လွတ်လပ်မှု၏ ခမ်းနားထည်ဝါမှု
လူတို့သည် လွတ်လပ်လိုကြသည်။
သာမန် လွတ်လပ် လိုကြသည်မဟုတ်။ အကန့်အသတ်မဲ့ လွတ်လပ်လိုကြသည်။ ဘာသာတရား နှင့်ကင်း၍လွတ်လပ်
လိုကြသည်။ ဘုရားနှင့်ကင်း၍ လွတ်လပ်လိုကြသည်။ ကိုယ်ကျင့်တရားနှင့်ကင်း၍ လွတ်လပ်လိုကြသည်။
ပညတ်ဥပဒေနှင့်ကင်း၍ လွတ်လပ်လိုကြသည်။ တာဝန်နှင့်ကင်း၍ လွတ်လပ်လိုကြသည်။ သို့သော်လည်း
လူ၏လွတ်လပ်မှု သဘာဝကိုယ်နှိုက်က ထိုအရာတွေနှင့် ကင်းလွတ်၍ မရပေ။ အမှန် မှာ လူသည် ထိုအရာများအတွက်
လွတ်လပ်နေရပြီး တစ်ခုသော ပန်းတိုင်ဆီသို့ ရွေ့လျားနေရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လွတ်လပ်မှုသည်
ဘာသာတရားအတွက် ဖြစ်သည်။ လွတ်လပ်မှုသည် ဘုရားအတွက် ဖြစ်သည်။ လွတ်လပ်မှုသည် ကိုယ်ကျင့်တရားအတွက်
ဖြစ်သည်။ လွတ်လပ်မှုသည် ပညတ်ဥပဒေအတွက် ဖြစ်သည်။ လွတ်လပ်မှုသည် တာဝန်ယူမှုအတွက် ဖြစ်သည်။
ဤအရာများသည် လွတ်လပ်မှု၏ ခမ်းနားထည်ဝါမှုပင် ဖြစ်သည်။ ဤလွတ်လပ်မှု၏ ခမ်းနားထည်ဝါမှု အကြောင်းနှင့်
ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်-၂ ၏ The Splendor of Truth (အမှန်တရား၏ ခမ်းနားထည်ဝါမှု)
စာချွန်လွှာမှ တီးခေါက်မိသမျှကို တင်ပြပါသည်။
ကောင်းမြတ်ခြင်းနှင့်
ထာဝရ အသက်
"ဆရာသခင်၊
ထာဝရအသက်ကို ရနိုင်အလို့ငှာ အကျွန်ုပ်သည် မည် သည့် ကောင်းမှုကို ပြုရပါမည်နည်း"
( မာတေး ၁၉း ၁၆)။ လူငယ်တစ်ဦးမှ ယေဇူးခရစ်တော်အား မေးသော ဤမေးခွန်းသည် ထာဝရအသက် ဆိုသည့်
ပန်းတိုင်အတွက် အကောင်းမြတ်ဆုံး ဆိုသည့်အရာကို တောင့်တသော လူသားတိုင်း၏ မေးခွန်းဖြစ်သည်။
ဤမေးခွန်းသည် လူ့ဘ၀အဓိပ္ပာယ် အကြောင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်သည်။ လူငယ်လေးသည်
ကောင်းမြတ်ခြင်းကို လိုလား မြတ်နိုးသည်။ ကောင်းမြတ်ခြင်းကို လိုလားမြတ်နိုးရခြင်း မှာလည်း
လူ့ဗီဇကိုယ်နှိုက်က ထာဝရအသက်အတွက် ဖန်းဆင်း ခံထားရပြီး ထိုထာဝရအသက်အတွက် ကောင်းမြတ်မှုကို
တောင့်တနေသောကြောင့် ဖြစ်သည်။ ထာဝရ အသက်ကို ရရန် မည်သည့် ကောင်းမှုကို ပြုရပါမည်နည်း
ဟူသော အဖြေကို သိရန် ကောင်းမြတ်မှုနှင့် ပြည့်စုံသော ဘုရားသခင်ဆီသို့ ဦးလှည့်ကြရမည်။
ဘုရားသခင်သည်သာလျှင် ဤမေးခွန်း၏ အဖြေကို ပေးစွမ်းနိုင် တော်မူသည်။
ထာဝရအသက် နှင့်
ပညတ်ဥပဒေ
ဘုရားသခင်သည်
ကောင်းမြတ်ခြင်း အကြောင်းကို ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ပညတ်တော် (၁၀)ပါး အသွင်ဖြင့်
ရေးထွင်းပေးထား တော်မူသည်။ ထိုပညတ်တော် နှင့်ထာဝရအသက်အကြား ဆက်နွယ်မှုရှိနေသည်။ ဆက်နွယ်မှု
ရှိကြောင်းလည်း ခရစ်တော် ကိုယ်တော်တိုင် အတိအလင်း မိန့်ကြားတော်မူခဲ့သည်။ "သင်သည်
ထာဝရ အသက်ကို ရလိုလျှင် ပညတ်တော်များကို စောင့်ထိန်းလော့" (မာတေး ၁၉း ၁၇)။ဘုရား၏
ပညတ်တော်သည် အသက်၏ လမ်းကို ညွှန်ပြ၍ ထာဝရ အသက်ဆီသို့ ခေါ်ဆောင်ပေးသည်။ ပညတ်တော်သည် ဘုရားကို
မြတ်နိုးရန်နှင့် လူသားများအပေါ် မေတ္တာထားရန်သင်ပြပေးသည်။ တစ်နည်းအားဖြင့် လူသည် ဘုရားကို
ဆည်းကပ်မှု၌ လည်းကောင်း၊ လူသားချင်းနှင့် ပေါင်းသင်း ဆက်ဆံမှု၌ လည်းကောင်း မေတ္တာပညတ်ကို
စောင့်ထိန်း၍ မိမိ၏ ကောင်းမြတ်ခြင်းကို ဆည်းပူးရမည်ဖြစ်သည်။
ပညတ်ဥပဒေနှင့်
လွတ်လပ်မှု
လူသားတိုင်း၌
လွတ်လပ်မှုရှိသည်။ လွတ်လပ်မှု ရှိခြင်းကြောင့်လည်း လူသည် ရွေးချယ်ဆုံးဖြတ်တတ်သည်။ လူသည်
လွတ်လပ်သည်။ သို့သော်လည်း လူ၏ လွတ်လပ်ခြင်းသည် အကြွင်းမဲ့ မဟုတ်။ မည်သည့်အရာက ကောင်းသည်၊
ဆိုးသည်ဟု မိမိကိုယ်တိုင် သတ်မှတ် မရွေးချယ်နိုင်ပေ။ မည့်သည့်အရာက ကောင်းသည်၊ ဆိုးသည်
ဆိုသည်မှာ ဘုရားသခင် ပြဋ္ဌာန်းချက်နှင့်သာ သက်ဆိုင်သည်။ ဘုရားသခင်၏ အမိန့်တော်ကို နာခံနေသရွေ့
လူသည် လွတ်လပ်နေသည်။ ဘုရားသခင်သည် လူကို မိန့်တော်မူသည်မှာ "ကောင်းမကောင်းကို
သိကျွမ်းသော အပင်မှ တစ်ပါး ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော
အခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်" (ကမ္ဘာ
၂း ၁၆-၁၇)။ လူ၏ လွတ်လပ်ခြင်းသည် ကောင်း၊ မကောင်းကို သိကျွမ်းသော အပင်၏ ရှေ့တွင် ရပ်တန့်ရမည်။
လွတ်လပ်ခြင်းသည် ကောင်းသည် ဆိုသည့်အရာကို ရွေးချယ်ခြင်း၌သာ လွတ်လပ်ခြင်း အစစ်အမှန်ဖြစ်နိုင်ပေသည်။
ထို့ကြောင့် လွတ်လပ်ခြင်းသည် လွတ်လပ်ခြင်း မည်ရန် ဘုရားသခင်၏ ပညတ်ဥပဒေကို နာခံနိုင်ရမည်။
အကြောင်းမှာ ဘုရားသခင် တစ်ပါးတည်းသာလျှင် အကြွင်းမဲ့
ကောင်းမြတ်တော်မူ၍ ကိုယ်တော်သာလျှင် လူသားတို့အား ကောင်းမြတ်ရာကို ညွှန်ပြပေးနိုင် တော်မူသည်။
လွတ်လပ်ခြင်းနှင့်
ဘုရား၏ပညတ်ဥပဒေ အကြားတွင် မည်သည့်ဆန့်ကျင့်မှုမျှ မရှိပေ။ ထို့ထက် ဘုရားသခင်၏ ပညတ်ဥပဒေများသည်
လူ၏ လွတ်လပ်ခြင်းကို ကာကွယ် မြှင့်တင်ပေးသည်။လွတ်လပ်ခြင်းသည် မိမိအပေါ် မိမိ အုပ်ချုပ်စေသည့်
လူ၏အာဏာ ဖြစ်သည်။ ဘုရားသခင်နှင့် သဏ္ဌာန်တူလာရန် မိမိကိုယ်ကို တာဝန်ယူ စောင့်ရှောက်
စေသည့် အာဏာဖြစ်သည်။ ဘုရား၏ ပညတ်တော်များသည် လူကို ကိုယ်ကျင့်တရားနှင့် ပြည့်ဝစေခြင်းဖြင့်
ဘုရားနှင့် သဏ္ဌာန်တူလာစေသည်။ ဘုရားနှင့် သဏ္ဌာန်တူလာခြင်းက လူ့ဘ၀ကို အပြည့် အ၀ ရှင်သန်စေခြင်း
ဖြစ်သည်။ ကိုယ်ကျင့်တရားမရှိလျှင် လူသည်ပျက်စီးရသည်။
ထို့ကြောင့် အကောင်းအဆိုး ဆိုတာကို မနာခံလျှင် သို့မဟုတ် ကောင်းတာကို မကျင့်၊ ဆိုးတာကို
မရှောင်လျှင် လူသည် ပျက်စီးရသည်။ ဘုရားသခင်၏ ပညတ်တော်၌ ဖော်ပြသော အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့မရှိလျှင်
လွတ်လပ်ခြင်းသည် အသက်ဆိုသည့် ရှင်သန်မှု သို့မဟုတ် လူ့ဘ၀၏ ခမ်းနားထည်ဝါမှုကို မည်သို့မျှ
ရရှိခံစားစေနိုင်မည် မဟုတ်ပေ။
လွတ်လပ်မှု နှင့်
ကောင်းမြတ်ခြင်း
ကိုယ်ကျင့်တရားသည်
လွပ်လပ်မှုနှင့် ကောင်းမြတ်ခြင်းတို့အကြား ဆက်နွယ်မှု ဖြစ်သည်။ လူတစ်ယောက်သည် ကောင်းမြတ်သည့်
အမှုတစ်ခုကို လွတ်လပ်စွာ တမင်ရွေးချယ် လုပ်ဆောင်လိုက်သောအခါ ကောင်းသည့် ကိုယ်ကျင့်လုပ်ရပ်တစ်ခုကို
လုပ်လိုက်ခြင်းဖြစ်သည်။ ကောင်းသော ကိုယ်ကျင့်လုပ်ရပ်များသာ ရှင်သန်သည့် ဘ၀ကို အဓိပ္ပာယ်ရှိစေသည်။
အကြောင်းမှာ လုပ်ရပ်ကောင်းများသည်သာ လူကို အဆုံးစွန်သော အကြွင်းမဲ့ ကောင်းမြတ်ခြင်း
ဆီသို့ ခေါ်ဆောင် ပေးနိုင်သောကြောင့် ဖြစ်သည်။ ထိုအကြွင်းမဲ့ကောင်းမြတ်ခြင်းသည် ဘ၀ပေး
ပိုင်ရှင် ဘုရားသခင် ဖြစ်သည်။
ကောင်းသော ကိုယ်ကျင့်လုပ်ရပ်ဟု
ဆိုရာမှာလည်း ထိုလွတ်လပ်စွာ ရွေးချယ်လိုက်သော လုပ်ရပ်သည် လုပ်ရပ်ကိုယ်နှိုက်၏ ကောင်းမြတ်ခြင်းနှင့်
တစ်ထပ်တည်းကျရန် လိုအပ်သည်။ ရည်ရွယ်ချက်ကောင်းနေသည် ဆိုရုံလောက်သာ အခြေခံသည့် လုပ်ရပ်မဖြစ်သင့်ပေ။
သို့မဟုတ် ကောင်းကျိုးပိုများမည်၊ ဆိုကျိုးပိုနည်းမည် ဆိုရုံလောက်သာ အခြေခံသည့် လုပ်ရပ်မဖြစ်သင့်ပေ။
လုပ်ရပ်တစ်ခုကို ဤသို့ တွေးဆအကောင်ထည် ဖော်မည်ဆိုလျှင် မည်သည့်အရာက ကောင်းသည် သို့မဟုတ်
ဆိုးသည်ကို ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ တွေးဆမည် ဆိုလျှင်
နောက်ဆက်တွဲ ကောင်းကျိုးရှိသည် ဆိုရုံနှင့် မကောင်းမှုများသည်လည်း ကောင်းမှု ဖြစ်လာနိုင်ပေသည်။
မည်သို့ဆိုစေ ကောင်းကျိုးတစ်ခုအတွက် မကောင်းမှုကို ပြုခွင့်မရှိပေ။ ဆိုလိုသည်မှာ ကောင်းကျိုး
တစ်ခုကြောင့် မကောင်းမှုသည် ကောင်းမှု ဖြစ်မလာနိုင်ပေ။ မကောင်းမှုကို လုပ်ဆောင်ခြင်းသည်
မကောင်းမှုပင် ဖြစ်နေမည် ဖြစ်သည်။
လူသည် မကောင်းမှု
ပြုခြင်းဖြင့် ကောင်းကျိုးတစ်ခုကို ဖြစ်ထွန်းစေကောင်း ဖြစ်ထွန်းစေနိုင်ပေလိမ့်မည်။
သို့သော် ထိုမကောင်းမှုကို ပြုသော သူသည် မကောင်းသောသူသာ ဆက်ဖြစ်နေပြီး ကောင်းမြတ်ပြည့်စုံခြင်း
နှင့်လည်း ဝေးနေဦးမည် ဖြစ်သည်။ လူသတ်မှုသည် လူသတ်မှုသာ ဖြစ်နေပြီး လူသတ် တရားခံသည် လူသတ်သမားသာ
ဖြစ်နေပေဦးမည်။ လူသတ်မှုသည် ကောင်းကျိုးတစ်ခုကို ဖြစ်ထွန်းစေသောကြောင့် လူသတ်မှုသည်
ကောင်းမှု တစ်ခုဖြစ်မလာနိုင်သကဲ့သို့ လူသတ်သမားသည်လည်း ကောင်းမြတ်သည့်သူတစ်ဦး မဖြစ်လာနိုင်ပေ။
ထို့ကြောင့် ကိုယ်ကျင့်တရားသည် လုပ်ရပ်ကိုယ်နှိုက်၏ ကောင်းခြင်း မကောင်းခြင်းအပေါ် မူတည်သည်။
ရည်ရွယ်ချက် ကောင်းသည် ဆိုရုံနှင့်လည်း မလုံလောက်ပေ။ မိမိ၏ လွတ်လပ်မှုသည် ကောင်းမြတ်သည့်
လုပ်ရပ်ကို ရွေးချယ်နိုင်ရန် လိုအပ်သည်။ လုပ်ရပ်ကိုယ်နှိုက်၏ ကောင်းမြတ်ခြင်းသည်သာ လူကို
ကောင်းမြတ် ပြည့်စုံစေ နိုင်ပေသည်။
ကောင်းမြတ်ခြင်းနှင့်
ခရစ်တော်
လူ့နှလုံးသားတိုင်း၌
ဆင်ခြင်တုံတရား ဆိုသည့် သဘာဝပညတ် ရေးထွင်းခံထားရသည်။ ဤဆင်ခြင်တုံ တရားမှ ကောင်းသည်များကို
ကျင့်ဆောင်ရန်နှင့် မကောင်းသည်များကို ရှောင်ကြဉ်ရန် အမိန့်ပေးသည်။ ကောင်းသည်ကို ကျင့်ဆောင်ခြင်းနှင့်
မကောင်းသည်ကို ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်ခြင်းဖြစ်သည်။ ဆင်ခြင်တုံတရား၏ အမိန့်သည်
ဘုရားသခင်မှ လာသည်ဖြစ်၍ ၎င်းင်း၌ အာဏာတည်သည်။ ၎င်းင်းကို နာခံရမည်။ ဆင်ခြင်တုံတရားသည် ဗီဇအသိဖြင့်
ကောင်းမြတ်ခြင်းကို ဆုံးဖြတ်ပေးသည်သာမက ခရစ်တော်မှသိသော ဓမ္မနှင့် ခရစ်တော်၌ထားသော ယုံကြည်မှုသဒ္ဓါအားဖြင့်လည်း
ကောင်းမြတ်ခြင်းကို ဆုံးဖြတ်ပေးသည်။ ခရစ်တော်၌ ပြည့်စုံသော ကောင်းမြတ်မှုရှိသည်။ "သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင်…
ငါ့နောက်သို့ လိုက်လော့" (မာတေး ၁၉း ၂၁) ဟုခရစ်တော် မိန့်ဆိုတော်မူခဲ့သည်။ ထို့ကြောင့်
ခရစ်ယာန်များ၏ ကောင်းမြတ်ခြင်း ဆိုသည့် ဆင်ခြင်တုံတရား ပညတ်သည် ခရစ်တော်နှင့် ခရစ်တော်၏
တရားတော် ဖြစ်သည်။ တစ်နည်းအားဖြင့် ခရစ်တော်၌ ဖြစ်တည်သော ဘ၀သည် စစ်မှန်သော လွတ်လပ်ခြင်းအတွက်
ပြည့်စုံသော ပညတ်ဥပဒေ ဖြစ်သည်။
ခရစ်တော်နှင့်
ထာဝရအသက်
"လွတ်လပ်မှု
ရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ" (ဂါလားဆီ ၅း၁)။ခရစ်တော်အားဖြင့်
ကယ်တင်ခြင်း ခံရသည် သို့မဟုတ် လွတ်မြောက်ကြရသည် ဆိုသည်မှာ ထိုကယ်တင်ခြင်း သို့မဟုတ်
ထိုလွတ်မြောက်ခြင်းသည် လူဘ၀ ကောင်းမြတ်ခြင်းအတွက် ဖြစ်သည်။ ကောင်းမြတ်ခြင်းအတွက် လွတ်လပ်နေကြရခြင်း
ဖြစ်သည်။ ထိုကောင်းမြတ်ခြင်းသည်လည်း မိမိစိတ်ဆန္ဒအတိုင်း သတ်မှတ်သည့် ကောင်းမြတ်ခြင်း
မဟုတ်ဘဲ အမှန်တရားကို အခြေခံသည် ကောင်းမြတ်ခြင်း ဖြစ်နေရမည် ဖြစ်သည်။ ခရစ်ယာန်များအတွက်
အမှန်တရားသည် ခရစ်တော်ဖြစ်သည်။ ခရစ်တော်သည် သမ္မာတရားဖြစ်သည် (ယော ၁၄း၆)။ ထို့ကြောင့်
ခရစ်တော်၌ လွတ်လပ်ခြင်း၊ ခရစ်တော်၏ တရားတော်၌ လွတ်လပ်ခြင်းသည် လူတစ်ယောက်ကို စစ်မှန်သော
ကောင်းမြတ်ခြင်းဖြင့် ကောင်းမြတ်စေသည်။
ထိုစစ်မှန်သောကောင်းမြတ်ခြင်းမှာ
မေတ္တာတရားဖြင့် ကောင်းမြတ် နေခြင်း ဖြစ်သည်။ "ငါသည် သင်တို့အပေါ် မေတ္တာထားသကဲ့သို့
သင်တို့သည်လည်း အချင်းချင်း တစ်ဦးပေါ် တစ်ဦး မေတ္တာထားကြလော့" (ယော ၁၅း ၁၂)ဟုလည်း
ခရစ်တော် ဆုံးမထားတော်မူသည်။ ခရစ်တော်သည် မေတ္တာတရားကို မိမိဘ၀နှင့်ရင်း၍ သင်ပြပေးတော်မူခဲ့သည်။
ဘုရားသခင်အတွက် သော်လည်းကောင်း၊ တစ်ပါးသူ လူသားများအတွက် သော်လည်းကောင်း ပေးဆပ် အသက်ရှင်သော
မေတ္တာဖြင့် လူတိုင်း စစ်မှန်စွာ လွတ်လပ်နိုင်ကြသည်။ ၎င်းင်းစစ်မှန်သော လွတ်လပ်မှုသည် လူကို
ကောင်းမြတ်စေပြီး ဘုရားနှင့် သဏ္ဌာန်တူစေသည်။ ဘုရားနှင့် သဏ္ဌာန်တူစေခြင်းက လူအား ထာဝရအသက်ကို
မျှဝေခံစားစေခြင်းပင် ဖြစ်သည်။
A.သက်ထွေးအောင်