ယေဇူးခရစ်တော်၏
မင်္ဂလာတရားတော်
(မာတေး ၅း ၃-၁၀)
ခရစ်တော်၏ မင်္ဂလာတရားတော်သည်
ခရစ်ယာန်ဘ၀အတွက် ကျင့်စဉ်လမ်း ဖြစ်သည်။ ဘုရား၏နိုင်ငံတော်ကိုလောကတွင် တည်ထောင်ရန်အတွက်လည်း
လမ်းပြမြေပုံဖြစ်သည်။- အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။
အတွင်းစိတ်၌ ဆင်ရဲခြင်းသည် နှိမ့်ချခြင်းဖြစ်သည်။
အတွင်းစိတ်၌ ဆင်းရဲခြင်းသည် မာန်မာနနှင့် တပ်မက်ခြင်း အားလုံးကို စိတ်မှ ချွတ်ခွာပြီး
ဘုရား၏ တရားတော်အတွက် နေရာပေးခြင်းဖြစ်သည်။ နှိမ့်ချခြင်းသည် ကောင်းမြတ်ခြင်းအတွက်
နေရာပေးသည်။ နှိမ့်ချခြင်းသည် အတွင်းစိတ်ကို ငြိမ်းအေးစေသည်။ နှိမ့်ချခြင်းသည် ဘုရား၏
တရားတော်ကို နာခံစေသည်။ နှိမ့်ချခြင်းသည် ကောင်းချီး၊ ကျေးဇူးများအားလုံး ဘုရားသခင်ဆီမှ
လာသည်ကို အသိအမှတ်ပြုသည်။နှိမ့်ချသူသည် မိမိ၏ အားနည်းမှု သဘာဝကို လက်ခံတတ်သည်။ နောင်တယူတတ်သည်။
ဘုရားသခင်၏ လမ်းပြဦးဆောင်မှုနောက် ကြည်ဖြူစွာ လိုက်လျှောက်ပြီး ပြည့်စုံခြင်းဆီသို့
ပြောင်းလဲနေတတ်သည်။
- ၀မ်းနည်းငိုကြွေးသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်း ခံကြရလိမ့်မည်။
ဝမ်းနည်းငိုကြွေးခြင်းသည် မိမိအပြစ်နှင့်လောကအပြစ်အတွက်
နောင်တရခြင်းဖြစ်သည်။ တစ်ပါးသူအပေါ် ထိခိုက်ပြစ်မှားမိသော အပြစ်များအတွက်၊လူသားမျိုးနွယ်အပေါ်
ထိခိုက်ပြစ်မှားမိသော အပြစ်များအတွက် ၀မ်းနည်းငိုကြွေးခြင်းဖြစ်သည်။ ၎င်းင်းသည် အမြင်မှန်
ရခြင်းဖြစ်သည်။ ၀မ်းနည်းငိုကြွေးခြင်းသည် အပြစ်တရား၏အကျိုးဆက်ဖြစ်သော လူသားတို့၏ ဒုက္ခများအတွက်
ဝမ်းနည်း ငိုကြွေးခြင်းဖြစ်သည်။ ၎င်းင်းသည်စာနာမှုရှိခြင်းကို ဖော်ပြသည်။ တဖန် ၀မ်းနည်း
ငိုကြွေးခြင်းသည် ပြည့်စုံသော ဘ၀အသက်တာအတွက် ဒုက္ခအခက်ခဲများကို ရင်ဆိုင်ရဲခြင်း၊ ခံထမ်းရဲခြင်း
ဖြစ်သည်။ ကောင်းမြတ် ပြည့်စုံသော ဘ၀အတွက် ဒုက္ခကို ရင်ဆိုင်၍၊ခံထမ်း၍ ၀မ်းနည်းငိုကြွေးရသူသည်
ဤဘ၀၌ သော်လည်းကောင်း၊ နောင်ဘ၀၌ သော်လည်းကောင်း နှစ်သိမ့်မှု ရကြလိမ့်မည်ဖြစ်သည်။
- စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် မြေကို အမွေခံကြရလိမ့်မည်။
နူးညံ့သိမ်မွေ့ခြင်းသည်
မိမိကိုယ်ကို ချုပ်တည်းမှု ရှိခြင်း၊ သမာဓိရှိခြင်း ဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းသည်
ပျော့ညံ့ခြင်းမဟုတ်၊ ရှက်ကြောက်ခြင်းမဟုတ်။ နူးညံ့သိမ်မွေ့ခြင်းသည် အကြမ်းဖက်ခြင်း၊
စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အမှန်မှာ နူးညံ့သိမ်မွေ့ခြင်းသည်
စိတ်၏ ရဲရင့်ခြင်းပင်ဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းသည် အပြစ်ထဲသို့ ကျရောက်စေမည့် မကောင်းမှု၏
လှောင်ပြောင်ဒဏ်၊ စိန်ခေါ်ဒဏ်ကို တည်ငြိမ်စွာ ခံထမ်းရဲသည်။
- ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် လိုအင်ဆန္ဒ ပြည့်ဝကြလိမ့်မည်။
ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တခြင်းသည်
အမှန်တရားကို တောင့်တခြင်းဖြစ်သည်။ ပါရမီနှင့် ပြည့်ဝရန် ဆန္ဒရှိခြင်းဖြစ်သည်။ ကောင်းမြတ်ခြင်းကို
လိုလားခြင်း ဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားကို ဆာမွတ် တောင့်တခြင်းသည် ကိုယ့်ကျင့်တရား၌
ပြည့်စုံမှုကို ဆာမွတ်တောင့်တခြင်း ဖြစ်သည်။ ၎င်းသည် တရားအပေါ် သစ္စာရှိမှုကို တောင့်တခြင်း
ဖြစ်သည်။ ၎င်းင်းသည် ဘုရားအပေါ် သစ္စာရှိမှုကို တောင့်တခြင်းဖြစ်သည်။
- သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်း ခြံကရလိမ့်မည်။
သနားကြင်နာခြင်းသည် ကရုဏာထားခြင်းဖြစ်သည်။ မေတ္တာထားခြင်းဖြစ်သည်။ ခွင့်လွတ်ခြင်းဖြစ်သည်။
တစ်ပါးသူအပေါ် ကောင်းကျိုးပြုခြင်းဖြစ်သည်။ ကာယရေးဆိုင်ရာ သနားကြင်နာခြင်း လုပ်ရပ်များမှာ
(၁) ဆာလောင် သူကို အစာပေးကမ်းခြင်း၊ (၂) ဆာငတ်သူကို ရေပေးကမ်းခြင်း၊ (၃)အ၀တ်မရှိသူကို
အ၀တ်ပေးကမ်းခြင်း၊ (၄)ခိုနားစရာ မရှိသူကို ခိုနားရာနေရာ ပေးကမ်းခြင်း၊ (၅) ထောင်တွင်း
အကျဉ်းချခံနေရသူများကို သွားရောက်နှစ်သိမ့်ပေးခြင်း၊ (၆) မမာမကျန်း ဖြစ်သူများထံ သွားရောက်
လည်ပတ်ခြင်း နှင့်(၇) သေသူတို့ကို သင်္ဂြိုဟ်ခြင်း တို့ဖြစ်သည်။ ၀ိညာဉ်ရေးဆိုင်ရာ သနားကြင်နာခြင်း
လုပ်ရပ်များမှာ (၁) အပြစ်သားများကို ဆုံးမပဲ့ပြင်ခြင်း၊ (၂) အသိပညာ မရှိသူများကို သွန်သင်ပေးခြင်း
(၃) အမှန်တရားအပေါ် ဇဝေဇ၀ါ သံသယရှိသူများကို ဆွေးနွေးအကြံပေးခြင်း (၄) ၀မ်းနည်းပူဆွေးနေရသူများကို
နှစ်သိမ့် အားပေးခြင်း (၅) မိမိအပေါ် မတရားပြုမှုများကို သည်းခံခြင်း (၆) ထိခိုက်စော်ကားသူများကို
ခွင့်လွှတ်ခြင်း နှင့်(၇) သေသူ၊ ရှင်သူများအတွက် မေတ္တာပို့ ဆုတောင်းပေးခြင်းတို့ ဖြစ်သည်။
- စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။
ရိုသားဖြူစင်ခြင်းသည်
ဖြောင့်မတ် မှန်ကန်ခြင်းဖြစ်သည်။ ရိုးသားဖြူစင် သောသူသည် စိတ်သဘောထား ဖြူစင်သည်။ သန့်ရှင်းစွာ ပြောဆို လုပ်ကိုင်သည်။
လိပ်ပြာသန့်သည်။ ကောက်ကျစ်မှု မရှိ။ ဟန်ဆောင်မှု
ကင်းသည်။ လိမ်ညာမှုလည်း ကင်းသည်။ တစ်ပါးသူ ပျက်စီးစေရန်အလို့ငှာ ကြံစည်မှုမရှိပေ။
ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သော သူတို့သည်
မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ သားများဟုအခေါ်ခံကြရလိမ့်မည်။
ငြိမ်းချမ်းရေးအတွက်
ကြိုးပမ်းဆောင်ရွက်ခြင်းသည် သင့်မြတ်ခြင်း၊ ခွင့်လွတ်ခြင်းအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
ချစ်ကြည်ရင်းနှီး ပေါင်းစည်းကြရန်အတွက်ကြိုးပမ်းခြင်း ဖြစ်သည်။ ခွဲခြားမှုကိုကုစားပေးခြင်းဖြစ်သည်။
အကြမ်းဖက်မှု နှင့်အနိဋ္ဌာရုံကို အဆုံးသတ်စေခြင်း ဖြစ်သည်။ ငြိမ်းချမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူသည်
မိမိကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသည်။ မိသားစုဖြစ်စေ၊ ပတ်ဝန်းကျင် အသိုက်အ၀န်း၌ဖြစ်စေ
ရောက်သည့်နေရာတွင် ငြိမ်းချမ်းရေးကို တည်ဆောက်သည်။ ပေးဆပ်တတ်သည်။ အနစ်နာ ခံတတ်သည်။
လူသားဘ၀ ဘက်ပေါင်းစုံ ငြိမ်းချမ်းမှု ရှိရန်အတွက်၊ တိုးတက် အေးချမ်းဖို့ရန်အတွက် တက်ကြွစွာ
ပါဝင်လှုပ်ရှားတတ်သည်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခြင်းသည် ဘုရားကို ယူဆောင်လာပေးခြင်းလည်း
ဖြစ်သည်။ ဘုရား ကိန်းဝပ် စံပါယ်တော်မူရာ နေရာ၌ငြိမ်းချမ်းခြင်း ရှိသည်။
- ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
ဖြောင့်မတ်ခြင်းတရားအတွက်
ညှဉ်းပမ်းနှိပ်စက် ခံရခြင်းသည် အမှန်တရားအတွက် နှိပ်စက်ခံရခြင်းဖြစ်သည်။ ယုံကြည်ချက်အတွက်
နှိပ်စက်ခံရခြင်း ဖြစ်သည်။ တရားတော်အတွက် နှိပ်စက်ခံရခြင်းဖြစ်သည်။ ဘုရားအတွက် နှိပ်စက်ခံရခြင်း
ဖြစ်သည်။ ၎င်းင်းသည် အဓမ္မမှုကို တိုက်ဖျက်သောကြောင့် နှိပ်စက်ခံရခြင်း၊ ထောင်တွင်းအကျဉ်းချ
ခံရခြင်း၊ ကွပ်မျက်ခံရခြင်း ဖြစ်သည်။ မတရားမှုကို ဆန့်ကျင်သောကြောင့် နှိပ်စက်ခံရခြင်း၊
ထောင်တွင်းအကျဉ်းချ ခံရခြင်း၊ ကွပ်မျက်ခံရခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် သက်သေခံသောကြောင့်
နှိပ်စက်ခံရခြင်း၊ ထောင်တွင်း အကျဉ်းချ ခံရခြင်း၊ ကွပ်မျက်ခံရခြင်းဖြစ်သည်။
A.သက်ထွေးအောင်
A.သက်ထွေးအောင်