ရိုသေလေးစားခြင်း
ရိုသေလေးစားခြင်း
လို့ပြောလိုက်တာနဲ့ ရှင်းပြစရာ မလိုဘဲ လိုက်ကျင့်အပ်တဲ့ အရာဟု စိတ်ထဲမှာ တတ်အပ် သိနေကြမှာပါ။
မိဘတွေကို ဘယ်လိုရိုသေရမယ်… ဆရာ၊ ဆရာမတွေကို ဘယ်လိုရိုသေရမယ်…
မိမိထက်အသက်ကြီးသူတွေကို ဘယ်လို ရိုသေရမယ်… နှုတ်အားဖြင့် ဘယ်လို၊ အမူအရာအားဖြင့်
ဘယ်လို စတာတွေကို ငယ်စဉ်ကတည်းက သိနေပြီးသား၊ အကျင့်ရနေပြီးသား ဖြစ်နေမှာပါလိမ့်မယ်။
သို့သော်လည်း ယနေ့ လူ့အသိုင်းအ၀ိုင်းထဲက အလွှာအသီးသီးမှာ ရိုသေလေးစားမှုတွေ ယုတ်လျှော့လာနေတာကတော့
ငြင်းလို့မရပါ။ ရိုသေလေးစားမှုတွေ မှေးမှိန်လာတာနဲ့အမျှ အထူးသဖြင့် ကိုယ်ကျင့် တရားရေးရာမှာ
နာခံမှု၊ သင်ယူမှု၊ လေ့လာမှု၊ တန်ဖိုးထားမှုတွေ တစ်နည်းတဖုံအားဖြင့် မှေးမှိန်လာရပါတယ်။
လူ့တာဝန်
လူတိုင်းမှာ
တူညီတဲ့ လူ့ဂုဏ်သိက္ခာဆိုတာ ရှိပါတယ်။ ဒီလူ့ဂုဏ်သိက္ခာက လူတိုင်းကို တန်းတူဖြစ်စေတယ်။
တန်းတူဖြစ်စေတဲ့ ဒီလူ့ဂုဏ် သိက္ခာကြောင့် လူတိုင်းဟာ လူတိုင်းကို လေးစားသင့်တယ်။ သို့ပေမယ့်လည်း
တစ်ခါတရံ အတွေးအခေါ်က ပြောင်းပြန်ဖြစ်နေတတ်တယ်။ မင်းလည်းလူ ငါလည်းလူပဲ ဘာဂရုစိုက်စရာလိုလဲ…
ဒီကောင်လည်းလူ ငါလည်းလူပဲ ဘာလို့ ဒီကောင့်ကို အရေးပေး လေးစားရမလဲ…ဆိုတဲ့
အတွေးအခေါ်က လူ့ဂုဏ်သိက္ခာကို နားလည်လွဲတာဖြစ်တယ်။ တကယ်ဖြစ်ရမှာက…
မင်းလည်းလူ ငါလည်းလူ... လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားရမယ် ဆိုတာမျိုး...
ဒါမှမဟုတ် ငါကဲ့သို့ သူလည်းလူ ဖြစ်တဲ့အတွက်ကြောင့်
သူ့ကို ငါလေးစားရမယ် ဆို တဲ့ အတွေးအခေါ်မျိုး ရှိသင့်ပါတယ်။ မင်းလည်းလူ…
ငါလည်းလူ… လေးစားစရာ မလိုဘူးလို့ ပြောတာဟာ ဘယ်သူကမျှ ဘယ်လူသားကိုမဆို
ရိုသေလေးစားစရာမလိုဘူး လို့ပြောလိုက်တာနဲ့ အတူတူ ဖြစ်နေပါတယ်။ ရိုသေလေးစားမှု ဆိုတာ
လူက သတ်မှတ် ပြဋ္ဌာန်းပေးထားတာ မဟုတ်ပါဘူး။ လူ့သဘာဝက တောင်းဆိုတဲ့ လူဖြစ်ရင် လူမှာ ရှိအပ်တဲ့၊
ရှိသင့်တဲ့ ပါရမီတစ်ပါးဖြစ်သလို လူတိုင်းရဲ့တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ တစ်ဦးကို တစ်ဦး
လေးစားကြဖို့ ကျမ်းစာတော်မြတ် ကလည်း သွန်သင်ပါတယ် (ညွှန်း-ရောမ ၁၂း ၁၀)။
ထိုက်သင့်မှု
လူကိုလေးစားရတဲ့
အကြောင်းရင်းက လူမှာရှိတဲ့ ဂုဏ်သိက္ခာကြောင့်ဖြစ်ပါတယ်။ လူတိုင်းမှာ ရှိတဲ့ အခြေခံ ဂုဏ်သိက္ခာဟာ
လူဖြစ်ခြင်းဆိုတဲ့ လူ့ဂုဏ်သိက္ခာပဲဖြစ်တယ်။ တကယ်တော့ ရိုသေလေးစားခြင်းဆိုတာ လူတစ်ယောက်ရဲ့
ထိုက်သင့်တဲ့ အရာကို ကိုယ်ကပေးရခြင်း တစ်နည်းအားဖြင့် တရားမျှတမှုကို ဖော်ဆောင်ခြင်း
ဖြစ်ပါတယ်။ လူတိုင်းမှာ လူ့ဂုဏ်သိက္ခာဆိုတာ ရှိတယ်။ ဒီဂုဏ်သိက္ခာနဲ့ ထိုက်သင့်တဲ့ ရိုသေလေးစားမှုကိုလည်း
လူတိုင်းက ရပိုင်ခွင့်ရှိပါတယ်။ ဒီရပိုင်ခွင့်ကိုလည်း အခြားသောလူတိုင်းက ဖြည့်ဆည်းပေးရန်
တာဝန်ရှိပါတယ်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ပညာတတ်သည်ဖြစ်စေ ပညာမဲ့သည်ဖြစ်စေ၊
ကိုယ်လက်အင်္ဂါစုံသူ ဖြစ်စေ မစုံသူဖြစ်စေ အားလုံးဟာ အခြေခံ လူ့ဂုဏ်သိက္ခာနဲ့ ထိုက်တန်တဲ့
ရိုသေလေးစားမှုကို ရပိုင်ခွင့်ရှိပါတယ်။ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အဆင့်အတန်း မခွဲခြားဘဲ လူတိုင်းကို လူတစ်ယောက်နှင့် ထိုက်တန်တဲ့
ပြောဆို ဆက်ဆံမှုဖြင့် လေးစား ရမှာဖြစ်ပါတယ်။
သိက္ခာအဆင့်နှင့်
လေးစားမှု
လူတွေမှာ အခြေခံလူ့ဂုဏ်သိက္ခာအပြင်
လုံ့လစိုက်ထုတ်ပြီး ဆည်းပူးရယူရတဲ့ ဂုဏ်သိက္ခာတွေလည်း အသီးသီး ကွဲးပြာစွာ ရှိနေကြပါသေးတယ်။
အရည်အချင်းကြောင့်ဖြစ်စေ၊ ပါရမီ ဖြည့်ကျင့်မှုကြောင့်ဖြစ်စေ၊ အတွေးအခေါ်ကြောင့်ဖြစ်စေ
ရရှိပိုင်ဆိုင်နိုင်တဲ့ ဂုဏ်သိက္ခာတွေလည်း ရှိနေပါတယ်။ တစ်ဦးချင်း ရယူပိုင်ဆိုင်ထားတဲ့
ဂုဏ်သိက္ခာအလိုက် ထိုက်သင့်တဲ့ ရိုသေလေးစားမှုကို ပေးရမှာဖြစ်တယ်။ ရှင်ပေါလုကလည်း ရိုသေထိုက်သူကို
ရိုသေဖို့၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို့ သွန်သင်ဆုံးမပါတယ် (ညွှန်း-ရော ၁၃း၇)။ မိဘကို ရိုသေလေးစားရန်အတွက် ကျမ်းစာတော်မြတ်က ဘုရား၏
ပညတ်တော်တစ်ခုအနေဖြင့်ပင်လျှင် သွန်သင် ဆုံးမထားပါတယ် (ညွှန်း-ထွက် ၂၀း၁၂၊ မာတေး ၁၅း၎၊
၁၉း၁၉)။ သက်ကြီးရွယ်အိုတွေဟာလည်း ရိုသေလေးစားမှုကို အထူးရထိုက်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်
(ညွှန်း-၀တ် ၁၉း ၃၂၊ ပညာအလိမ္မာ ၁၆း၃၁၊ ၁တိမော ၅း၁-…)။ နိုင်ငံရေး အာဏာပိုင်များကိုလည်း
၎င်းင်းတို့ရဲ့ သိက္ခာအဆင့် အလိုက် ရိုသေ လေးစားရမှာဖြစ်သလို (ညွှန်း-၁ ပေ ၂း ၁၇) ဘာသာရေး
ပုဂ္ဂိုလ်များကိုလည်း ၎င်းင်းတို့ရဲ့ သိက္ခာအဆင့်အလိုက် ရိုသေလေးစားရမှာဖြစ်ပါတယ် (ညွှန်း-ဟေဗြေ
၁၃း ၇၊ ၁ ပေ ၅း၅)။ ဂုဏ်သိက္ခာဆိုတာလည်း သဘောသဘာဝအရ စင်ကြယ်ခြင်း၊ ကောင်းမြတ်ခြင်း၊ ပြည့်စုံခြင်းဆီကို
ဦးတည်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ သိက္ခာဟာ ပိုပြီး စင်ကြယ်တယ်၊ ပိုပြီးကောင်းမြတ်တယ်၊
ပိုပြီးပြည့်စုံတယ်ဆိုလျှင် ဒီသိက္ခာဟာ ပိုပြီး လေးနက်တဲ့ ရိုသေလေးစားမှုကို ရထိုက်ပါတယ်။
ရာထူး ဌာနန္တရ
နှင့် လေးစားမှု
ရယူပိုင်ဆိုင်ရတဲ့
သိက္ခာတွေဟာ နေရာကြောင့်၊ ရာထူးကြောင့်၊ ခန့်အပ်မှုကြောင့် ဆိုတာထက် လူပုဂ္ဂိုလ် တစ်ဦးရဲ့
ကောင်းမြတ်မှု၊ ပြည့်စုံမှု၊ စင်ကြယ်မှု အပေါ်မှာ ပိုပြီး မူတည်ပါတယ်။ လူတစ်ယောက်မှာ လူဆိုတဲ့သိက္ခာကြောင့်
လူ့ဂုဏ်ဆိုတာ ရှိနေရတယ်။ လူဆိုတဲ့ သိက္ခာအတိုင်း လူတကယ်ဖြစ်နေလို့ ဂုဏ်ရှိနေရခြင်းဖြစ်ပါတယ်။
ဒီလိုပဲ ဆရာဝန်ဆိုတဲ့ သိက္ခာကြောင့် ဆရာဝန်ဂုဏ်ရှိနေရတယ်။ ဆရာဝန်ဆိုတဲ့ သိက္ခာအတိုင်း
ဆရာဝန်မှာရှိသင့် ရှိအပ်တဲ့ အရည်အချင်း၊ စိတ်နေသဘောထားနဲ့ လုပ်ဆောင်မှုတွေ ရှိနေတာကြောင့်
ဂုဏ်ရှိနေရခြင်း ဖြစ်ပါတယ်။ ဒီလိုပဲဆရာတစ်ယောက်ဟာ ဆရာဆိုတဲ့ သိက္ခာအတိုင်း စေတနာ၊ ၀ါသနာ၊
အနစ်နာတွေနဲ့ ပေးဆပ် လုပ်ဆောင်မှု ရှိနေတာကြောင့်ဆရာဆိုတဲ့ဂုဏ်ရှိနေတာဖြစ်ပါတယ်။ အကယ်ရွေ့
မိမိ သိက္ခာအတိုင်း မဖြည့်ဆည်းနိုင်လျှင်ထိုက်တန်တဲ့ လေးစားမှုဆိုတာကိုလည်း ရနိုင်ဖို့
ခက်ပါလိမ့်မယ်။ ဆိုလိုတာက ရာထူးဌာနန္တရ တွေဟာ ဂုဏ်သိက္ခာကို အလိုအလျောက် ဖြည့်ဆည်းပေးတာ မဟုတ်ပါဘူး။
လူပုဂ္ဂိုလ် ကိုယ်တိုင်က ကြိုးစားထိန်းသိမ်းရမယ့်အရာ ဖြစ်ပါတယ်။ မိမိသိက္ခာအတိုင်း မိမိ
နေထိုင်အသက်ရှင်မှသာလျှင် သိက္ခာမှာ သိက္ခာမည်ပြီး ဤမှန်ကန်တဲ့ သိက္ခာကြောင့် လေးစားမှုနဲ့
ထိုက်တန်တဲ့ ဂုဏ်ဆိုတာလည်း ရှိလာမှာ ဖြစ်ပါတယ်။ ဥပမာပြောရလျှင် နိုင်ငံခေါင်းဆောင်
တစ်ယောက်ဟာ မိမိရဲ့ ခေါင်းဆောင်ဆိုတဲ့ သိက္ခာအတိုင်း ပေးဆပ်၊ စွန့်လွှတ်၊ အနစ်နာခံပြီး
ဦးဆောင်မှုပြုတဲ့အခါ ဘ၀နဲ့ သိက္ခာ တစ်ထပ်တည်း ဖြစ်လာလေလေ သိက္ခာမှန်ကန်မှုကြောင့် ဂုဏ်ပိုတက်လာပြီး
ပိုမို ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်လာပါတယ်။ အကယ်ရွေ့ လေးစားမှုနဲ့ ထိုက်တန်တဲ့
ဂုဏ်သိက္ခာတွေ မှေးမှိန် လာမယ်ဆိုလျှင် ရိုသေလေးစားမှုတွေလည်း မှေးမှိန်လာမှာ အသေအချာဖြစ်ပါတယ်။
ရိုသေလေးစား မှုတွေမှေးမှိန်လာလျှင် တင်းမာမှုတွေ၊ ပဋိပက္ခတွ၊ ပြဿနာတွေလည်း ကိုယ်ကျင့်
ယိုယွင်းမှုတွေနဲ့အတူ လူ့အသိုင်းအ၀ိုင်းထဲမှာ အလိုလို ရောက်လာပြီးသား ဖြစ်နေပါလိမ့်မယ်။
ကျင့်အပ်သည့်
ပါရမီ
လူတိုင်း ဂုဏ်သိက္ခာ
အမှန်အကန် ရှိသူများဖြစ်အောင် ကြိုးစားရင်း၊ တစ်နည်းအားဖြင့် မိမိကိုယ်ကို လေးစားမှုနှင့်
ထိုက်တန်အောင် ကြိုးစားရင်း တစ်ပါးသူအားလည်း မိမိရဲ့ အပြောအဆို၊ အမှုအရာအားဖြင့် ၎င်းင်းတို့
ထိုက်တန်တဲ့ ရိုသေလေးစားမှုကို ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ရိုသေလေးစားမှုဟာ တစ်ပါးသူ ရထိုက်တဲ့
အခွင့်အရေးကို တန်ဖိုးထား ဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိရထိုက်တဲ့
အခွင့်အရေးကို ခံယူနေခြင်းဖြစ်ပါတယ်။ ရိုသေလေးစားမှုဖြင့် ဂုဏ်ပြုခြင်းဟာ လူတစ်ဦးကို
ပိုမို ကောင်းမြတ်စေရန်၊ ပိုမိုစင်ကြယ်စေရန်၊ ပိုမိုပြည့်စုံစေရန် အားပေးရာလည်း ရောက်ပါတယ်။
ထို့ထက် ရိုသေလေးစားခြင်းဟာ ကောင်းမြတ်မှုကို တန်းဖိုးထားမြတ်နိုးတဲ့ မိမိရဲ့ စိတ်ဓာတ်အဆင့်အတန်းကို
ဖော်ပြနေခြင်းပါပဲ။ တစ်နည်းအားဖြင့် ရိုသေလေးစားခြင်းဟာ ကိုယ်ကျင့် ပါရမီတစ်ပါးကို
ဖြည့်ကျင့် ဆောက်တည်နေခြင်းပဲ ဖြစ်ပါတယ်။
A. သက်ထွေးအောင်
