ဉာဏ်ပညာနှင့် မေတ္တာတရား



ဉာဏ်ပညာနှင့် မေတ္တာတရား  
 
မှန်ကန်မြင့်မြတ်သည့် ဘ၀တွင် အမှန်တရား နှင့်မေတ္တာတရား တို့သည် အမြဲတမ်း ဒွန်တွဲနေသည်။
အမှန်တရား ဟုဆိုရာမှာ ဉာဏ်ပညာဖြင့် သိ သော လောကီ၊ လောကုတ္တရာ အမှန်တရားကို ဆိုလိုသည်။ အမှန်တရားသည် မေတ္တာတရားကိုပြည့်စုံစေပြီး၊ မေတ္တာတရားသည် အမှန်တရားကို အဓိပ္ပာယ် ရှိစေသည်။ ထို့ကြောင့်လည်း ရှင်ယောဟန်သြ၀ါဒစာ ဒုတိယစောင် (၂း၂)တွင် "အမှန်တရားကြောင့်သာ ကျွန်ုပ်တို့ မေတ္တာထားကြခြင်း ဖြစ်သည်"ဟုဖော်ပြထားသည်။ ချစ်ခြင်းမေတ္တာကို အရင်းခံ၍ အမှန်တရားကို ပြောဆို သက်သေခံကြရန်လည်း ရှင်ပေါလု ဆုံးမထားသည် ( ဧဖက်ဆု ၄း၁၅)။ ဆက်လက်၍လည်း အောက်ပါအတိုင်း သတိပေးခဲ့သည်။
"ငါသည် လူတို့၏ ဘာသာစကားများ နှင့်ကောင်းကင်တမန်တို့၏ ဘာသာစကားများကို ပြောဆိုနိုင်သော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ဆူညံသော မောင်းသံ ကဲ့သို့လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။ ငါသည် ပရောဖက်ဉာဏ်ကို ရ၍ နက်နဲသောအရာရှိသမျှနှင့် အတတ်ပညာ ရှိသမျှတို့ကို နားလည်တတ်ကျွမ်းသော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ငါသည် အချည်းနှီးသက်သက် ဖြစ်၏။" (၁ ကော်ရိန့်သု ၁၃း၁-၂)
ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)ကလည်း  "မေတ္တာတရားမပါသော အမှန်တရားသည် ဗလာချည်း သာဖြစ်ပြီး၊ အမှန်တရားမပါသော မေတ္တာတရားသည် မျက်ကန်းတစေ°သာဖြစ်သည်" ဟုမိန့်ဆိုခဲ့သည်။ အမှန်တရားကို သိရုံသာသိနေပြီး မေတ္တာတရားနှင့် ဖော်ဆောင်မှု မရှိလျှင် အမှန်တရားသည် အဓိပ္ပာယ်မဲ့နေဦးမည်။ ထို့အတူ မေတ္တာထားနေသော်လည်း မည်သည့် အမှန်တရားအပေါ်မျှ အခြေခံမှု မရှိလျှင် မေတ္တာထားခြင်းသည် အနှစ်သာရ ကင်းမဲ့နေပေလိမ့်မည်။ ကိုယ်ကျင့်ဘ၀အတွက် သို့မဟုတ် မြင့်မြတ်သည့် ဘ၀တစ်ခု အတွက် အမှန်တရားနှင့် မေတ္တာတရားတို့၏ ဒွန်တွဲနေမှုသည် လိုအပ်ချက် တစ်ခု ဖြစ်နေပေသည်။
ထိုလိုအပ်ချက်ကြောင့် ဘ၀တွင် အမှန်တရားကို လေ့လာ ဆည်းပူးရသကဲ့သို့ မေတ္တတရား ကိုလည်း လေ့လာသင်ယူရန် လိုအပ်ပေသည်။ သို့သော်လည်း လူတို့သည် မေတ္တာတရားထက် အမှန်တရားကို ရှာဖွေရန် ပိုမို စိတ်ထက်သန်ကြသည်။ ဉာဏ်ပညာကို ဦးထိပ် ထားကြသည်။ တစ်နည်းအားဖြင့် အသိပညာ၊ အတတ်ပညာ တို့၌ ပိုမို စိတ်ဝင်စားကြသည်။ ဦးနှောက်ဉာဏ်ကို ပိုမိုအလေးပေးကြသည်။ ဘာသာရေး လောကမှာပင်လျှင် မိမိတို့၏ ယုံကြည်ချက် ယုတ္တိတန်မှုအတွက် တွေးခေါ်ဆင်ခြင်မှု၌သာ ထက်သန်နေကြပြီး မိမိတို့၏ ယုံကြည်ချက် အမှန်တရားကို မေတ္တာတရားဖြင့် ကျင့်ဆောက်တည်ပြရာ၌ အားနည်းနေတတ်ကြသည်။ လူတို့သည် ဉာဏ်ပညာအတွက် စိတ်ထက်သန်မှု ရှိသလောက် မေတ္တာတရားကို သင်ယူရန် ပေါ့လျှော့ နေတတ်ကြသည်။ ထိုသို့ ပေါ့လျှော့ နေကြခြင်းမှာလည်း မေတ္တာတရားကို အလွယ်လေး ဟုယူဆ သောကြောင့် ဖြစ်သည်။ မေတ္တာတရားကို သင်ယူစရာ မလိုသည့် ခံစားမှုတစ်ခု အဖြစ်သာ အပေါ်ယံ မြင်ကြသောကြောင့်ဖြစ်သည်။ အမှန်မှာ  မေတ္တာတရားသည် သင်ယူဆည်းပူးရမည့် အရာဖြစ်သည်။ မေတ္တာတရားသည်  ပါရမီတစ်ပါး ဖြစ်ပြီး ခံစားမှုထက် ကျော်လွန်ပေသည်။ မိမိရန်သူကိုပင် ချစ်နိုင်သည်အထိ မေတ္တာတရားကို သင်ယူကြရန် ယေဇူးခရစ်တော်မှ ဆုံးမထားတော်မူသည်။ မိမိနှင့် သဘောထား မတိုက်ဆိုင်သူအပေါ်  မေတ္တာထားတတ်ရန် သင်ယူရမည်။ မိမိ၏ အသားအရောင်နှင့် မတူသူအပေါ် မေတ္တာထားနိုင်ရန် သင်ယူရမည်။ မိမိကို မကြိုက်မနှစ်သက်သူအပေါ် မေတ္တာထားနိုင်ရန် သင်ယူရမည်။ မိမိနှင့် ယုံကြည်ချက် မတူသူအပေါ်  မေတ္တာထားနိုင်ရန် သင်ယူရမည်။ မေတ္တာတရားအတွက် သင်ယူစရာ သင်ခန်းစာများကား အများအပြား ရှိနေပေသည်။
အမှန်တရား တစ်ခုကို အမိအရ ဆုပ်ကိုင်ထား နိုင်သော အသိပညာ၊ အတတ်ပညာသည် မေတ္တာတရားကို အရင်းမပြု နိုင်လျှင် ပေါက်ကွဲပျက်စီးမှုနှင့် အကျည်းတန်စေမည့် ယမ်းနှင့်သာ တူပေသည်။ မေတ္တာတရားကို အရင်းပြုသော  အသိပညာ၊ အတတ်ပညာများသည် လှပသော ရောင်စုံမီးပွင့်လေးများနှင့် စိတ်ကိုကြည်နှုးစေမည့် ယမ်းနှင့် တူပေသည်။ မေတ္တာတရား ရှိသူ၏ ဓားကို ထုလုပ် နိုင်စွမ်းသော အတတ်ပညာသည် လူသားတို့၏ လုပ်ငန်းခွင် အတွက်  အကျိုးပြုစေတတ်ပြီး မေတ္တာတရား ကင်းမဲ့သူ၏ ဓားကို ထုလုပ်နိုင်စွမ်းသော အတတ်ပညာသည် လူ့အသက် ပျက်စီးခြင်းအတွက် ဘေးဖြစ်စေတတ်ပါသည်။ နျူကလီးယား နှင့်ဆိုင်သော အသိပညာသည် မေတ္တာတရားကို အဖော်ပြုလျှင် လူသားအကျိုးပြု စွမ်းအင်ဖြစ်ပေါ်စေနိုင်ပြီး ၎င်းင်းအသိပညာသည် မေတ္တာတရား နှင့်ကင်းကွာနေလျှင် အန္တရာယ်ကြီးမားသော လူသတ်လက်နက် ဖြစ်စေနိုင်ပေသည်။ ထို့အတူ အမှန်တရားကို သိပြီး မေတ္တာတရား ကင်းမဲ့နေလျှင် လူသည် ကောက်ကျစ်တတ်သည်။ အမှန်တရားကို လက်တစ်လုံးခြားလုပ်၍ လိမ်လည် လှည့်စားတတ်သည်။ တစ်ပါးသူကို ပြိုင်ဆိုင် ဖျက်ဆီးတတ်သည်။ တစ်ဖန် ဘာသာရေးအသိပညာသည် မေတ္တာတရားမရှိလျှင် အယူသည်းခြင်း၊ အစွန်းရောက်ခြင်း တို့အပြင် တစ်ပါးသူကို အကျိုးမဲ့ပုတ်ခတ်ခြင်း၊ ရန်ပြုခြင်း၊အငြင်းပွားခြင်း၊ အနိုင်အထက် ပြုလိုခြင်း၊ အကြမ်းဖက်ခြင်းများကို ဖြစ်ပေါ်စေသည်။
ဉာဏ်ပညာနှင့် မေတ္တာတရားတို့ မဆုံဆည်း နိုင်ခြင်းကြောင့် အဓမ္မများ လွှမ်းမိုး ကြီးစိုးရကြောင်းကိုလည်း တေးရေးဆရာ ထူးအိမ်သင်မှ "အသစ်ကမ္ဘာသို့" ဆိုသည့် တေးသီချင်းတွင် ရေးသား ညည်းတွားခဲ့ဖူးသည်။ "ဉာဏ်ပညာရယ် ချစ်ခြင်းတရား ထထထရင်ထဲက လှပတဲ့ နေ့ရက်တွေ ရှိဦးမလား ထထထဉာဏ်ပညာရယ် ချစ်ခြင်းတရား ထထထ ဆိုးဝါးလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား...။"

ဉာဏ်ပညာကို မေတ္တာတရားက ထောက်မ, မထားသရွေ့၊ အမှန်တရားကို မေတ္တာတရားဖြင့် အသက်မရှင် နိုင်သေးသရွေ့မကောင်းမှုများလည်း လွှမ်းမိုး ကြီးစိုး နေပေဦးမည်။ မေတ္တာတရားကို မသင်ယူထားလျှင် သို့မဟုတ် မေတ္တာတရားကို မသင်ကြားပေးလျှင် ပညာဆိုသည်များသည် လူ့ဘောင်အတွက် အကျိုးယုတ်စေမည့် ချိန်ကိုက်ဗုံးလေး များသဖွယ် ဖြစ်နေပေဦးမည်။

ထို့ကြောင့် လူသားတိုင်းသည် အမှန်တရားကို လေ့လာဆည်းပူးရင်း တစ်ချိန်တည်းမှာပင် မေတ္တာထားတတ်ရန်လည်း သင်ယူရပေမည်။  ဉာဏ်ပညာကို မေတ္တာတရားဖြင့် အဖော်ပြုရင်း လောကီ လောကုတ္တရာ အမှန်တရားများကို ဖော်ဆောင် ကျင့်ကြံမှုတိုင်း၌ မိမိအတွက်၊ တစ်ပါးသူအတွက် ကောင်းကျိုးများကို ဖြစ်ထွန်း စေမည်ဆိုလျှင် လူ့အဖြစ်၊ လူနှင့်သာ လျှော်ကန်သော မြင့်မြတ်သည့်ဘ၀ကို အနှိုင်းဆမဲ့ ပိုင်ဆိုင်နိုင် ကြပေလိမ့်မည် ဖြစ်သည်။

A.သက်ထွေးအောင်