ရဲရင့်ခြင်းပါရမီ



ရဲရင့်ခြင်းပါရမီ

 

မှန်တယ်၊ လုပ်သင့်တယ်၊ လုပ်ရမယ်လို့ ထင်ပေမယ့်၊ ယုံကြည်နေပေမယ့် လုပ်ဖို့ အခက်ကြုံတဲ့ အခြေအနေမျိုးတွေကို လူတိုင်း ကြုံဖူးကြပါတယ်။ အကောင်းဆုံးဖြစ်မယ်၊ မှန်နေတယ်လို့ ထင်လျက်နဲ့ ကိုယ်ထင်တဲ့ အတိုင်းဘာလို့  မလုပ်ဖြစ်ရတာလဲ ဆိုတဲ့ မကျေနပ်ချက်အတွက်လည်း အကြောင်းပြချက်တွေ အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ကောင်းတာကို လုပ်ဆောင်ခြင်း၊ မှန်တာကို ရဲရဲဝံ့ဝံ့ အကောင်ထည် ဖော်နိုင်ခြင်းဟာ ရဲရင့်ခြင်းပါပဲ။ ရဲရင့်ခြင်းပါရမီ ရှိနေမယ်ဆိုလျင် မှန်ကန်တဲ့အရာကို ခက်ခဲတဲ့ အခြေနေမှာတောင်မှ စွန့်စား အကောင်အထည် ဖော်နိုင်စွမ်းရှိပါတယ်။


ရဲရင့်ခြင်းပါရမီဟာ အန္တရာယ်တွေ၊ အတားအဆီးတွေ၊ အကြောက်တရားတွေ အားလုံးကို ကျော်လွှားစေနိုင် ပါတယ်။ မှန်ကန်တဲ့ ပန်းတိုင်ရောက်ဖို့ရန်အတွက် ဘယ်လို အခက်ခဲ အတားအဆီးတွေရှိနေပါစေ ကျော်ဖြတ်သွားဖို့ အဆင်သင့်ဖြစ်စေပါတယ်။ဘ၀ဟာတိုက်ပွဲလို့ ဆိုကြပါတယ်။ ဒီဘ၀တိုက်ပွဲမှာ ဆင်နွှဲ အောင်ပွဲခံဖို့ ရဲရင့်ဖို့လိုပါတယ်။ ခရစ်ယာန်တစ်ယောက် အတွက် ဘ၀တိုက်ပွဲဟာ မကောင်းမှုကို တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ ကောင်းမှုပန်းတိုင်အတွက် တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ ဓမ္မပန်းတိုင်အတွက် အဓမ္မကို တိုက်တဲ့တိုက်ပွဲဖြစ်တယ်။ တရားတော်အတွက် ဒုစရိုက်ကို တိုက်တဲ့တိုက်ပွဲ ဖြစ်တယ်။ ဘုရားအတွက် အတ္တကို တိုက်တဲ့တိုက်ပွဲဖြစ်တယ်။ လဲကျတဲ့အခါ ရှိမယ်။ အရေးနိမ့်တဲ့အခါရှိမယ်။ ဒါပေမယ့် တစ်နေ့မှာ အောင်ပွဲပန်းတိုင် ဆွတ်ခူးရမယ် ဆိုတဲ့ ရဲရင့်ခြင်းနဲ့ လဲကျတိုင်း ပြန်ထ၊ ရှုံးနိမ့်တိုင်းလည်း စိတ်မပျက်ဘဲ ဇွဲ၊ မာန်နဲ့ အမြဲတမ်းချီတက်နေကြခြင်းဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့တဲ့ မြောက်များစွာသော သာသနာတော်ရဲ့ ဓမ္မအာဇာနည်များဟာ ရဲ့ရင့်ခြင်းပါရမီရှင်တွေပါပဲ။နှလုံးသားတိုင်းမှာ ဘုရားရဲ့နိုင်ငံတည်ဖို့အတွက်၊ တရားမြဲဖို့အတွက်၊ ဘုရားစံပါယ်နိုင်ဖို့အတွက် လူသားတိုင်း ရဲရင့်ဖို့လိုပါတယ်။


အစွန်းနှစ်ဘက်ရှောင်
ပါရမီဟာ အစွန်းရောက်တယ် ဆိုတာမရှိဘူး။ အလယ်အလတ်မှာပဲ ရှိတယ်။ ချိန်ခွင်လျှာ ညီမျှတယ်။ ရဲရင့်ခြင်းပါရမီဟာ အစွန်းနှစ်ဘက်ဖြစ်တဲ့ မိုက်ရူးရဲဆန်ခြင်းမဟုတ်သလို သူရဲဘောကြောင်ခြင်းလဲမဟုတ်။ ထစ်ခနဲ တုန့်ပြန်တတ်တဲ့သဘော မရှိသလို မိုက်ရူးရဲဆန်တဲ့ သဘောလည်း မရှိဘူး။ အန္တရာယ်ကို မြတ်နိုးခြင်း မဟုတ်သလို အသားလွတ် မိမိကိုယ်ကို အန္တရာယ်ထဲ ပုံအပ်လိုက်ခြင်းလည်း မဟုတ်ဘူး။ ဆုံရှုံးမှာ၊ အနာခံရမှာကို ကြောက်နေပြီး ဘာကိုမျှ မစွန့်လွတ်ချင်တဲ့ သူရဲဘော ကြောင်ခြင်းမျိုးလည်း မဟုတ်ဘူး။ ကောင်းမြတ်တယ် ဆိုတဲ့အရာအတွက် မိမိကိုယ်ကို အနစ်နာခံပြီး စွန့်စားဖို့ရန် တွန့်ဆုတ်နေခြင်းမျိုးလည်းမဟုတ်ဘူး။ ရဲရင့်ခြင်းဟာ စိတ်အား၊ ဉာဏ်အားတို့ ပေါင်းစပ်ခြင်းကနေ ရလာတဲ့ခွန်အားပဲ ဖြစ်ပါတယ်။
ရဲရင့်ခြင်းဟာ အကြောက်တရားကို ဖယ်ရှားပေးသလို မိုက်ရူးရဲဆန်ခြင်းမှလည်း တားဆီးပေးပါတယ်။ လူတစ်ယောက်မှာ ရဲရင့်ခြင်းပါရမီ တကယ်ရှိနေမယ်ဆိုရင် ဘေးနားက အစွန်းရောက်သူတွေရဲ့ ဝေဖန်ပြစ်တင်မှုကနေ မလွတ်တတ်ပါဘူး။ ဥပမာ-ဘေးနားက လူတစ်ရာရှိနေမယ်။ တစ်ဝက်က မိမိကို သိပ်အရပ်ရှည်တယ်လို့ပြောမယ်။ ကျန်တဲ့တစ်ဝက်က မိမိကို သိပ်အရပ်ပုနေတယ်လို့ပြောကြမယ်ဆိုရင် ကိုယ့်အရပ်က အတော်အတင့်မှာပါပဲလို့ တွေးယူလို့ရပါတယ်။ ဒီလိုပါပဲ။ ရဲရင့်ခြင်းပါရမီရှင် ဘေးနားက သူရဲဘောကြောင်သူတွေက ဒီလောက်စွန့်စား ပေးဆပ်နေရအောင် ဘာအတွက် မို့လဲ၊ ဒီကောင် လူမိုက်၊ငတုံး၊ အရူးပဲလို့ ပြောကြမှာပဲ။ တဖန် ဘေးနားက မိုက်ရူးရဲဆန်သူတွေကလည်းပဲ ဒီလောက်ထိ တွန့်ဆုတ်နေရလား ဘာလဲကွ၊ လုပ်လိုက်ပါလား၊ ငကြောက် လို့ပြောနေကြမှာပဲ။ ပါရမီဟာ အလယ်အလတ်မှာပါ။ ကိုယ်က ဒီအလယ်အလတ်မှာ ရှိနေဖို့လိုပါတယ်။ အစွန်းနှစ်ဘက်ကို နားယောင်မလိုက်မိဖို့ အရေးကြီးပါတယ်။

တန်ဖိုးထား မြတ်နိုးနိုင်မှ ရဲရင့်နိုင်မယ်
ရဲရင့်ခြင်းဟာ ပိုမိုကောင်းမြတ်တယ်ဆိုတဲ့ အရာတစ်ခုကို ရယူဖို့ အကြောက်တရားကို တွန်းလှန် အောင်နိုင်ခြင်းဖြစ်ပါတယ်။ အဲဒီအကြောက်တရားတွေထဲက တစ်ခုက ကောင်းမြတ်တယ် ဆိုတဲ့အရာကို လက်လွတ်ဆုံးရှုံးရမှာကို ကြောက်ခြင်း၊ စိုးရွံ့ခြင်းပဲ ဖြစ်ပါတယ်။ ကောင်းမြတ်တယ် ဆိုတဲ့အရာကို မြတ်နိုးမှ လက်လွတ်ဆုံးရှုံး ရမှာကို ကြောက်မယ်။ လက်လွတ်ဆုံးရှုံးရမှာကို ကြောက်မှ မဆုံးရှုံးရအောင် ကာကွယ်ဖို့ သို့မဟုတ် ကြိုးပမ်းရယူဖို့ ရဲရင့်နိုင်မှာ ဖြစ်တယ်။ ကောင်းမြတ်တယ် ဆိုတဲ့အရာတစ်ခုကို တန်ဖိုးမထားနိုင်ဘူး၊ မမြတ်နိုးနိုင်ဘူးဆိုလျှင် စွန့်လွှတ် စွန့်စားဖို့ မလိုဘူး။ စွန့်လွှတ်စွန့်စားစရာမရှိလျှင် ရဲရင့်ဖို့လည်း မလိုတော့ပါဘူး။  ဘ၀ကို တန်ဖိုးထား မြတ်နိုးမှ ဘ၀ကို ဖျက်တဲ့ မကောင်းမှု ဒုစရိုက်တွေကို တွန်းလှန်ဖို့ ရဲရင့်နိုင်ကြမယ်။ မိမိကိုယ်ကို သေကြောင်းကြံခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းဟာ ဘ၀ကို၊ မိမိအသက်ကို တန်ဖိုးထား မမြတ်နိုးနိုင်လို့ သူရဲဘောကြောင်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုပဲ။ တရားတော်ကို တန်ဖိုးထားမြတ်နိုးမှ တရားတော်အတွက် စွန့်လွှတ်စွန့်စားဖို့ ရဲရင့်နိုင်မယ်။ ဘုရားကို တန်ဖိုးထား မြတ်နိုးမှ ဘုရားအတွက် စွန့်လွှတ်စွန့်စားဖို့ ရဲရင့်နိုင်ကြမှာဖြစ်ပါတယ်။

ကျမ်းစားတော်မြတ်ထဲမှာ သင်ခန်းယူစရာ ပုံဥပမာ (၂)ခု ပေးထားပါတယ်။ တစ်ခုက လူတစ်ယောက်ဟာ အငှားလုပ် လယ်ထဲမှာ မြုပ်ထားတဲ့ ရတနာတွေကသွားတွေ့တယ်။ ဒီရတနာတွေကို ရဖို့ သူ့မှာ ရှိသမျှဥစ္စာကို ရောင်းထုတ်ပြီး ရတနာမြုပ်ထားတဲ့ လယ်ကွက်ကို ၀ယ်လိုက်တယ်။ ဒုတိယတစ်ခုက လူတစ်ယောက်က အဖိုးတန်ပုလဲတစ်လုံး တွေ့လိုက်တယ်။ ဒီအဖိုးတန် ပုလဲကို ရဖို့အတွက် သူပိုင်ဆိုင်သမျှအရာအားလုံးကို ရောင်းပြီး ပုလဲကို ၀ယ်လိုက်တယ်။ ဒီလူနှစ်ယောက်လုံးဟာ မိမိတို့ တန်ဖိုးထား မြတ်နိုးတဲ့ အရာအတွက် ရှိသမျှကို စတေးခံ စွန့်လွှတ်ရဲကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။

ဘာကို တန်ဖိုးထား မြတ်နိုးတာလဲ
ရဲရင့်ခြင်းပါရမီကို ကျင့်ဆောက်တည်ဖို့ မိမိဘာကို တန်ဖိုးထားမြတ်နိုးသလဲ။ အဆုံးရှုံးမခံနိုင်လောက်အောင် တန်ဖိုးထား မြတ်နိုးနိုင်တဲ့အရာပါ။ အောင်မြင်မှုလား¿ အနာဂတ် ဘ၀ကြင်ဖော်လား¿ ကိုယ်ကျင့်သိက္ခာလား¿ သို့မဟုတ် တရားတော်လား¿  သို့မဟုတ် ဘုရားလား¿ သို့မဟုတ် ထာဝရအသက်လား¿ စသည်ဖြင့် တန်းဖိုးထားမြတ်နိုးတဲ့အရာတွေ အဆင့်ဆင့် ရှိနေပါလိမ့်မယ်။ ဒီအဆင့်ဆင့်မှာ ရှိတဲ့ ပိုမိုကောင်းမြတ်တဲ့အရာအတွက် ထိုက်သင့်တာကို စတေးခံပြီး အဆင့်ဆင့် ရယူခြင်းဟာ ရဲရင့်ခြင်းဖြစ်ပါတယ်။  ဥပမာ- ကိုယ်ကျင့်သိက္ခာအတွက် အောင်မြင်မှုကို စွန့်လွှတ်တယ်ဆိုတာ ရဲရင့်ခြင်းပါ။ ဒါမှမဟုတ်ဘဲ အောင်မြင်မှုအတွက် ကိုယ်ကျင့်သိက္ခာကို စွန့်လွှတ်တယ်ဆိုလျှင် ဒါဟာ ရဲ့ရင့်ခြင်းမဟုတ်ဘဲ ညံ့ဖျင်းခြင်း ဖြစ်ပါတယ်။ ရဲရင့်ခြင်းဟာ စိတ်အား၊ ဉာဏ်အားတို့ ပေါင်းစပ်ခြင်းကနေ ရလာတဲ့ခွန်အားလို့ အထက်မှာ ပြောခဲ့ပါတယ်။ အောင်မြင်မှုအတွက် ကိုယ်ကျင့်သိက္ခာကို စတေးလိုက်ခြင်းဟာ (၅၀၀၀)တန်ငွေကို တစ်ကျပ်တန်နဲ့ လဲယူလိုက်သလို အင်မတန် ညံ့ဖျင်းတဲ့ လုပ်ရပ်ဖြစ်နေပါလိမ့်မယ်။ လောကတစ်ခုလုံးကို အစိုးရနိုင်သော်လည်း မိမိဝိညာဉ် ဆုံးရှုံးခဲ့လျှင်၊ ဘုရားနဲ့ဝေးရလျှင်၊ တရားပျောက်လျှင် မိမိအတွက် ဘာအကျိုးအမြတ်မျှ မရှိပါဘူး။ ဒါကြောင့် မိမိတန်ဖိုးထား မြတ်နိုးတဲ့အရာဟာ တကယ် တန်ဖိုးထား မြတ်နိုးသင့်တဲ့ အရာဖြစ်ပြီး ဒီတန်ဖိုးထား မြတ်နိုးသင့်တဲ့အရာအတွက် ထိုက်သင့်တဲ့ ပေးဆပ်မှုတွေ စွန့်လွှတ်မှုတွေ လုပ်ဖို့ ရဲရင့်နေရမှာဖြစ်ပါတယ်။ ခရစ်ယာန်တွေ အတွက် တန်ဖိုးထားသင့်ဆုံး၊  မြတ်နိုးသင့်ဆုံးသော အရာဟာ ဘုရားပါ။ ဘုရားနဲ့တစ်သားတည်း ရှိနေတာက ဘုရားရဲ့ တရားတော်ပါပဲ။

တွန်းလှန်မလား၊ ခံထမ်းမလား
အခြေအနေ အချိန်အခါကို လိုက်ပြီး တွန်းလှန်ဖို့ ရဲရင့်ရမှာ ဖြစ်သလို အခြေအနေ အချိန်အခါကို လိုက်ပြီး  ခံထမ်းဖို့လည်း ရဲရင့်ရမှာ ဖြစ်ပါတယ်။ မိမိတန်ဖိုးထား မြတ်နိုးတဲ့ ကောင်းမြတ်တဲ့အရာတစ်ခုကို  ဟန့်တားပျက်စီးစေမယ့် အဖျက်အမှောင့် အရာမှန်သမျှကို တွန်းလှန်တိုက်ခိုက်ဖို့ရဲရင့်ရမယ်။ ဒီရဲရင့်ခြင်းမျိုးကို ဖြူစင်တဲ့ ဒေါသအသွင်နဲ့လည်း တွေ့နိုင်ပါတယ်။ မကောင်းမှုလုပ်ရပ်တွေ အတွက် ဒေါသထွက်တာ၊ လူမဆန်တဲ့ လုပ်ရပ်တွေအတွက် ဒေါသထွက်တာ၊ ဒါတွေဟာ ဖြူစင်တဲ့ဒေါသတွေပါ။ ယေဇူးခရစ်တော်ကိုယ်တော်တိုင်တောင်မှ ဖာရီဇေးဦးတွေရဲ့  သူတော်ကောင်းယောင်ဆောင်မှု၊ အနိုင်ကျင့်မှု၊ တစ်ပါးသူတွေအပေါ် ဥပဒေနှင့် လှည့်စားမှု တွေအတွက် ဒေါသထွက်ခဲ့တယ်။ ပြင်းထန်တဲ့ စကားလုံးတွေနဲ့လည်း သူတို့ကို ဆုံးမတော်မူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဗိမ္မာန်တော်ကို ဈေးရောင်းဝယ်ရာနေရာ ဖြစ်စေကြလို့  ငွေလဲလှယ်သူတွေရဲ့ စားပွဲကိုတောင် မှောက်လှန်ပစ်ခဲ့ပါတယ်။ မကောင်းမှုကိုတွေ့တယ်၊ ဒေါသဖြစ်တယ်၊ ဒီမကောင်းမှုကို တိုက်ခိုက်တယ်။ (လူကို တိုက်ခိုက်တာမဟုတ်ဘူး။ အပြစ်တရားကို တိုက်ခိုက်တာပါ)။ ဒါဟာ ရဲရင့်ခြင်းပါ။ တိုက်ခိုက်တွန်းလှန်ဖို့ ရဲရင့်ခြင်းကို ဆိုလိုပါတယ်။ 

နောက်တစ်ခုက ခံထမ်းဖို့ ရဲရင့်ခြင်း။ တွန်းလှန်တိုက်ခိုက်ဖို့ အခြေအနေ မပေးတဲ့အခါ သို့မဟုတ် ကောင်းမြတ်တဲ့အရာကို ကြိုးပမ်းရယူရင်းကြုံရတဲ့ ခက်ခဲမှုအခြေနေမှာ ခံထမ်းဖို့ ရဲရင့်နိုင်ခြင်းကို ဆိုလိုပါတယ်။ အမှန်တရားတစ်ခုအတွက် သို့မဟုတ် မိမိ ဘာသာတရား ယုံကြည်ချက်အတွက် ညှဉ်းပမ်းနှိပ်စက်ခံနေရတဲ့ အခြေနေမျိုးမှာ၊ ခွဲခြားဆက်ဆံခံရတဲ့ အခြေနေ အချိန်ခါမျိုးမှာ သည်းခံခြင်းနဲ့ ခံထမ်းတယ်။ ပါရမီတစ်ခုကို ကျင့်ယူတဲ့အချိန်မှာ ကြုံရတဲ့ အခက်ခဲတွေကို သည်းခံစွာ ခံထမ်းတယ်။ သာယာတဲ့ အိမ်ထောင်စု၊ တည်တံ့တဲ့အိမ်ထောင်စု တစ်ခုဖြစ်ဖို့ ကြိုးစားနေရင်း ကြုံလာတဲ့ အခက်ခဲတွေကို ကြံ့ကြံ့ခံ ခံထမ်းတယ်။ ဒါတွေဟာ ရဲရင့်ခြင်းပါ။ ခံထမ်းဖို့ ရဲရင့်ခြင်းကို ဆိုလိုပါတယ်။
လူတိုင်း အတိုင်းအတာတစ်ခုထိ ရဲရင့်ကြပါတယ်။ ကောင်းမြတ်ခြင်းကို တန်ဖိုးထားမြတ်နိုးသူတွေ၊ ကောင်းမြတ်ခြင်းရဲ့ ကတိကို လေးစားသူတွေ၊ အနာဂတ်ကို ယုံကြည်သူတွေ၊ ကောင်းမြတ်ခြင်းနဲ့ အသက်ရှင်နေသူတွေဟာ ရဲရင့်ဖို့ အဆင်သင့်ရှိကြပါတယ်။ အတိုင်းထက်အလွန်လည်း ရဲရင့်နိုင်ကြပါတယ်။ ရဲရင့်သူတွေဟာလည်း ပါရမီရှင်တွေဖြစ်ကြပါတယ်။ ရဲရင့်ဖို့ကိုလည်း ဘုရားက လူသားအားလုံးကို တောင်းဆိုပါတယ်။

A.သက်ထွေးအောင်