန်သင်ချက်အတိုင်း ပြုစုပျိုးထောင်ပေးရမည်
(ညွှန်း-ဧဖက် ၆း ၄၊ ကော် ၃း၂၁)။ သခင်တို့သည် မိမိတို့၏ အစေခံများကို ခြိမ်းခြောက်ခြင်း
မပြုဘဲ တရားသဖြင့် မျှတစွာ ဆက်ဆံ ကြရမည် (ညွှန်း-ဧဖက် ၆း၉၊ ကော် ၄း၁)။ အကြီးအကဲ ခေါင်းဆောင်တို့သည်
မိမိ လက်အောက် ငယ်သားများ၏ ကောင်းကျိုးအရေးကို အမြဲတစေ ရှေ့ရှုပေးရမည် ဖြစ်သည် (ညွှန်း-၁ပေ ၅း ၁-၄)။ အာဏာ၏ အလှတန်ဆာသည် အစေခံခြင်းဖြစ်သည်။
အစေခံခြင်းသည်လည်း နှိမ့်ချခြင်း၊ သဘောထားကြီးခြင်း၊ ကောင်းမြတ်ခြင်း၊ လေးစားခြင်း၊
မေတ္တာထားခြင်း စသည့် ထောက်တိုင်တို့အပေါ်၌ မှီတည်နေရပေသည်။
စည်းနှင့် ဘောင်နှင့်
အာဏာပိုင်သည်
အုပ်ချုပ်ခံ ငယ်သားများကို အသုံးခံ လူသားများ အဖြစ် သဘောမထားအပ်။ အားလုံး၏ ဘုံအကျိုး
ပန်းတိုင်အတွက် မိမိ၏ ဦးဆောင်မှုအောက်၌ မိမိနှင့်အတူ လက်တွဲ လုပ်ဆောင်နေသူများအဖြစ်
သဘောထား ဆက်ဆံရပေမည်။ မိမိအာဏာသည် အစေခံခြင်းအတွက် ဖြစ်သည့်အလျောက် မိမိအကျိုးအတွက်
အလို့ငှာ မဟုတ်ဘဲ ငယ်သား တစ်ဦးချင်းစီ၏ အကျိုးအတွက် သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုလုံး၏
အကျိုးအတွက် သော်လည်းကောင်း ဦးထိပ်ထား လုပ်ဆောင်ပေးရမည် ဖြစ်သည်။ လူ၏ အာဏာသည် မပြည့်စုံသကဲ့သို့
၎င်းင်းသည်လည်း အကန့်သတ်နှင့်သာရှိသည်။ ဥပဒေအတွင်း၌သာ ရှိသည်။ ထို့ကြောင့် အုပ်ချုပ်သူအာဏာပိုင်
အနေနှင့်လည်း မှန်ကန် ကောင်းမြတ်သော အမိန့်၊ တရားမျှတသော အမိန့်၊ အများအကျိုးကို ဖော်ဆောင်ပေးမည့်
အမိန့်များကိုသာ ချမှတ် လိုက်နာစေရမည်ဖြစ်သည်။ မိမိအကျိုးအတွက်ငှာ အာဏာဆန်လွန်းလျှင်
အများအကျိုးပျက်စီး၍ ခေါင်းဆောင်မှုလည်း ကျရှုံးရပေသည်။ အာဏာဆန်ခြင်းသည် ငယ်သားများ လိုလိုလားလား
လက်တွဲ လုပ်ဆောင်ပေးရန် ငြင်းဆန်စေသည်။ ပုန်ကန်လိုမှုကို သွေးထိုးပေးသည်။ နာကျည်းမှုနှင့်
လျို့ဝှက်လက်စားချေမှုများ ဖြစ်ပေါ်စေသည်။ ထို့အတူ အခြားအစွန်းတစ်ဖက်ဖြစ်သော အာဏာကို
ဥပေက္ခာပြု၍ ပေါ့ပေါ့တန်တန်ထားပြီး ငယ်သားများအပေါ်
သြဇာမညောင်း စေနိုင်လျှင်လည်း အများအကျိုးဆုတ်ယုတ်စေ၍ ခေါင်းဆောင်မှု ကျရှုံးရသည်။
ညွှန်ကြားမှု၊ ကွပ်ကဲမှု မပေးနိုင်၍ မိမိသြဇာ မသက်ရောက်စေနိုင်လျှင် ငယ်သားများ၏ စွမ်းဆောင်နိုင်မှုကို
ဖြုန်းတီးပစ်ရာရောက်ပြီး အများအကျိုး တိုးတက်စေရေးကို နှေးကွေး ဖင့်လေးစေသည်သာမက အများအကျိုးကိုပင်
ပျက်စီးစေတတ်သည်။ ထို့ကြောင့် အုပ်ချုပ်သူ တစ်ဦးအနေနှင့် မိမိအာဏာကို လျောက်ပတ် ထိရောက်စွာ
အသုံးပြုနိုင်ရန်လည်း ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ခြင်း၊ မိမိခေါင်းဆောင်မှုအပေါ်
ဝေဖန်သုံးသပ်ခြင်း၊ လုပ်ဆောင်မှုအတွက် ငယ်သားများနှင့် ပွင့်လင်းစွာ ညှိနှိုင်းခြင်းများ
လိုအပ်သည်ပင်။
နာခံလိုက်နာ
ထိရောက်သောလက်တွဲ
လုပ်ဆောင်မှု၊ စနစ်တကျ ထောင့်စေ့စွာ လုပ်ဆောင်နိုင်မှု နှင့်ပစ်မှတ်ကိုသာ အာရုံစိုက်
အရေးပေးမှု များရှိရန် အုပ်ချုပ်ခံ ငယ်သားများဘက်မှ နာခံလိုက်နာမှု ရှိရန် လိုအပ်သည်။
နာခံလိုက်နာမှု ရှိမှသာ ဘုံအကျိုးတစ်ခုကို အားလုံး
တက်ညီလက်ညီဖြင့် ထိရောက် မြန်ဆန်စွာ ပြီးမြောက်စေနိုင်ပေလိမ့်မည်။ နာခံလိုက်နာခြင်းသည်
အများအကျိုးကို ရှေ့ထားခြင်းဖြစ်သည်။ အများအကျိုးကို စေတနာထားခြင်းသည်လည်း အများထဲမှ
မိမိအကျိုးကို စေတနာထားခြင်းဖြစ်သည်။ နာခံလိုက်နာခြင်းသည် မိမိအတွက် နိမ့်ကျသည့်အမှုမဟုတ်ဘဲ
မိမိပါဝင်သော အဖွဲ့အစည်း ကောင်းကျိုးအတွက်၊ လူသားများအတွက် လက်တွဲပေးဆပ်နေရသည့် ဂုဏ်ယူစရာအမှု
ဖြစ်ပေသည်။ မှန်ကန်ကောင်းမြတ်သော အမိန့်တို့ကို နာခံလိုက်နာရမှု၌ မိမိ၏ ဆန္ဒကို စတေးရမြဲဖြစ်သည်။
ထို့ကြောင့်လည်း နာခံခြင်းသည် ပါရမီတစ်ပါး ဖြစ်နေရပေသည်။ "လူတိုင်းသည် အုပ်ချုပ်သူတို့ကို
ကျိုးနွံ နာခံကြပါစေ။ အကြောင်းမူကား ဘုရားသခင် အထံတော်မှ မဟုတ်လျှင် မည်သည့် အုပ်ချုပ်သူ
သြဇာအာဏာမျှ မတည်ရှိနိုင်။ တည်ရှိနေသော သူတို့သည် ဘုရားသခင်အားဖြင့် ခန့်အပ်ထားခြင်း
ခံရ၏" (ရောမ ၁၃း၁)။နာခံလိုက်နာသည် ဟုဆိုရာမှာလည်း မိမိကိုယ်ကို စက်ရုပ်ကဲ့သို့
ဟိုသွားဆိုလျှင် သွား၊ ဒီလာဆိုလျှင်လာ ဟုခိုင်းစေရန် မျက်စိမှိတ် ပုံအပ်လိုက်ခြင်းမျိုးမဟုတ်။
မိမိသည် လူသားတစ်ဦး ဖြစ်သည့်အလျောက် ဆင်ခြင်တုံတရားအသိ နှင့်ယှဉ်၍ တာဝန်သိစွာ နာခံလိုက်နာရပေမည်။
မှန်ကန် ကောင်းမြတ်သော အမိန့်နှင့် ခိုင်းစေမှုများကိုသာ လိုက်နာရန် တာဝန်ရှိပေသည်။ လူတို့၏ အာဏာအထက်၌ ဘုရားသခင်၏ အာဏာတည်၏။ ကိုယ်ကျင့်တရား
အာဏာတည်၏။ ထို့ကြောင့် ဘုရား၏ ပညတ်တော်များနှင့် ဆန့်ကျင်သော၊ ကိုယ်ကျင့်ဥပဒေနှင့်
ဆန့်ကျင်သော မည်သည့် အမိန့်ကိုမဆို မနာခံအပ်၊ မလိုက်နာအပ်ပေ။
လက်တွဲညီညီ
လူသည် သဘာဝအားဖြင့်
အဖွဲ့အစည်းနှင့်နေ၍ အဖွဲ့အစည်းအပေါ် မှီခို နေရသည်။ အဖွဲ့အစည်းတိုင်းသည်လည်း အဖွဲ့အစည်းတွင်
ပါဝင်သူများ၏ အကျိုးကို ရှေ့ရှုသည့် ဘုံအကျိုးပန်းတိုင်ဆီသို့ ဦးတည်နေသည်။ ထိုသို့
ဦးတည်ရာ၌ အုပ်ချုပ် စီမံကွပ်ကဲ ပေးရသူနှင့် လက်အောက်ငယ်သားတို့သည် ဟန်ချက်ညီစွာ ပူးပေါင်းလက်တွဲ
လုပ်ဆောင်ရပေသည်။ ထိုသို့ပူပေါင်း လုပ်ဆောင်ရာ၌လည်း အာဏာရှိသူသည် အာဏာကို အများကောင်းကျိုး
အတွက် (အဖွဲ့အစည်းတစ်ခုလုံးအတွက်) ဟုသိရှိနားလည်၍ မှန်ကန်စွာ အသုံးချရန်လိုအပ်သကဲ့သို့
လက်အောက်ခံငယ်သားသည်လည်း နာခံမှုကို အများကောင်းကျိုးအတွက် (အဖွဲ့အစည်းတစ်ခုလုံးအတွက်)
ဟုသိရှိနားလည်၍ စေတနာရှိစွာ လိုက်နာပေးဆပ်လုပ်ကိုင်ရန် လိုအပ်ပေသည်။ အုပ်ချုပ်သူနှင့်
အုပ်ချုပ်ခံ ငယ်သားတို့သည် မှန်ကန်ကောင်းမြတ်မှုကို ဦးထိပ်ထားလျက် တစ်ဦးအပေါ်တစ်ဦး
လေးစားတန်ဖိုးထားခြင်းဖြင့် ဟန်ချက်ညီစွာ ပူပေါင်း လက်တွဲလုပ်ဆောင်နိုင်ကြမည်ဆိုလျှင်
လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံး၏ ကောင်းကျိုးအရေး (တည်ငြိမ်ခြင်း၊ စည်းလုံးခြင်း၊ တိုးတက်ခြင်း၊
ငြိမ်းချမ်းခြင်း စသည် စသည်တို့) ဖြစ်ထွန်းလာမည်မှာမလွဲ
ဖြစ်ပေသည်။
A.သက်ထွေးအောင်
