ရှင်သန်မှုဖြစ်တည်စေရာ "ယုံကြည်ခြင်း"
လူတိုင်းမှာ ယုံကြည်ချက် ဆိုတာရှိတယ်။ ယုံကြည်ချက်က
အတွေးအခေါ်တစ်ခု ဖြစ်နိုင်တယ်၊ ယူဆချက်တစ်ခု ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ဦးလည်း
ဖြစ်နိုင်တယ်။ ယုံကြည်ချက်ဟာ လူတစ်ယောက်အတွက် ဘ၀တွန်းအား၊ ဘ၀ပန်းတိုင်နဲ့ ဘ၀အဓိပ္ပာယ်လည်း
ဖြစ်နေတတ်ပါတယ်။
ဘ၀အတွက် ယုံကြည်ချက်
ယုံကြည်ချက်က
ဘ၀ကို ထုဆစ်ပေးနေတယ်လို့ ဆိုရင် မှားမယ်မထင်ပါ။ ယုံကြည်ချက်ကနေ မြစ်ဖျားခံလာတဲ့ ခံယူချက်နှင့်
လုပ်ဆောင်မှုတွေဟာ ဘ၀ကိုပုံဖော်ပေးနေကြပါတယ်။ ဘ၀မှာ ယုံကြည်ချက်ရှိမှ ပန်းတိုင်ရှိမယ်၊
ပစ်မှတ်ရှိမယ်။ ပစ်မှတ်ရှိမှ ပစ်မှတ်အတွက်
လုပ်ဆောင်မှုဆိုတာလည်း ရှိနေမယ်။ လုပ်ဆောင်မှုရှိနေမှ ဘ၀ဟာလည်း ရှင်သန်နေမှာ ဖြစ်ပါတယ်။
ဘ၀ဟာ ရှင်သန်မှု ရှိနေမှ ဒီရှင်သန်မှုထဲမှာ ဘ၀ရဲ့ အဓိပ္ပာယ်ကို ရှာနိုင်ကြမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ယုံကြည်ချက်ဟာ လုပ်ဆောင်မှုများရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီအခြေခံအုတ်မြစ်ဖြစ်တဲ့
ယုံကြည်ချက် ခိုင်မာမှုအပေါ် မူတည်ပြီး လုပ်ဆောင်မှုတွေရဲ့ အသီးအပွင့်ပမာဏလည်း ပွားများလာတာဖြစ်တယ်။
ဒီအသီးအပွင့်ပမာဏတွေ ဘ၀မှာ တိုးပွား လာတာနဲ့အမျှ ယုံကြည်ချက်နဲ့ ဘ၀ဟာ တစ်ထပ်တည်းဖြစ်လာတဲ့အခါ
ကျေနပ်မှုပေးတဲ့၊ ပျော်ရွှင်မှုပေးတဲ့ ဘ၀အဓိပ္ပာယ် တစ်ခုကို တွေ့ရှိ ခံစားကြမှာ ဖြစ်ပါတယ်။
မှန်ကန်သောယုံကြည်ချက်
ယုံကြည်ချက်လို့
ဆိုတဲ့နေရာမှာလည်း အကျိုးယုတ်စေတဲ့ ယုံကြည်ချက် ဖြစ်နိုင်သလို အကျိုးပြုစေတဲ့ ယုံကြည်ချက်လည်း
ဖြစ်နိုင်ပါတယ်။ အကျိုးပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ယုံကြည်ချက် ပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘ၀မှာ ထူးခြားမှုတွေ ရှိနေတတ်ပါတယ်။ မာသာရ်ထရေးဇာဟာ
ယုံကြည်ချက် ပြင်းထန် တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဟစ်တလာဟာလည်း ယုံကြည်ချက် ပြင်းထန်းတဲ့
ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ယုံကြည်ချက်တွေဟာ မှန်ကန်ကောင်းမြတ်တဲ့ ယုံကြည်ချက်
ဖြစ်ဖို့လိုပါတယ်။ မှားယွင်းဆိုးညစ်တဲ့ ယုံကြည်ချက်တွေဟာ ဘ၀အတွက် တွန်းအားတွေ ဖြစ်နေပေမယ့်လို့
ပျက်စီးခြင်းကိုပဲ ဦးတည်စေပါတယ်။ မိမိဘ၀ကိုသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်လူ့ဘောင်ကိုသော်လည်းကောင်း
အကျိုးယုတ်စေပါတယ်။ မှန်ကန်တဲ့ ယုံကြည်ချက် ကတော့ ဒီလိုမဟုတ်ပါဘူး။ မှန်ကန်တဲ့ ယုံကြည်ချက်ရှိနေမယ်ဆိုလျှင်
ဒီယုံကြည်ချက်တွန်းအားကြောင့် ရှင်သန်နေရတဲ့ ဘ၀နဲ့ ရှင်သန်လာမယ့် အနာဂတ်ဘ၀တွေဟာ မိမိအတွက်သာမက
မိမိပတ်ဝန်းကျင် လူ့ဘောင်အတွက်ပါ အကျိုးရှိနေ၊ အဓိပ္ပာယ်ရှိနေမှာ ဖြစ်ပါတယ်။
ယုံကြည်ချက်နှင့်
လွဲသော ဘဝ
လူတစ်ယောက်ရဲ့ဘ၀မှာ
ဘာယုံကြည်ချက်မျှ မရှိဘူးဆိုလျှင် ကြိုးစားမှုမရှိ၊ ပေးဆပ်မှုလည်းမရှိသလို မျှော်လင့်ချက်လည်း
မရှိလာနိုင်ပါဘူး။ ယုံကြည်ချက် မရှိတဲ့အတွက်ကြောင့် အာရုံစိုက်မှုမရှိဘူး၊ ပစ်မှတ်မထားဘူး၊
ဘာလုပ်နေရမယ် ဆိုတာကိုလည်း မသိဘူး၊ ဘာကိုမှလည်း အစတေးမခံဘူး။ အားလုံးကို ပေါ့ပေါ့ပဲထားတယ်။
ယုံကြည်ချက် မမွေးတာဟာ မိမိဘ၀ကို စပါးဖျင်းဘ၀ အဖြစ်ခံလိုက်တဲ့သဘော ရှိပါတယ်။ ယုံကြည်ချက်မဲ့တဲ့ဘ၀ဟာ
အသက်သာ ရှိနေပေမယ့် ရှင်သန်နေတဲ့ ကောင်းခြင်းအနှစ်၊ အဓိပ္ပာယ်အနှစ်တွေ ပျောက်ဆုံးနေပါလိမ့်မယ်။
ဘာသာရေးယုံကြည်ချက်
လူတိုင်းမှာ
ဘာသာရေးယုံကြည်ချက် အနည်းအများတော့ ရှိကြပါတယ်။ ရှိလို့လည်းပဲ ဒီယုံကြည်ချက်အတွက် ရပ်တည်တယ်၊
ကြိုးစားတယ်၊ ပေးဆပ်တယ်။ ယုံကြည်ချက်ရှိလို့လည်း ယုံကြည်လုပ်ဆာင်မှုအပေါ် မျှော်လင့်ချက်တွေ
ထားနိုင်ကြပါတယ်။ယုံကြည်ချက်တွေထဲမှာ ဘာသာရေးယုံကြည်ချက်က အသိမ်မွေ့ဆုံးနဲ့၊ အလေးနက်ဆုံးလို့
ဆိုရပါမယ်။ အခြေခံအားဖြင့် ဘာသာရေး ယုံကြည်ချက်တွေဟာ မြင့်မြတ်မှု၊ စင်ကြယ်မှု သဘောတွေ
ရှိပါတယ်။ စင်ကြယ်မြင့်မြတ်မှုတွေဟာ ယုံကြည်သူတွေဘ၀မှာ စိတ်ရော ခန္ဓာကိုယ်အတွက်ပါ ကောင်းခြင်းများစွာ၊
မျှော်လင့်ခြင်းများစွာကို ဆောင်ကြဉ်းပေးပါတယ်။ ယုံကြည်ချက် ရှိသူတွေ အစုအဝေးနဲ့ ဖြစ်လာတဲ့အခါ
ယုံကြည်ချက်က ပေးလာတဲ့ စင်ကြယ်မြင့်မြတ်မှုလည်း အလုံးအရင်းနှင့် ဖြစ်လာပြီး ယုံကြည်သူ
အဖွဲ့အစည်းအတွက် ကောင်းခြင်းများစွာ၊ မျှော်လင့်ခြင်းများစွာတွေကို သယ်ဆောင်လာပေးပါတယ်။
ခရစ်ယာန်တို့၏
ယုံကြည်ချက်
ခရစ်ယာန်တို့ရဲ့
ယုံကြည်ချက်လို့ ဆိုတာထက် ကက်သလစ်ခရစ်ယာန်တို့ရဲ့ ယုံကြည်ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကက်သလစ်ခရစ်ယာန်တွေရဲ့ ယုံကြည်ချက်ဟာ ခွဲထွက်ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းဂဏတွေရဲ့ ယုံကြည်ယူဆချက်နှင့်
တစ်ထပ်တည်း မရှိလို့ဖြစ်ပါတယ်။ ကက်သလစ်ခရစ်ယာန်တွေရဲ့ ယုံကြည်ချက်က ကျမ်းစာတော်မြတ်တစ်ခုတည်းကိုသာ
အခြေခံထားတာ မဟုတ်ဘဲ တမန်တော်ကြီးတွေမှ လက်ဆင့်ကမ်းခဲ့တဲ့ သွန်သင်ချက်နှင့် ကျင့်ကြံမှုများအပြင်
ခေတ်အဆက်ဆက်သာသနာတော်မှ ပြဋ္ဌာန်းသွန်သင်ချက်တွေအပေါ်မှာပါ အခြေခံထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်
ကျမ်းစာတော်မြတ်ထဲမှာ ရေးသားမှတ်တမ်းတင်ထားတဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားများအပြင်
ရေးသားမှတ်တမ်းတင်ထားမှုမရှိဘဲ တမန်တော်ကြီး တွေမှ နှုတ်တိုက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဘုရားသခင်ရဲ့
နှုတ်တော်ထွက်တရားများကိုလည်း ယုံကြည်ရာအချက်အဖြစ် ခံယူထားပါတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့
(နှုတ်တိုက်ဖြစ်စေ၊ ရေးသားထားသည်ဖြစ်စေ) နှုတ်တော်ထွက် တရားများကို အနက်ဖွင့်ပေးတဲ့ သာသနာတော်ရဲ့
( ပုပ်ရဟန်းမင်းကြီးဖြစ်စေ၊ ဆရာတော်ကြီးများ ဖြစ်စေ၊ ပုပ်ရဟန်းမင်းကြီး နှင့်ဆရာတော်ကြီးများ
အဖွဲ့အစည်းဖြစ်စေ၊ သာသနာ့ကောင်စီအစည်းအဝေးကြီးများ ဖြစ်စေ စသည်တို့ရဲ့)သွန်သင်ချက်များကိုလည်း
ယုံကြည်ရာအဖြစ် ခံယူထားပါတယ်။
ယုံကြည်ခြင်း
ယုံကြည်ခြင်းလို့
ဆိုရတာဟာ ယုံကြည်ရမယ့်အရာနှင့် ယုံကြည်မယ့်သူကို ကွဲပြားစေချင်တဲ့သဘောပါ။ ယုံကြည်ချက်နှင့်
ဒီယုံကြည်ချက် ပိုင်ဆိုင်ထားမှုတို့ကို ခွဲခြားမြင်စေချင်တာပါ။ ခရစ်ယာန်များ အနေနဲ့
ယုံကြည်ခြင်းဆိုတဲ့ ဝေါဟာရနှင့် ယဉ်ပါးနေကြပြီး ဖြစ်ပါတယ်။ ယုံကြည်ချက်ကို တစ်ယောက်သောသူက
မခံယူသရွေ့၊ တစ်နည်းအားဖြင့် မယုံကြည်မလက်ခံသေးသရွေ့ ယုံကြည်ချက်အဖြစ်နဲ့ပဲ ရှိနေမှာပါ။ တစ်ယောက်သောသူက
ယုံကြည်ချက်တစ်ခုကို လက်ခံယုံကြည်လိုက်ပြီဆိုရင် ဒီယုံကြည်ချက်ဟာ ဒီလူရဲ့ ယုံကြည်ခြင်းဖြစ်လာပြီး
ယုံကြည်ချက်ဟာ သူ့ဘ၀မှာ အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဆိုတော့ ယုံကြည်ခြင်းလို့ဆိုတဲ့အခါမှာ
လူတစ်ယောက် ခံယူထားတဲ့ ယုံကြည်ချက် ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ဘ၀မှာ အသက်ဝင်နေတဲ့ ယုံကြည်ချက်ကို
ဆိုလိုပါတယ်။
ည်ခြင်းမရှိသေးတာထက် ယုံကြည်ချက်ကို
ဂဃနဏမသိဘဲ ယုံကြည်နေတာက ပိုဆိုးမယ် ထင်ပါတယ်။ ဒါကြောင့် ယုံကြည်ခြင်းကို ဆန်းစစ်တဲ့နေရာမှာ
ကိုယ်ဘာကို ယုံကြည်တာလဲ ဆိုတာကိုလည်း ဂဃနဏသိအောင် လေ့လာရမှာ ဖြစ်သလို ငါတကယ်ယုံကြည်နေပြီလား
တစ်နည်းအားဖြင့် ဒီယုံကြည်ချက် ငါ့ဘ၀မှာ တကယ်အသက်ဝင်နေရဲ့လားဆိုတာကို ပြန်ဆန်းစစ်ဖို့လိုနေပါလိမ့်မယ်။
ယုံကြည်ခြင်း၏
အသီးအပွင့်
ယုံကြည်ချက်ဟာ
လူယောက်ရဲ့ ယုံကြည်ခြင်း ဖြစ်လာတဲ့အခါ လုပ်ဆောင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ယုံကြည်ချက်တစ်ခုဟာ
တစ်စုံတစ်ဦးရဲ့ စိတ် နှင့်ဉာဏ်ထဲမှာ ပျော်ဝင်သွားတဲ့အခါ
ဦးနှောက်ဉာဏ်အသိနဲ့ စိတ်ခံစားမှုတွေရဲ့ လက်နက်ဖြစ်လာပြီး ယုံကြည်ချက်အတိုင်း လုပ်ဆောင်မှုတွေကို
မွေးဖွားစေပါတယ်။ မေတ္တာတရားဆိုတဲ့ ယုံကြည်ချက်ကို လက်ခံယုံကြည်လိုက်ခြင်းအားဖြင့် ကရုဏာရေး
လုပ်ဆောင်မှုတွေလည်း ဘ၀မှာ မွေးဖွားလာပါတယ်။ လုပ်ဆောင်မှုတွေမှာ ယုံကြည်ချက်တွေ သီးပွင့်နေမှု
မရှိဘူးဆိုလျှင် ယုံကြည်ခြင်းမရှိသေးလို့ ဖြစ်ပါတယ်။ယုံကြည်ခြင်းမရှိဘဲ ယုံကြည်ချက်ကိုသာ
အပေါ်ယံသဘောသိနေသူ လို့ဆိုရမှာ ဖြစ်ပါတယ်။ ဘာသာရေး
ယုံကြည်ချက်ဟာ ကောင်းခြင်းများစွာကို ယူဆောင်လာပေးတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီကောင်းခြင်းများစွာ
စီးဆင်းရာကြားခံက သန့်ရှင်းဖြောင့်မတ်ခြင်းပါပဲ။ အတွေးအခေါ်မှာ သန့်ရှင်းဖြောင့်မတ်တာ၊
အပြောအဆိုမှာ သန့်ရှင်းဖြောင့်မတ်တာ၊ အပြုအမူမှာ သန့်ရှင်းဖြောင့်မတ်တာ ဖြစ်ပါတယ်။
သန့်ရှင်းဖြောင့်မတ်ခြင်းက ခိုင်မာတဲ့ ကိုယ်ကျင့်ဘ၀ကို ဖန်တီးပေးပါတယ်။ တစ်နည်းအားဖြင့်
မိမိရဲ့ ဘ၀မှာ၊ လူ့အဖွဲ့အစည်းထဲမှာ ကိုယ်ကျင့်တရားတွေ ယိုယွင်းပျက်စီးနေမယ်၊ ဖြောင့်မတ်ခြင်းတွေ
ဆိတ်သုဉ်းနေမယ်၊ မျှော်လင့်ခြင်းတွေ မှေးမှိန်နေအုံးမယ်ဆိုလျှင် ယုံကြည်ခြင်း အားနည်းနေသေးလို့ပဲဖြစ်ပါတယ်။
ဘာသာရေးယုံကြည်ချက်ကို အမှန်တကယ် ပြည့်ပြည့်၀၀ မခံယူသေးလို့ဖြစ်ပါတယ်။ ယုံကြည်ချက်တွေ
ယုံကြည်ခြင်း မဖြစ်သေးလို့ ဖြစ်ပါတယ်။ ယုံကြည်ချက်ဟာ ယုံကြည်ခြင်းဖြစ်လာတဲ့အခါ (ယုံကြည်ချက်ကို
အမှန်တကယ် လက်ခံယုံကြည်ပြီး ဘ၀မှာ ပျော်ဝင်စေလိုက်တဲ့အခါ) မှာတော့ အတွေးအခေါ်၊ အပြောအဆို၊
အပြုအမူတွေ သန့်ရှင်းဖြောင့်မတ်မှန်ကန်လာတယ်။ ဒီသန့်ရှင်းဖြောင့်မတ်မှန်ကန်တဲ့ လုပ်ဆောင်မှုတွေဟာ
လူတွေကို ဘုရားသခင်ရဲ့ ဖန်ဆင်းခံ လူသား အစစ်အမှန်အဖြစ် အသက်ဝင်ရှင်သန်နေစေပါလိမ့်မယ်။
A.သက်ထွေးအောင်