ငြိမ်းချမ်းရေး



ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး လို့ဆိုလျှင် စစ်မက်မရှိတာ၊ အကြမ်းဖက်မှုမရှိတာ၊ အနိဋ္ဌာရုံတွေ မရှိတာလို့ပဲ အများအားဖြင့် မြင်ထားကြပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ဒီထက်လေးနက်ပြီး ဒီထက်လည်း ပိုလွန်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်မက်ကနေလွတ်မြောက်ကာ တရားမျှတပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ တည်တံ့တဲ့လွတ်လပ်မှု အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအခြေအနေတစ်ခုအတွက် အဓိကလိုအပ်ချက်တွေက လူထုရဲ့  အခြေခံ စားရေး၊ ၀တ်ရေး၊နေရေး ဖူလှုံမှု၊ ဘ၀လုံခြုံမှု၊ ဖွံဖြိုးတိုးတက်မှု အပါအ၀င် လူ့အခွင့်အရေး လေးစားမှုတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခြင်းဆိုတာ အခြေခံလုပ်ဆောင်မှုဖြစ်တဲ့ စစ်မက်နှင့်အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း တွေကို အဦးဆုံး တိုက်ဖျက် ဖယ်ရှားခြင်းနဲ့ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့ခေါင်းဆောင်တွေ အချင်းချင်း ပြေလည်နေရုံ မဟုတ်ဘဲ ဒီပဋိပက္ခတွေအပေါ်လွမ်းမိုးမှု ရှိတဲ့ လူထုရဲ့ အခြေအနေကိုလည်း ပြောင်းလဲပေးနိုင်ဖို့လိုပါတယ်။ ဆိုလိုတာက ပဋိပက္ခ ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေအချင်းချင်း စစ်မက် ဖြစ်ပွားနေတာကို ရပ်စဲစေပြီး တစ်ချိန်တည်းမှာပဲ ဒီအဖွဲ့အစည်းအောက်ရှိ လူထုအချင်းချင်းလည်း နားလည်မှုရရှိစေဖို့၊ အတူတကွ ပေါင်းစည်းနေထိုင်နိုင်စေဖို့ လိုအပ်ပါတယ်။ ဒါက လူတွေရဲ့ အမြင်နဲ့ နားလည်မှုကိုပြောင်းလဲ စေခြင်းပါ။ အမုန်းပွားမှုတွေ၊ မကျေနပ်မှုတွေ၊ အယုံအကြည်မရှိမှုတွေ၊ လူမျိုးရေး ခွဲခြားမှုတွေ၊ ဘာသာရေးခွဲခြားမှုတွေ၊ အလွှာတန်းစား ခွဲခြားမှုတွေကို ဖြိုဖျက်ပြီး လူသားချင်း၊ ညီအစ်ကိုချင်း စိတ်ဓာတ်ကို မွေးမြူနိုင်စေကြမှသာလျှင် ငြိမ်းချမ်းရေးကို အစပြုနိုင်ကြမှာ ဖြစ်ပါတယ်။ ဓားကိုကိုင်စေပြီး ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်ခိုင်း၍ မရပါ။ ဓားကိုင်လျှင် ဓားနှင့်သာ ပျက်စီးရဖို့ ရှိပါတယ် (ညွှန်း-မာတေး ၂၆း ၅၂)။  မကောင်းမှုကို ကောင်းမှုဖြင့် အနိုင်ယူကြမှသာလျှင် အနိဋ္ဌာရုံတွေကို အဆုံးသတ်နိုင်ကြမှာ ဖြစ်ပါတယ် (ညွှန်း-ရောမ ၁၂း ၂၁)။

ငြိမ်းချမ်းရေးက တရားမျှတမှုကို တောင်းဆိုပါတယ်။ တရားမျှတမှု မရှိဘဲ ငြိမ်းချမ်းရေး မရှိနိုင်ပါဘူး။ နိုင်ငံသား အချင်းချင်းကြား၊ အဖွဲ့အစည်းတွေ အကြား၊ လူတန်းစား အလွှာတွေအကြား တရားမျှတမှု ရှိဖို့ လိုပါတယ်။ လူတိုင်းရဲ့ အခွင့်ရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားဖို့ လိုပါတယ်။ ပုပ်ရဟန်းမင်း ကြီးပေါလု-၆ က ငြိမ်းချမ်းရေးဆိုတာ တရားမျှတခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ လွတ်လပ်ခြင်းနှင့် မေတ္တာတရားတွေရဲ့ အသီးအပွင့်ပဲ လို့မိန့်ကြားခဲ့ပါတယ်။

နိုင်ငံရေးဖိနှိပ်မှုတွေရှိနေသရွေ့၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ရှိနေသရွှေ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ လူတိုင်း မိမိယုံကြည်ရာဘာသာကို လွတ်လပ်စွာ မကိုးကွယ် မဆည်းကပ်နိုင်သရွေ့  စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေသေးသရွေ့၊ ဆင်းရဲ ငတ်ပြတ်နေသေး သရွေ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ လူတွေအလုပ်လက်မဲ့ ဖြစ်နေသေး သရွေ့၊ ထိုက်သင့်တဲ့ လုပ်အားခတွေကို အာမခံပေးနိုင်တဲ့ စီးပွားရေးစနစ်တွေ မရှိသေး သရွေ့၊ ထိုက်သင့်တဲ့ ပေးဆပ်မှုနဲ့ တန်တဲ့ အကျိုးခံစားခွင့်တွေ မရှိ သေးသရွေ့၊ ဆင်းရဲသူတွေကို ဆင်းရဲတွင်းထဲ နစ်သထက် နစ်စေမယ့် စီးပွားရေးစနစ်ဆိုးတွေ ရှိနေသေးသရွေ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ ကလေးတွေရဲ့ ပညာရေး နိမ့်ကျနေသရွေ့၊ ကလေးတွေ လွယ်ကူစွာ ပညာသင်ယူနိုင်မှု အခွင့်ရေး မရှိသရွေ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ စစ်မက်ဘေးဒဏ် ချိန်းခြောက်မှု ရှိနေသေးသရွေ့၊ အကြမ်းဖက်မှုရဲ့ ချိန်းခြောက်မှု အကြောက်တရားအောက်မှာ အသက်ရှင်နေရသေးသရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်သေးပါဘူး။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆိုတာဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နေခြင်း ပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နေတယ် ဆိုတာလည်း လူသားတိုင်းအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနေခြင်းပါပဲ။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ စီးပွားရေးနဲ့ ရုပ်ပိုင်းဆိုင်ရာလောက်ပဲ တိုးတက်တာကို ဆိုလိုတာ မဟုတ်ဘဲ စီးပွားရေး၊ နိုင်ငံရေး၊ပညာရေး၊ လူမှုရေး၊ ဘာသာတရားရေး၊ ယဉ်ကျေးမှု စတဲ့ အဘက်ဘက်မှာ ဖွံ့ဖြိုး တိုးတက်နေခြင်းကို ဆိုလိုပါတယ်။ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာလည်း နေ့ချင်းညချင်း မဖြစ်နိုင်သလို၊ နေ့ချင်းညချင်း ပြီးသွားရမယ့် အရာလည်းမဟုတ်ပါ။ နေ့စဉ်ရက်ဆက် လူတိုင်း ပါဝင်တည်ဆောက်နေရမယ့် အရာဖြစ်ပါတယ်။ လူတိုင်းပါဝင် တည်ဆောက်နိုင်ရန်လည်း လူတိုင်းပါဝင်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနိုင်တဲ့ အခြေအနေတွေ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေးဟာ လူတိုင်းတောင့်တတဲ့ လူအဖွဲ့စည်းတိုင်းရဲ့ ပန်းတိုင် ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့ လူ့ဘောင်အဖွဲ့အစည်းတိုင်း၊ လူသားတိုင်း ငြိမ်းချမ်းရေးကို မြတ်နိုးဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်းဟာလည်း မေတ္တာထားတတ်တဲ့စိတ်၊ တရားနဲ့ ပြည့်ဝတဲ့ စိတ်ကနေ လာပါတယ်။ ဒါကြောင့် လူသားတိုင်း အထူးသဖြင့် အုပ်ချုပ်သူ ခေါင်းဆောင်များ မေတ္တာထားတတ်ဖို့၊ တရားနဲ့ ပြည့်ဝဖို့၊ ဘုရားနဲ့ ဘာသာတရားကို လေးစားတဲ့သူတွေ ဖြစ်ဖို့ လိုပါတယ်။ မေတ္တာတရားနှင့် သစ္စာတရားတို့ ဆုံဆည်းကြမှာသာ ဖြောင့်မတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတို့လည်း ဆိုက်ရောက်လာ ကြမှာဖြစ်ပါတယ် (ညွှန်း- ဆာလံ ၈၅း ၁၁)။


"ဘုရားသခင်၏  ပညတ်တရားကို နှစ်သက်မြတ်နိုးသော သူတို့သည် အတိုင်းအဆ မရှိသော ငြိမ်းချမ်းသာယာခြင်းကို ခံစားရပါ၏။" (ဆာလံ ၁၁၉း ၁၆၅)

"ခရစ်တော်ပေးသော ငြိမ်းချမ်းသာယာခြင်းသည် သင်တို့၏ စိတ်နှလုံး ထဲ၌ အုပ်စိုးလျက်ရှိပါစေ။" (ကော ၃း ၁၅)

"ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သောသူတို့သည် မင်္ဂလာရှိကြ၏။" (မာတေး ၅း ၉)

"ငါတို့ ဘုရားသခင်၏ ကြင်နာတတ်သော ကရုဏာတော်အားဖြင့် ကောင်းကင်မှ ထွက်ပေါ်လာသော အရုဏ်ဦး၏ အလင်းရောင်သည် ငါတို့အပေါ်သို့ သက်ရောက်ပြီးလျှင် မှောင်မိုက်နှင့် သေခြင်း၏ အရိပ်တွင် ထိုင်နေ ကြသော သူတို့ကို အလင်းပေး၍ ငါတို့အား ငြိမ်းချမ်းသာယာခြင်း လမ်းစဉ်ကို ပြတော်မူလိမ့်မည်။" (လု ၁း ၇၈-၇၉)

A. သက်ထွေးအောင်