၁။ ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်ဆည်းကပ်ရမည်။
၂။ ဘုရားသခင်၏
နာမတော်မြတ်ကိုရိုသေသမှု ပြုရမည်။
၃။ ဘုရားသခင်၏
သတင်းဥပုသ်နေ့ကို စောင့်ရမည်။
၎။ မိဘတို့ကိုရိုသေသမှုပြုရမည်။
၅။ လူ့အသက်ကို
မသတ်နှင့်။
၆။ ကာမဂုဏ်
လိုက်စား ပျော်ပါးခြင်း မပြုနှင့်။
၇။ တစ်ပါးသူ၏
ဥစ္စာကို မခိုးယူနှင့်။
၈။ မမှန်သော
သက်သေကို မခံနှင့်။
၉။ တစ်ပါးသူ၏
မယားကို ကိလေသာဖက်ကာ တပ်မက်ခြင်း မရှိနှင့်။
၁၀။ တစ်ပါးသူ၏
ဥစ္စာပစ္စည်းကို လိုချင်သော လောဘစိတ် မရှိနှင့်။
အနိမ့်ဆုံးလိုအပ်ချက်
ပညတ်တော် (၁၀)ပါးကို
ဖြည့်ဆည်း လိုက်နာခြင်းသည် ခရစ်ယာန် ကိုယ်ကျင့်တရား ပြီးပြည့်စုံခြင်း မဟုတ်ပေ။ ခရစ်ယာန်ကိုယ်ကျင့်တရားသည်
ကိုယ်ကျင့်ဥပဒေများကို ဖြည့်ဆည်း လိုက်နာခြင်းထက် များစွာ ကျော်လွန်ပေသည်။ ပညတ်တော်
(၁၀)ပါးသည် ခရစ်ယာန် ကိုယ်ကျင့်တရား၏ အနိမ့်ဆုံး လိုအပ်ချက်သာဖြစ်သည်။ ဤအနိမ့်ဆုံး
လိုအပ်ချက်အောက် ရောက်နေလျှင် ခရစ်ယာန် ကိုယ်ကျင့်တရားမည်သည် ဖြစ်လာနိုင်ဖွယ်ရာအကြောင်း
မရှိတော့ပေ။ ခရစ်တော်၌ ဘ၀တစ်ခုကို တည်ဆောက်နိုင်ရန်မှာလည်း မည်သို့မျှ မဖြစ်နိုင်တော့ချေ။ ဤလိုအပ်ချက်အောက် ရောက်နေခြင်းသည် ဘုရားကို လက်ခံရန်
လုံးဝ ငြင်းပယ်ခြင်းဖြစ်ပြီး (ယော ၁း ၁၂)၊ ဘုရားအဖြစ်တော်၌ ပါဝင်ခံစားနိုင်ရန် ငြင်းဆိုလိုက်ခြင်း
(၂ပေ ၁း ၄)ပင်ဖြစ်သည်။
အမြင့်ဆုံး
လိုအပ်ချက်
ပညတ်တော် (၁၀)ပါးသည်
အနိမ့်ဆုံး လိုအပ်ချက်ဖြစ်လျှင် အမြင့်ဆုံး လိုအပ်ချက်မှာ မည်သည့်အရာနည်းဟူသော အမေးကို
ယေဇူးသခင်သည်သာ အကောင်းဆုံးအဖြေကို ပေးနိုင်ပေလိမ့်မည်။
"သင်တို့အချင်းချင်း
ချစ်ကြလော့။ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။ သင်တို့အချင်းချင်းချစ်ကြလျှင်
လူခပ်သိမ်းတို့သည် ထိုချစ်ခြင်းမေတ္တာကို ထောက်ရှု၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း
သိကြလိမ့်မည်။" (ယော ၁၃း ၃၄-၃၅)။
"မိမိ၏
အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ။"(ယော
၁၅း ၁၃)
ထို့ကြောင့်
အမြင့်ဆုံးလိုအပ်ချက်သည် ယေဇူးခရစ်တော်ကဲ့သို့ မိမိအသက်ကိုပင် စွန့်လွှတ်ရသည့်တိုင်အောင်
တစ်ပါးသူအပေါ် မေတ္တာထားခြင်းပင်ဖြစ်သည်။ အမှန်ဆိုရသော် ဤလောကဘ၀တွင် ကိုယ်ကျင့်တရားအတွက်
အမြင့်ဆုံး လိုအပ်ချက် ဆိုသည်မှာမရှိ။ အဘယ်ကြောင့်ဆိုသော ချစ်ခြင်းမေတ္တာ နှင့်ပတ်သက်လျှင်
ပို၍၊ ပို၍သာရှိစမြဲဖြစ်ပြီး ၎င်းင်းသည်လည်း အကန့်သတ် မရှိသောကြောင့် ဖြစ်၏။
ဘုရားအပေါ်မေတ္တာထားရန်နှင့်
လူသားတိုင်းအပေါ် မေတ္တာထားရန်
ဘုရားသခင်၏ ပညတ်တော် (၁၀)ပါးကို အကျဉ်းချုံးကြည့်မည်ဆို
လျှင် ပထမပညတ်တော် (၃)ပါးတို့သည် ဘုရားသခင်နှင့် သက်ဆိုင်၍ ကျန်ပညတ်တော်(၇)ပါးသည် လူသားများနှင့်
သက်ဆိုင်ပေသည်။ ၎င်းသည် ဘုရားသခင်အပေါ် မေတ္တာထားခြင်းနှင့် လူသားတိုင်းအပေါ် မေတ္တာထားခြင်းဖြစ်သည်။
ချစ်ခြင်းမေတ္တာသည် အကြီးမြတ်ဆုံးသော ပညတ်ဥပဒေဖြစ်သည်။ တစ်နည်းအားဖြင့် အကြီးမြတ်ဆုံးသောပညတ်ဥပဒေဖြစ်သည့်ချစ်ခြင်းမေတ္တာပါရမီကို
ကျင့်ဆောက်တည်ရာတွင် ပထမဦးစားပေးရမည့်အရာသည် ဘုရားဖြစ်၍ ဒုတိယဦးစားပေးရမည့်အရာသည်
လူသားဖြစ်ပေသည်။
ခရစ်ယာန်တို့၏
ကိုယ်ကျင့်တရား အချုပ်ဖြစ်သည့် ချစ်ခြင်းမေတ္တာ ပညတ်ဥပဒေကို ယေဇူးခရစ်တော် ကိုယ်တော်တိုင်
အတိအလင်း ဟောကြားတော်မူခဲ့သည်။
"ကျမ်းတတ်ဆရာတစ်ဦးသည်
ရောက်လာ၍ ထိုသူတို့နှင့် ကိုယ်တော် ဆွေးနွေးငြင်းခုံနေကြသည်ကို ကြားပြီး ကိုယ်တော်သည်
ထိုသူတို့အား ကောင်းစွာ ဖြေကြားနိုင်သည်ကို မြင်သဖြင့် ကိုယ်တော်အား
ပညတ်တော်အားလုံးတွင် မည်သည့် ပညတ်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟုမေးလျှောက်လေ၏။
ယေဇူးကလည်း အကြီးမြတ်ဆုံးသော ပညတ်တော်သည်ကား အိုအစ္စရာအဲလ်လူမျိုး၊ နားထောင်လော့။ ငါတို့၏
ဘုရားဖြစ်သော ထာဝရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။ သင်၏အရှင် ဘုရားသခင်ကို
သင်၏နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊
ခွန်အားရှိသမျှ ချစ်လော့။ ဒုတိယပညတ်သည်ကား ဤသို့လာ၏။ သင်နှင့် နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့
ချစ်လော့။ ဤပညတ်တို့ထက် သာ၍ ကြီးမြတ်သော ပညတ်မရှိဟူ၍ သူ့အား ဖြေကြားတော်မူ၏။"
(မာကု ၁၂း ၂၈-၃၁)
ထို့ကြောင့်ဘုရားသခင်အပေါ်
မေတ္တာထားခြင်းနှင့် လူသားတိုင်းအပေါ် မေတ္တာထားခြင်းသည် ပညတ်တော် (၁၀)ပါး အပါအ၀င် ခရစ်ယာန်ကိုယ်ကျင့်တရား၏
အနှစ်ချုပ်လည်းဖြစ်သည်။ ရှင်ပေါလုကလည်း အောက်ပါအတိုင်း သွန်သင်ခဲ့သည်။
"ချစ်ခြင်းမေတ္တာသည်
ကိုယ်နှင့်နီးစပ်သောသူကို မထိခိုက်တတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရားကို
ပြည့်စုံစေလေ၏။" (ရောမ ၁၃း ၈-၁၁)
"သင်တို့အချင်းချင်းအပေါ်၌
ချစ်ခြင်းမေတ္တာကြွေး မှတစ်ပါး မည်သည့်အကြွေးမျှမတင်စေနှင့်။
မိမိနှင့်နီးစပ်သူကိုချစ်သောသူသည် ပညတ်တရားကို ပြည့်စုံစေလေပြီ။ အကြောင်းမူကား သူ၏မယားကို
မပြစ်မှားနှင့်၊ သူ့အသက်ကိုမသတ်နှင့်၊ သူ၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းမပြုနှင့်၊ မမှန်သောသက်သေခံခြင်းမပြုနှင့်၊
သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ်မရှိစေနှင့်ဟူသော ပညတ်တော်များနှင့် အခြားပညတ်တို့သည်
သင်နှင့်နီးစပ်သောသူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသည့် ပညတ်တော်၌ ပေါင်းချုပ်ထားခြင်းဖြစ်၏။"
(ရော ၁၃း ၈-၁၁)
A.သက်ထွေးအောင်
A.သက်ထွေးအောင်
