ကယ်တင်ခြင်းနှင့် တရားတော်ကိုနာခံခြင်း



ကယ်တင်ခြင်းနှင့် တရားတော်ကိုနာခံခြင်း
  စစ်မှန်သော လူသား
လူသည် ဘုရားသခင်၏ ပုံရိပ်တော်အတိုင်း ဘုရားသခင်နှင့် သဏ္ဌာန်တူအောင် ဖန်ဆင်းခံထားရသည် (ညွှန်း-ကမ္ဘာ ၁း ၂၆)။ ဘုရား၏ ပုံရိပ်တော်အတိုင်း ဖန်ဆင်းခံထားရသော လူတွင် ဉာဏ်နှင့် စိတ်တို့ပါရှိသည်။  ဉာဏ်ဖြင့် ဆင်ခြင် တွေးခေါ်ပြီး၊ စိတ်ဖြင့် လွတ်လပ်စွာ ရွေးချယ်သည်။ ဉာဏ်ဖြင့် အမှန်တရားကို ရှာဖွေပြီး သိရှိလာသော အမှန်တရားကို စိတ်သည် မေတ္တာဖြင့် ပါရမီများကို ကျင့်ဆောက်တည်သည်။ ဉာဏ်ဖြင့် ဘုရားကို သိလာရပြီး စိတ်ဖြင့် ချစ်မြတ်နိုးကာ ဘ၀အသက်တာကို ဘုရားနှင့် ပေါင်းစည်းရှင်သန်စေသည်။ဘုရားနှင့် ပေါင်းစည်းအသက်ရှင်ခြင်းသည် မိမိဘ၀ကို ဘုရားရှင်ထံ လုံးလုံးလျားလျားအပ်နှံပြီး ဘုရား၏ တရားတော်အတိုင်း မြင့်မြတ်စွာ အသက်ရှင်ခြင်း ဖြစ်သည်။ ဘုရားကို ချစ်မြတ်နိုးကာ ဘုရားနှင့်ပေါင်းစည်း အသက်ရှင်သကဲ့သို့ ဘုရား၏ပုံရိပ်လေးများဖြစ်ကြသော လူသားချင်း အပေါ်၌လည်း လူသည်မေတ္တာထားကာ ၎င်းင်းတို့နှင့် သင့်မြတ်ချစ်ခင်စွာ ပေါင်းစည်းနေထိုင်သည်။ ဤသည်မှာ စစ်မှန်သော လူသားတစ်ယောက်၏ ဘ၀အဓိပ္ပာယ်ဖြစ်သည်။

လူသားနှင့် ကယ်တင်ခြင်း
လူသည် ဘုရားပုံရိပ်တော်၏ အရည်အသွေး ဖြစ်သော ဉာဏ်နှင့်စိတ်တို့ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းင်းတို့ကို အသုံးပြု၍  ဘုရားနှင့် တူလာရန်၊ စစ်မှန်သော လူသားတစ်ယောက်ဖြစ်လာရန် လုပ်ယူကျင့်ဆောင်မှု၌ စိတ်တွင်းခံ အပြစ်တရားကြောင့် ( မူလအပြစ်ရင်းကြောင့်) မကောင်းမှုဖက်ကိုသာ ယိမ်းယိုင်၍ ပျက်စီးခြင်းဆီသို့သာ ဦးတည်နေသည်။
လူသည် အတ္တဆန်၍  မိမိကိုယ်ကိုသာ ဗဟိုပြုသည်။ ဤအတ္တဆန်မှုနှင့် မိမိကိုယ်ကို ဗဟိုပြုခြင်းတို့မှ မာန်မာနတရားနှင့် ပျက်ပြားတတ်ခြင်းတို့ မွေးဖွားလာသည်။ ပျက်ပြားတတ်ခြင်း ဆိုသည်မှာ  ဘုရားအပေါ် ဖောက်ပြန်ပျက်ပြားတတ်ခြင်း၊ မိမိအပေါ် ဖောက်ပြန် ပျက်ပြားတတ်ခြင်း၊ လူလူချင်းအပေါ် ဖောက်ပြန် ပျက်ပြားတတ်ခြင်း၊ လူ့ဘောင်အဖွဲ့စည်းအပေါ် ဖောက်ပြန် ပျက်ပြားတတ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖောက်ပြန်ပျက်ပြားတတ်ခြင်း စသည်တို့ကို ဆိုလိုသည်။ ဤဖောက်ပြန် ပျက်ပြားတတ်ခြင်း သဘောသည် အပြစ်ရင်း ဟုခေါ်သည့် စိတ်တွင်းခံ မူလအပြစ်တရား ဖြစ်သည်။
ဤဖောက်ပြန် ပျက်ပြားတတ်ခြင်းနွံ၌ နစ်နေသော လူသည် ပြည့်စုံသောလူသားတစ်ယောက်၊ အဓိပ္ပာယ်ရှိသော လူသားတစ်ယောက် ဘ၀သို့ မတက်လှမ်းနိုင်ဘဲ အမှောင်ဝင်္ကပါထဲ ရောက်နေသည့်နှယ် အခက်ရှိနေသည်။ လူသား၏ ဘ၀သည် အကူညီမဲ့က ပျက်စီးခြင်းသို့ပင် ဦးတည်နေသည်။  လူသားသည် စစ်မှန်သော လွတ်လပ်ခြင်း၌ မမွှေ့လျှော်ရဘဲ အပြစ်တရားနှင့် မကောင်းမှုတို့၏ ကျေးကျွန်သာ ဖြစ်နေရသည် (ညွှန်း-ယော ၈း ၃၄၊ ၃၆)။ သူသည် သေခြင်း၏ အရိပ်အောက်၌ သွားလာကျင်လည်၍ (ညွှန်း-ယော ၅း ၂၄၊ ၁ယော ၃း ၁၄) ပျက်စီးခြင်းကမ္ဘာ၌သာ အသက်ရှင်နေရသည်။  အ၀ိဇ္ဇာအမှောင်ထဲသို့ တွန်းပို့ပြီး အပြစ်ဒုစရိုက်ကို အမြဲကျူးလွန်စေမည့် မကောင်းမှုညာဉ်ဆိုး၏ အာဏာစက်အောက်၌လူသားသည် ရုန်းမထွက်နိုင်အောင်ရှိနေရသည်။
ဘုရားသခင်ကို ထိခိုက်ပြစ်မှားနေသရွှေ့၊ မိမိကိုယ်ကို ထိခိုက်ပြစ်မှားနေသရွှေ့၊ တစ်ပါးသူကို ထိခိုက်ပြစ်မှား နေသရွှေ့ လူသည် ဘုရားနှင့် သဏ္ဌာန်တူသော စုံလင်ပြည့်ဝသည့်  ဘ၀သို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်လူသားသည် ကယ်တင်ခြင်း လိုအပ်သည်။ သူ့အား တစ်စုံတစ်ဦးမှ ကယ်တင်ပေးရန် လိုအပ်နေသည်။

ကယ်တင်ရှင်ယေဇူး (သို့) လွတ်မြောက်စေသူ ယေဇူး
 ပျက်ပြားတတ်ခြင်း၏အချုပ်နှောင်ထဲမှ လူသားသည် ဤအချုပ်အနှောင်မှ ကင်းသော တစ်စုံတစ်ဦး၏ အကူညီကိုမရလျှင် မလွတ်မြောက်နိုင်ပေ။ ဤအချုပ်အနှောင်ထဲမှ လွတ်မြောက်ရန် တစ်စုံတစ်ဦးမှ လွတ်မြောက်ပေး နိုင်ရပေမည်။ အချုပ်အနှောင်မှ ကင်းသော  လွတ်မြောက်ပေးနိုင်သူ ထိုတစ်စုံတစ်ဦးသည် ယေဇူးခရစ်တော်ပင် ဖြစ်သည်။ ယေဇူးသည် ဖောက်ပြန် ပျက်ပြားတတ်ခြင်း အချုပ်အနှောင်မှ ကင်းလွတ်သည့် ဘုရားဖြစ်ပြီး အကြွင်းမဲ့ပြည့်စုံသူ လူသားလည်း ဖြစ်ပေသည်။ ယေဇူးသည် လူသားကို ထိုအချုပ်အနှောင်မှ လွတ်မြောက်စေနိုင်သည်။ လွတ်မြောက်နိုင်သည့် လမ်းကိုလည်း ညွှန်ပြပေးနိုင်သည်။ လွတ်မြောက်စေသည် သာမက ဘုရားနှင့်သော်လည်းကောင်း၊ လူသားတိုင်းနှင့် သော်လည်းကောင်း ဖောက်ပြန်ပျက်ပြားခြင်းမရှိသော ရင်းနှီးဆက်သွယ်မှုဖြင့် ပြည့်ဝစုံလင်သော၊ အဓိပ္ပာယ်ရှိသော၊  ဘုရားနှင့်တူသော လူသားဘ၀ကို ဘုရား သခင်၏ ကျေးဇူးတော်ဖြင့် တည်ဆောက်စေနိုင်သည်။
ယေဇူးသည် လူသားအတွက် အလင်းပေးသူအဖြစ် လည်းကောင်း၊ အသက်ပေးသူ အဖြစ်လည်းကောင်း ကြွလာတော်မူခဲ့သည် (ညွှန်း-ယော ၁း၎)။ အ၀ိဇ္ဇာအမှောင်မှ ပညာဉာဏ် အလင်းဆီသို့  ပို့ဆောင်ပေးသည် (ညွှန်း-ယော ၉း၃၇)။ အပြစ်တရား၏ ကျေးကျွန်ဘ၀ နှင့်မှားယွင်းခြင်းတို့မှ လွတ်မြောက်စေပြီး (ညွှန်း-မာတေး ၁း ၂၁) ကောင်းမြတ်ခြင်းနှင့် အမှန်တရားကို သိမြင်နိုင်စေသည် (ညွှန်း-ယော ၈း ၃၂၊ ၃၆။ ၁၄း ၆)။ ယေဇူးသည် ဆာငတ်သူတို့အတွက် အသက်စမ်းရေဖြစ်သည် (ညွှန်း-ယော ၄း ၁၀၊ ၇း ၃၇၊ ၃၉)။ ငတ်မွတ်နေသူတို့အတွက် အသက်မုန့်ဖြစ်သည် (ညွှန်း-ယော ၆း ၃၅)။ လုံခြုံမှုရခြင်းငှါ ဟစ်အော်သော အသံအတွက် သိုးထိန်းကောင်းဖြစ်သည် (ညွှန်း-ယော ၁၀း၁၁)။ ဘုရားကို ရှာဖွေနေသူတို့အတွက် ကိုယ်တော်သည် လမ်း၊ သမ္မာတရားနှင့် အသက် ဖြစ်တော်မူသည် (ညွှန်း-ယော ၁၄း ၁၆)။ ပျက်ပြားတတ်ခြင်းသဘောကို အနိုင်ယူပြီး ဘုရားနှင့် လူသားတိုင်းအပေါ် မည်သို့ မေတ္တာထားကာ ပေါင်းစည်း အသက်ရှင်နိုင်သည်ကို  မိမိ၏ဘ၀နှင့် ယှဉ်၍ လမ်းညွှန်ပြသတော်မူခဲ့သည်။
ထို့ကြောင့်မိမိ၏ဘ၀၊ ကျင့်စဉ် နှင့်နှုတ်တော်ထွက် တရားများဖြင့် ယေဇူးခရစ်တော်သည် လူသားတို့၏ လွတ်မြောက်ရာလမ်း၊ ကယ်တင်ရာလမ်း ဖြစ်နေတော်မူပေသည် (ညွှန်း- လု ၂း၁၁၊ လု ၃း ၆၊ တမန် ၁၃း ၂၆၊ တမန် ၁၆း ၁၇၊ ရောမ ၁း ၁၆)။

လွတ်မြောက်ခြင်းတဖြစ် ကယ်တင်ခြင်း
ပျက်ပြားတတ်ခြင်းနှင့် အချုပ်နှောင်ခံနေရသော လူသားအတွက် ကယ်တင်ခြင်းသည် လွတ်မြောက်ခြင်းပင်ဖြစ်သည်။ ၎င်းင်းသည် (ဘုရားနှင့်လူလူချင်းအပေါ် ဖောက်ပြန်ပျက်ပြားစေသော) မိမိကိုယ်ကို လွဲမှားစွာ တွေးထင်ယူဆနေခြင်းမှ လွတ်မြောက်ခြင်း၊ အပြစ်တရား၏ ကျေးကျွန်အဖြစ်မှ လွတ်မြောက်ခြင်း၊ အ၀ိဇ္ဇာအမှောင်မှ လွတ်မြောက်ခြင်း၊  မာရ်နတ်၏ အာဏာစက်မှ လွတ်မြောက်ခြင်းနှင့် သေခြင်းမှ လွတ်မြောက်ခြင်းပင် ဖြစ်သည်။
ကယ်တင်ခြင်းသည် မိမိကိုယ်ကို လွဲမှားစွာ တွေးထင်ယူဆနေခြင်းမှ လွတ်မြောက်ခြင်းဖြစ်သည်။ ၎င်းင်းသည် မောက်မာ ထောင်လွှားခြင်းမှ လွတ်မြောက်ခြင်း၊ မိမိကိုယ်ကို လွန်ကျူးစွာ အမွမ်းတင် အားကိုးယုံကြည်ခြင်း၊ တစ်နည်းအားဖြင့်ဆိုသော် ၎င်းင်းသည် မိမိကိုယ်ကို လိမ်ညာနေမှုမှ လွတ်မြောက် ခြင်း ဖြစ်သည်။ ၎င်းင်းသည် အကြောက်တရားမှ လွတ်မြောက်ခြင်း၊ တစ်ကိုယ်ကောင်းအတ္တမှ လွတ်မြောက်ခြင်းဖြစ်သည်။ လူသည် စုံလင်သော လူသားတစ်ယောက်အဖြစ် တည်ရှိခြင်းအတွက် တစ်ပါးသူလူသားတို့နှင့် ဘုရားဆီသို့ ဦးလှည့်နိုင်ရန် မိမိကိုယ်ကို ဗဟိုပြုရာမှ ရုန်းထွက် လွတ်မြောက်ရမည် ဖြစ်သည်။
ကယ်တင်ခြင်းသည် အပြစ်တရား၏ ကျေးကျွန်ဘ၀မှ လွတ်မြောက်ခြင်းဖြစ်သည် (ယော ၈း ၄၂၊ ၄၅၊ ၄၇)။ မကောင်းမှု ပြုတိုင်း ပြုတိုင်း လူသည် ၎င်း၏ ပျက်ပြားတတ်ခြင်းသဘောကို ပိုမို ယိုယွင်းစေပြီး ဘုရားနှင့် လူသားချင်းအပေါ် မေတ္တာထား ကောင်းမြတ်နိုင်ခြင်းကို ယုတ်လျော့ ပျက်စီးစေသည်။ ထို့ကြောင့် လူသည် ဘုရားနှင့် လူသားတိုင်းအပေါ်  ဖောက်ပြန်ပျက်ပြားခြင်းမရှိသော နီးစပ်မှုဖြင့် နီးစပ်နိုင်ရန် အပြစ်တရားကျေးကျွန်ဘ၀မှ လွတ်မြောက်ရမည် ဖြစ်သည်။
ကယ်တင်ခြင်းသည် အ၀ိဇ္ဇာအမှောင်မှ လွတ်မြောက်ခြင်းဖြစ်သည်။ ဤအ၀ိဇ္ဇာအမှာင်သည် အမှန်တရားကို မသိနေခြင်းနှင့် အမှန်တရားကို  ဉာဏ် အလင်းဖြင့် သိနိုင်ခြင်းကို ငြင်းဆိုခြင်းဖြစ်သည်။ ၎င်းင်းသည် သစ္စာတရားကို မသိခြင်းနှင့် သစ္စာတရားကို သိရန် ငြင်းဆိုခြင်းဖြစ်သည်။ ၎င်းင်းသည် အမှန်တရားဆိုသည့် အလင်း၏ ဆန့်ကျင့်ဘက် ဖြစ်သည်။ ဤအလင်း၏ ဆန့်ကျင်ဘက် ဖြစ်သည့် အ၀ိဇ္ဇာအမှာင်၌သာ လူသည် မွေ့လျော် ပျက်စီးနေတတ်သည်။ လူသည် မကောင်းမှုကို ပြုနေသောကြောင့် အလင်းထက် မှောင်မိုက်ကို ပို၍နှစ်သက် ကြသည် ဟုရှင်ယောဟန်က မိမိ၏ ဧ၀ံဂေလိကျမ်း(၃း၁၉)တွင် အတိအလင်း ပြဆိုထားသည်။ ယေဇူးသည် ဤအ၀ိဇ္ဇာအမှာင်ကို မိမိ၏ နှုတ်တော်ထွက်တရားနှင့် ကျင့်စဉ်တို့ဖြင့် ဖြိုခွင်းပေးခဲ့သည်။ ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏၊ ငါ၌ အသက်ရှင်သောသူတို့သည် မှောင်မိုက်၌ သွားလာရမည်မဟုတ်၊ သူသည် အသက်နှင့်ဆိုင်သော အလင်းကို ရလိမ့်မည် ဟုအတိအလင်းမိန့်တော်မူခဲ့သည် (ယော ၈း ၁၂-၃၀)။ ထို့ကြောင့်လည်း ရှင်ပေါလုက ယေဇူးဘုရားသည် ကျွန်ုပ်တို့ကို အ၀ိဇ္ဇာအမှာင်မှ လွတ်မြောက်စေတော်မူခဲ့ပြီဟု ကြွေးကြော်ခဲ့သည် (ကော် ၁း ၁၃ )။
ကယ်တင်ခြင်းသည် မာရ်နတ်၏ အာဏာစက်မှ လွတ်မြောက်ခြင်းဖြစ်သည် (ညွှန်း-ယော ၁၇း ၁၅)။ မာရ်နတ်သည် လူ၏စိတ်ကို မကောင်းမှုအာရုံနှင့်လွှမ်းမိုးချုပ်ကိုင်ထားပြီး မကောင်းသော အကျင့်ဒုစရိုက်များကို မွေးဖွားစေသည်။ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်နေထိုင်နိုင်မှုကို နှောင့်ယှက်ဟန့်တားသည်။ ၎င်းင်းသည် လူကို ဘုရား၏ပုံသဏ္ဌာန်တော်နှင့် တူနိုင်မှုမှ ဝေးကွာစေသည်။
          ကယ်တင်ခြင်းသည် သေခြင်းမှ လွတ်မြောက်ခြင်းဖြစ်သည်။ လူသည် ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ရန် သေခြင်းမှ လွတ်မြောက်ရန်လိုအပ်သည်။ ဘုရားသခင်သည် ကမ္ဘာလောကသားတို့ကို ချစ်တော်မူသောကြောင့် မိမိ၏ သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်။ ထိုသားတော်ကို ယုံကြည်သောသူဟူသမျှသည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကိုရရှိစေရန် ဖြစ်သည် (ညွှန်း-ယော ၃း၁၆)။ ဆိုလိုသည်မှာ ယေဇူးသည် မိမိကို ယုံကြည်သူတိုင်းအား သေခြင်းမှ လွတ်မြောက်စေမည် ဖြစ်သည် (ကော် ၁း၁၃)။ ယေဇူး၏အမိန့်တော်ဖြင့် သေခြင်းမှပြန်ရှင်ခဲ့သော  လားဇရုသည် သေခြင်းမှ လွတ်မြောက်ခြင်း၏ သာဓကတစ်ခုဖြစ်သည်။ အမှန်ဆိုရသော်မရဏသည် ယုံကြည်သူအပေါ်၌  သြဇာမရှိပေ။ အဘယ်ကြောင့်ဆိုသော်  ]ယေဇူးသည် ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ဖြစ်၏။ ကိုယ်တော်ကိုယုံကြည်သောသူသည်  သေပြီးသော်လည်း  အသက်ရှင်လိမ့်မည် ဖြစ်သည်} (ယော  ၁၁း ၂၅)။

ကယ်တင်ခြင်း နှင့် ကိုယ်ကျင့်တရား
ကယ်တင်ခြင်းဆိုသည်မှာ နောင်တမလွန်ဘ၀၌သာ မျက်မှောက်ပြုနိုင်သော အမှန်တရားမဟုတ်။ ကယ်တင်ခြင်းကို လူသားတိုင်း ဤလောကဘ၀တွင် မျက်မှောက်ပြုနိုင်ကြသည်။ လူသားတို့သည် ဤလောက၌ပင် ကယ်တင်ခြင်းကို မျက်မှောက်ပြုနိုင်ကြောင်း ယေဇူးကိုယ်တော်တိုင် မိမိနှုတ်ဖြင့် မြွတ်ဆိုခဲ့လေသည်။

"သင်တို့မြင်တွေ့ရသော အရာများကိုမြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသောပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ ကြရဟု သူတို့အား သီးခြားမိန့်တော်မူ၏။"(လု ၁၀း၂၃-၂၄)

"ဘုရားသခင်၏ နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်း ဟုကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏နိုင်ငံတော်သည် မြင်နိုင်သောနိမိတ်လက္ခဏာများဖြင့် ရောက်လာမည် မဟုတ်။ ကြည့်ကြ၊ ၎င်းင်းသည် ဤအရပ်၌ ရှိ၏။ သို့မဟုတ် ထိုအရပ်၌ရှိ၏ဟူ၍လည်း သူတို့မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့ အလယ်၌ တည်ရှိသောကြောင့်တည်း ဟုမိန့်တော်မူ၏။" (လု ၁၇း ၂၁-၂၃)

ကယ်တင်ခြင်း ဆိုသည်မှာ အနှီခန္ဓာဘ၀မှ လွတ်မြောက်ပြီး ထာဝရတည်သော ဘ၀ဖြင့် ဘုရားသခင်နှင့် ထာဝရပေါင်းစည်းခွင့်ရခြင်း (ညွှန်း-ယော ၃း ၁၅)၊ ဘုရားဘုန်းတော်၌ ထာဝရ၀င်စားရခြင်း (ညွှန်း-ဗျာဒိတ်၁၂း ၁၀)၊ တစ်နည်းဖြင့် ထာဝရသုခ နိုင်ငံတော်၌ ထာဝရ အသက်ရှင်စံစား ရခြင်းပင်ဖြစ်သည်။ သို့သော် ထာဝရဘုရားသည် နောင်တမလွန်ဘ၀၌သာ တည်ရှိသည်မဟုတ်။  အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ်  တို့၌ ထာဝစဉ် ထာဝရ တည်ရှိနေသည်။ ထို့ကြောင့် လူသားတို့သည် အဆုံးစွန် ပြည့်ဝသော ကယ်တင်ခြင်းကို စောင့်မျှော်နေရင်း ဤလောကဘ၀၌ပင် ကယ်တင်ခြင်းကို တစ်စွန်းတစ်စ မျက်မှောက်ပြု နိုင်ကြပေသည်။
        ခရစ်တော်သည် ကယ်တင်ခြင်းကို ယူဆောင်ပေးခဲ့သည်။ ကယ်တင်ခြင်းသည် လူသားတိုင်းကို ပေးသော ဘုရား၏ လက်ဆောင်မွန် ဖြစ်သည်။ မှန်၏။ သို့သော် ဤကယ်တင်ခြင်းကို ရယူပိုင်ဆိုင်ရန်မှာ လူသား၏ တာဝန်ဖြစ်သည်။ ကယ်တင်ခြင်းကို ရယူပိုင်ဆိုင်ခြင်းသည် ကယ်တင်ခြင်းဘ၀ကို ရယူပိုင်ဆိုင်ခြင်းဖြစ်သည်။ ကယ်တင်ခြင်းဘ၀သည် မိမိကိုယ်ကို ဗဟိုပြုသောအတ္တမှ ရုန်းထွက်၍ဖောက်ပြန် ပျက်ပြားတတ်ခြင်းသဘောမှ လွတ်မြောက်ပြီး ဘုရားနှင့် ပေါင်းစည်းအသက်ရှင်ခြင်း၊ ကောင်းမြတ်ခြင်း၌ အသက်ရှင်ခြင်း၊ ငြိမ်းချမ်းသော ဘ၀ကို ပိုင်ဆိုင်ခြင်း စသည်တို့ ဖြစ်သည်။ ကယ်တင်ခြင်းသည် တဒင်္ဂမှ ထာဝရသို့ လွတ်မြောက်ခြင်း၊ ပျက်စီးခြင်းမှ တည်မြဲခြင်းသို့လွတ်မြောက်ခြင်း၊ ဆိုးယုတ်ခြင်းမှ ကောင်းမြတ်ခြင်းသို့ လွတ်မြောက်ခြင်း (ညွှန်း-၂ကော်  ၂း၁၅…၊ သက် ၂း၁၀-၁၂) စသည့်သဘောရှိသည်။  ထို့ကြောင့် ကယ်တင်ခြင်းကို လောကဘ၀၌ မျက်မှောက်ပြုခြင်းသည် ထာဝရသို့ လွတ်မြောက်စေမည့်၊ တည်မြဲခြင်းသို့လွတ်မြောက်စေမည့်၊ ကောင်းမြတ်ခြင်းသို့ လွတ်မြောက်စေမည့် သစ္စာတရားလမ်းအတိုင်း ဘ၀ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ သစ္စာတရားသည် ခရစ်တော် ပင်ဖြစ်သည် (ညွှန်း-ယော ၁၄း၁၆)။ ကယ်တင်ခြင်းကို ရရှိပိုင်ဆိုင်သော ဘ၀သည် ခရစ်တော်၌ အသက်ရှင်ခြင်းဖြစ်သည် (ညွှန်း-ရောမ ၆း၃-၁၂)။ ခရစ်တော်၌ အသက်ရှင်ခြင်းသည် ခရစ်တော်ကို စံနမူနာထား၍ ခရစ်တော်၏ အဆုံးအမအတိုင်း ခရစ်တော်နှင့် ပေါင်းစပ်ကာ ဘ၀ကို ရှင်သန်စေခြင်းဖြစ်သည်။ ၎င်းင်းသည်ခရစ်ယာန်တို့၏ ကိုယ်ကျင့်တရားပင်ဖြစ်သည်။
       ခရစ်ယာန်ကိုယ်ကျင့်တရားသည် စစ်မှန်သော လူသား တစ်ယောက်အဖြစ် အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်ယာန်ကိုယ်ကျင့်တရားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်ယာန်ကိုယ်ကျင့်တရားသည် ကယ်တင်ခြင်း(လွတ်မြောက်ခြင်း)ကို မျက်မှောက်ပြု အသက်ရှင်ခြင်း ပင်ဖြစ်သည်။

A.သက်ထွေးအောင်