အကောက်ခွန်နှင့် တရားမျှတမှု
မြန်မာပြည်သူများအနေနဲ့ မိမိတို့ရဲ့အတွေ့အကြုံအရ
အခွန်ကောက်ခံမှု က မတရားမှုပါလို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီလို ဖြေချင်ရအောင်လည်း မတရားတဲ့
အခွန်ကောက်ခံမှုတွေ၊ မမှန်ကန်တဲ့ အခွန်ကောက်ခံမှုတွေနှင့် အခွန်တွေကို မတရား အလွဲသုံးစားမှုတွေ
ရှိခဲ့လို့ဖြစ်ပါတယ်။ အမှန်မှာတော့ အခွန်မဆောင်ခြင်း က မတရားမှုဖြစ်ပြီး အခွန်ကောက်ခံခြင်းက
တရားမျှတမှုအတွက် လုပ်ဆောင် ပေးခြင်းပဲ ဖြစ်ပါတယ်။
အခွန်ကောက်ခံခြင်းက တရားမျှတမှုအတွက် ဖြစ်ဖို့ မှန်ကန်မျှတတဲ့ အခွန်စည်းကြပ်မှုတွေ
ရှိရမှာ ဖြစ်သလို စည်းကြပ်ခွန် တွေကိုလည်း ရည်ရွယ်ချက်အတိုင်း အကျိုးဖြစ်မြောက်စွာ
သုံးစွဲ နိုင်ရမှာဖြစ်ပါတယ်။
ဘာအတွက်
အကောက်ခွန်ဆိုတာ
နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်ဖို့အတွက်
ဖြစ်ပါတယ်။ နိုင်ငံ့ ရဲတပ်ဖွဲ့၊ ၀န်ထမ်းများနှင့် တပ်မတော်ကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။
အများပြည်သူသုံး အဆောက်အဦး (ဥပမာ- လမ်း၊ တံတား၊ ဆိပ်ကမ်း၊ စာသင်ကျောင်း၊ ဆေးရုံ အစရှိသည်)
များကို တည်ဆောက်ပေးဖို့ အတွက်လည်း ဖြစ်ပါတယ်။ ပြည်သူအကျိုးပြု လူမှုလုပ်ငန်းများ (ဥပမာ-ကယ်ဆယ်ရေးလုပ်ငန်း)ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ကြည့်လျှင် အခွန်ဆိုတာ ပြည်သူတွေရဲ့ အမြတ်အစွန်းကို ပြည်သူ့ ဘုံအကျိုးအတွက်
ပြည်သူအကြား တရားမျှတစွာ နည်းမျိုးစုံဖြင့် ပြန်လည် ဖြန့်ဖြူး ပေးခြင်းပဲဖြစ်ပါတယ်။
တာဝန်
နိုင်ငံသားတိုင်း
အခွန်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ပြည်သူတွေဟာ အစိုးရရဲ့ အကူအညီကို လိုအပ်သလို အစိုးရကလည်း
ပြည်သူတွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို
စံနစ်တကျ ထိရောက်စွာ ကာကွယ်ပေးဖို့ ပြည်သူတွေရဲ့ အထောက်အပံ့ကို အစိုးရလိုအပ်ပါတယ်။
ပြည်သူတွေရဲ့ တာဝန်သိ စေတနာထား အခွန်ဆောင်မှု အပေါ်မူတည်ပြီး အစိုးရအနေနဲ့လည်း ပြည်သူတွေရဲ့
ဘ၀ကို တန်းမြင့်မြင့် ကာကွယ် မြှင့်တင် ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်အနေဖြင့်
အခွန်ပေးဆောင်ဖို့ကိုလည်း ခရစ်တော်ကိုယ်တော်တိုင် သွန်သင်ထားတော်မူပါတယ်။ ဖာရီးဇေးဦးနှင့်
ဟေရုဒ်ရဲ့ ဘက်တော်သား တစ်ချို့က ဆီဇာဘုရင်အား အခွန်ဆက်သင့် မဆက်သင့်ကို မေးမြန်းတဲ့အခါ
ယေဇူးက "ဆီဇာနှင့် ဆိုင်ရာကို ဆီဇာအားပေး၍
ဘုရားသခင်နှင့် ဆိုင်ရာကို ဘုရားသခင်အားပေးကြလော့" (မာကု ၁၂း၁၇) ဆိုပြီး ပြန်ဖြေကြား
တော်မူခဲ့ပါတယ်။ အခွန်ပေးဆောင်ရန် တာဝန်ရှိသည်သာမက အစိုးရရဲ့ အခွန်စည်းကြပ်ပိုင်ခွင့်ကိုလည်း
ယေးဇူးခရစ်တော် အသိအမှတ် ပြုထားတော်မူပါတယ် (မာကု ၁၂း ၁၃-၁၇)။ ရှင်ပေါလုကလည်း တာဝန်သိသိ
အခွန်ပေးဆောင်ကြဖို့ ခရစ်ယာန်များကို ဆုံးမထားပါတယ်။ "ထိုသူအားလုံးတို့အား ၎င်းတို့
ရသင့်သည့်အတိုင်း ပေးအပ်ကြလော့။ အခွန်အကောက် ပေးထိုက်သူအား အခွန်အကောက်ကို ပေးကြလော့။
ရိုသေထိုက်သူအား ရိုသေကြလော့။ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုကြလော့" (ရောမ ၁၃း ၇)။
မှန်မှန်ကန်ကန်
ကောက်ခံ၊ မှန်မှန်ကန်ကန်ပေးဆောင်၊ မှန်မှန်ကန်ကန် အသုံးပြု
အခွန်ပေးဆောင်ရခြင်းဟာ
ပြည်သူလူထုရဲ့ တာဝန်တစ်ရပ်ဖြစ်သလို အခွန်ပေးဆောင်ခြင်းဖြင့် အများကောင်းကျိုး လိုလားတဲ့
နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ကြောင်း ပြသရာလည်း ရောက်ပါတယ်။ အခွန်ပေးဆောင်ခြင်းဟာ
ပြည်သူလူထုအကြား တရားမျှတမှုဖြစ်ထွန်းလာဖို့ ပါဝင်လုပ်ဆောင် နေခြင်းဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့
တန်ရာ အခွန်များကို ပေးဆောင်ခြင်းဖြင့် ပြည်သူထဲက ပြည်သူဖြစ်တဲ့ မိမိရဲ့ အကျိုးကိုသာမက
ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးကို ပါဝင်မြှင့်တင်ပေးနေကြခြင်း ဖြစ်ပါတယ်။ အခွန်ပေးဆောင်ခြင်းဟာ
လူသားအချင်းချင်းအပေါ် ထားတဲ့ မိမိရဲ့ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ကို ဖော်ပြနေခြင်းလည်း
ဖြစ်ပါတယ်။
အခွန်ဆောင်ခြင်းရဲ့
ဆန့်ကျင်ဘက်က အခွန်ရှောင်ခြင်း။ အခွန်ရှောင်တာဟာ တစ်ကိုယ်ကောင်း ဆန်လွန်းခြင်းဖြစ်တယ်။
ပြည်သူ့ ဘုံအကျိုးကို စုပေါင်းလုပ်ဆောင်ရာမှာ ရေသာခိုခြင်းဖြစ်တယ်။သဘောထား သေးသိမ်ခြင်းဖြစ်တယ်။
ဒါကြောင့် အခွန်ရှောင်ခြင်းဟာ မကောင်းမှုဖြစ်တယ်။ မတရားမှု ဖြစ် တယ်။ ပြည်သူမပီသခြင်း ဖြစ်တယ်။
အခွန်ရှောင်ခြင်းနဲ့
တွဲနေလေ့ရှိတဲ့ မတရားမှုကတော့ အခွန်ကောက်ခံသူတွေရဲ့ မမှန်မကန် ကောက်ခံခြင်း၊ မတရားကောက်ခံခြင်းနှင့်
လာဘ်ပေး လာဘ်ယူပြုခြင်းပဲ ဖြစ်ပါတယ်။ အခွန်ကောက်ခံသူတွေအနေနဲ့ ကောက်ခံသင့်သည် များကိုသာ
ဥပဒေသတ်မှတ် ပြဋ္ဌာန်းထားတဲ့ အခွန်နှုန်း အတိုင်းသာ မှန်မှန်ကန်ကန် ကောက်ခံရမှာ ဖြစ်သလို
အခွန်ဘဏ္ဍာများကို အလွဲသုံးစားပြုစေမယ့် လာဘ်ပေး လာဘ်ယူမှုကိုလည်း ရှောင်ရှားနိုင်ရမှာ
ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့ ဆိုတာကလည်း အစိုးရအနေနှင့် ဥပဒေနဲ့ ကြပ်မတ် ထိန်းချုပ်ထားပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ရရှိလာတဲ့ အခွန်ဘဏ်ဏ္ဍာငွေတွေကို ရည်ရွယ်ချက်အတိုင်း တိုင်းပြည်အကျိုးအတွက် (ပြည်သူ့
ဘုံအကျိုးအတွက်) မှန်မှန်ကန်ကန်ခွဲဝေ အသုံးပြုစေနိုင်ရပါမယ်။ အစိုးရအနေဖြင့် သင့်လျော်သော
အခွန်များကို မှန်ကန်မျှတစွာ ကောက်ခံနိုင်စေခြင်းရှိမှသာ၊ ပြီးလျှင် ထိုအခွန်ငွေများကို
အကျိုးရှိစွာ အသုံးပြု အကောင်အထည်ဖော် ပေးနိုင်မှာသာ ပြည်သူတွေ အနေနှင့်လည်း အခွန်များကို
လိုလိုလားလား ပေးဆောင်ချင်ကြမှာ ဖြစ်ပါတယ်။ ပြည်သူများက အခွန်များကို လိုလိုလားလား
တာဝန်သိစွာ ပြည့်ပြည့်၀၀ ပေးဆောင်ကြမှသာလျှင်လည်း အစိုးရအနေနှင့် တိုင်းပြည်ကောင်းကျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူ ကောင်းကျိုးအတွက် တာဝန်သိစွာဖြင့်အခွန်ပေးဆောင်မှု
ရှိရမှာ ဖြစ်သလို၊ မှန်မှန်ကန်ကန် အခွန်ကောက်ခံမှုနှင့် အခွန်များကို အကျိုးရှိရှိ အသုံးပြုမှုတို့လည်း
ရှိရမှာ ဖြစ်ပါတယ်။
ပြည်သူတိုင်း၏
ခံစားခွင့်
အသေးစားလုပ်ငန်းရှင်များ
နှင့် ကုမ္မဏီကဲ့သို့သော လုပ်ငန်းရှင်ကြီးများ အနေဖြင့် အခွန်များကို ပိုမို အလေးထား
ပေးဆောင်သင့်ပါတယ်။ ပြည်သူတစ်ရပ်လုံး နှင့်ဆိုင်တဲ့ နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သံယံဇာတများကို အသုံးပြု၍ဖြစ်စေ၊ မြေနေရာကို အသုံးပြု
၍ဖြစ်စေ၊ လူသားအရင်းအမြစ်ကို အသုံးပြု၍ဖြစ်စေ ရရှိတဲ့ အကျိုးအမြတ်များထဲကနေ အချို့ကို
အခွန်ပုံစံအားဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူတစ်ရပ်လုံးရဲ့ ကောင်းကျိုးအတွက် မျှဝေပေးနိုင်ရမှာ ဖြစ်ပါတယ်။
တကယ်တော့ လုပ်ငန်းရှင်ကြီးများအတွက် အခွန်ပေးဆောင်ခြင်းဆိုတာ နိုင်ငံတော်အပေါ် ကျေးဇူးသိတတ်ခြင်း၊
တရားမျှတမှုကို ဖော်ဆောင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။
အကယ်ရွေ့ လုပ်ငန်းရှင်တွေ ဘက်က ကြီးမားတဲ့ အခွန်ရှောင်မှုတွေ ရှိခဲ့မယ်ဆိုလျှင်
တိုင်းပြည်အတွက် တစ်နည်းတစ်ဖုံးအားဖြင့် ပြန်ပေးလျော် သင့်ကြပါတယ်။ စည်းမျဉ်းအရကြည့်လျှင်
ရှောင်ခဲ့တဲ့ အခွန်တွေကို အစိုးရဆီ ပြန်ပေးလျော်ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချို့ကိစ္စတွေမှာ
ဥပဒေနဲ့ သက်သေမပြနိုင်တဲ့ အခွန်ရှောင်မှုတွေ ရှိနေတတ်ပါတယ်။ အခွန်ရှောင် တယ်ဆိုတာ လူသိရှင်ကြား
ဖြစ်သွားပေမယ့် ဥပဒေအရ အထောက်အထား မပြနိုင်တာမျိုးကိုဆိုလိုတာပါ။ ဒီလိုကိစ္စမျိုးမှာ
အခွန်ရှောင်သူအနေနဲ့ လူသားအကျိုးပြုလုပ်ငန်း၊ ကရုဏာရေး လုပ်ငန်းတွေမှာ လှူဒါန်းပေးကမ်းခြင်းဖြင့်
သွယ်ဝိုက်သောနည်းနဲ့ ရှောင်ခဲ့တဲ့ အခွန်ငွေတွေကို လူသားအသိစိတ်ဓာတ်ဖြင့် ပြန်ပေးလျော်သင့်ကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရှောင်လိုက်တဲ့ အခွန်ငွေတွေဟာ ပြည်သူအားလုံး ခံစားထိုက်တဲ့ အခွင့်အရေးတစ်ရပ်
ဖြစ်လို့ပါပဲ။
တကယ်တော့ ပြည်သူတစ်ဦးရဲ့
အခွန်ငွေဟာ အခြားပြည်သူများရဲ့ ခံစားပိုင်ခွင့် လည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့အခွန်ဟာ သူ့ရဲ့ခံစားပိုင်ခွင့်ဖြစ်သလို
သူ့ရဲ့ အခွန်ဟာလည်း ကိုယ့်ရဲ့ ခံစားပိုင်ခွင့်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဦးချင်းက
မိမိအချိုးအဆဖြင့် အားလုံးရဲ့ ဘုံအကျိုးအတွက် ထည့်ဝင်နေကြလို့ပဲ ဖြစ်ပါတယ်။ ဆိုတော့
အခွန်အားလုံးဟာ ပြည်သူတစ်ရပ်လုံးရဲ့ ခံစားပိုင်ခွင့် ဖြစ်ပြီး ၎င်းင်းရဲ့ အကျိုးကို ပြည်သူတစ်ရပ်လုံး
ခံစားနိုင်ခွင့်ရှိပါတယ်။ ပြည်သူတစ်ဦးချင်းအနေနှင့် အခွန်များကို တာဝန်သိစွာ ပေးဆောင်မယ်၊
အစိုးရ အနေနှင့်လည်း အခွန်များကို သင့်လျော် မှန်ကန်စွာ ကောက်ခံစေမယ်၊ ကောက်ခံရရှိတဲ့
အခွန်ငွေများကိုလည်း ပြည်သူ့ဘုံအကျိုးအတွက် မှန်မှန်ကန်ကန် အကျိုးရှိရှိ သုံးစွဲစေမယ်
ဆိုလျှင် အများကောင်းကျိုးကို ဖော်ဆောင်ပေးမယ့် တရားမျှတမှုမျိုးကို အမှန်တကယ် ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။
A.သက်ထွေးအောင်