သက်ညှာမှု နှင့်
သေဒဏ်
သက်ညှာခြင်းသည်
သနားကြင်နာခြင်း၊ ခွင့်လွှတ်ခြင်းဖြစ်သည်။ အထူးသဖြင့် မိမိရန်သူအပေါ် သနားကြင်နာခြင်း၊
ခွင့်လွှတ်ခြင်းဖြစ်သည်။
ရာဇ၀တ်မှုတွင်
ရာဇ၀တ်သားတစ်ယောက်အား သက်ညှာမှု ပေးခြင်းသည် ထိုက်သင့်သည့် အပြစ်ဒဏ်မှ လျှော့ပေါ့ပေးခြင်းဖြစ်သည်။
သေဒဏ်ချမှတ်ခံရသူအတွက် သက်ညှာမှု တောင်းခံခြင်းသည် ရာဇ၀တ်သား၏ အသက်ကို ချမ်းသာခွင့်ပေးပြီး
သေဒဏ်ထက် ပေါ့လျှော့သော အပြစ်ဒဏ်ကို ပေးရန် အသနားခံခြင်းဖြစ်သည်။
သေဒဏ်ပေးခြင်းကို
ထောက်ခံသော တရားစီရင်သူများအနေနှင့် ရာဇ၀တ်သားတစ်ဦးအား သေဒဏ်မှ သက်ညှာမှုပေးခြင်းသည်
တရားမျှတမှုကို လျစ်လျူရှုရာရောက်ပြီး နောင်အနာဂတ်တွင် ရာဇ၀တ်မှုများ ပိုမို တိုးပွားလာနိုင်ရန်
အားပေးရာရောက်ကြောင်း ငြင်းချက်ထုတ်ကြသည်။ သို့သော်လည်း သေဒဏ်ပေးခြင်းဖြင့် ရာဇ၀တ်မှုများ
လျှော့ပါး ပျောက်ကွယ်သွားသည်ဟူ၍ မရှိပေ။ မည်သို့သော ရည်ရွယ်ချက်နှင့်ဖြစ်စေ သာမာန်လူတစ်ဦး၏
အသက်ကို သော်လည်းကောင်း၊ ရားဇ၀တ်သား တစ်ဦး၏ အသက်ကို သော်လည်းကောင်း မည်သူမျှ သတ်ပိုင်ခွင့်၊
နှုတ်ပိုင်ခွင့်မရှိပေ။
ဘုရားသခင်တစ်ပါးတည်းသာလျှင် လူ့အသက်ကို ပေးပိုင်ခွင့်၊ နှုတ်ယူပိုင်ခွင့်ရှိသည်။
"လူ့အသက်ကို မသတ်ရ" ဟူ၍ပင် ဘုရားသခင် ကိုယ်တော်တိုင် ပညတ်တားမြစ် ထားတော်မူသည်။
လူသားတိုင်း
လူသားတိုင်းသည် အားနည်းသူများ၊ အပြစ်ပြုသူများဖြစ်သောကြောင့် လူတိုင်း သက်ညှာမှု၊ သနားကြင်နာမှု၊
ခွင့်လွှတ်မှု တို့ကို လိုအပ်ကြသူချည်းသာ ဖြစ်သည်။ သက်ညှာမှု၊ သနားကြင်နာမှု၊ ခွင့်လွှတ်မှုတို့ကို
မိမိလိုအပ်သည့်အတိုင်း ဤလိုအပ်မှုကို တစ်ပါးသူအားလည်း ဖြည့်ဆည်း ပေးသင့်သည်။ "သင်တို့အား
သူတစ်ပါးက ပြုစေလိုသည့် အတိုင်း သင်တို့လည်း
သူတစ်ပါးအား ပြုကြလော့" ဟူ၍လည်း ရှင်မာတေးဦးခရစ်ဝင်ကျမ်း (၇း၁၂) တွင် ဖော်ပြပါရှိပေသည်။
လူသားတိုင်း မိမိပြုသော အပြစ်အခုစီတိုင်းအတွက် အတိုးအလျှော့မရှိ ပေးဆပ်ကြရမည်ဆိုလျှင်
မည်သူမျှ ကယ်တင်ခြင်းချမ်းသာ ခံစားကြရမည်မဟုတ်ပေ။ အကောင်းဆုံး ပြနိုင်မည့် သာဓကသည်
ရှင်ယောဟန် ခရစ်ဝင်ကျမ်း(၈း၁-၃၀)တွင်ဖော်ပြသည့် အိမ်ထောင်ရေး ဖောက်ပြန်သော အမျိုးသမီးတစ်ဦး၏
အဖြစ်အပျက် ဖြစ်သည်။
ဖာရီဆေးဦးတို့နှင့် ကျမ်းတတ်ဆရာတို့သည် အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရေး
ဖောက်ပြန်မှု ကျူးလွန်နေစဉ် ဖမ်းမိသောကြောင့် ထိုအမျိုးသမီးကို ကျောက်ခဲနှင့် ပေါက်သတ်စီရင်ရန်
ယေဇူးခရစ်တော်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ယေဇူးခရစ်တော်က သင်တို့တွင် အပြစ်ကင်းသူသည်
ဦးစွာပထမ သူမကို ကျောက်ခဲနှင့် ပေါက်စေ ဟုမိန့်တော်မူ၏။ ထိုစကားကို ကြားလျှင် သက်ကြီးသူတို့မှအစ
အားလုံး အလျှိုလျှို ထွက်သွားကြကုန်သည်။ လူအားလုံး ထွက်သွားပြီးသောအခါ ယေဇူးက ထိုအမျိုးသမီးအား
သွားလော့၊ နောက်တဖန် အပြစ်မပြုလေနှင့် ဟုမိန့်ဆိုတော်မူ၍ ပြန်လွှတ်လိုက်၏။ အမှန်စစ်စစ်
သက်ညှာခြင်း (သို့) သနားကြင်နာခြင်း (သို့) ခွင့်လွှတ်ခြင်းသည် ပါရမီတစ်ပါးပင် ဖြစ်သည်။
ဤပါရမီကို ကျင့်ဆောက်တည်ကြရန်လည်း ယေဇူးခရစ်တော် ဆုံးမထားတော်မူသည် (လု ၆း ၃၆)။
သက်ညှာခြင်းသည်
အပြစ်ပြုသည်ကို အားပေးခြင်းမဟုတ်။ လူသား ချင်းအပေါ် မေတ္တာပြခြင်းဖြစ်သည်။ ဒုစရိုက်အပြစ်ကို
မုန်းရမည်၊ ရွှံရှာရမည်၊ရှောင်ကြဉ်ရမည်၊ ရှုပ်ချရမည် မှန်သည်။ သို့သော် အပြစ်ပြုမိသော
သူသားအပေါ် မေတ္တာတော့ ထားကြရမည်ဖြစ်သည်။ ထို့ကြောင့်လည်း အထက်ဖော်ပြပါ အဖြစ်အပျက်၌ ယေဇူးသည်
အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီးအား ခွင့်လွှတ်တော်မူ၍ လက်ချည်း လွှတ်လိုက်သည်မဟုတ်။
နောက်တဖန် အပြစ် မပြုတော့ရန် မှာကြားတော်မူခဲ့သည်။
ရာဇ၀တ်သား တစ်ဦးအား
သေဒဏ် အပြစ်ပေးခြင်းနှင့် ပတ်သက်၍ သက်ညှာမှုပေးရန် တောင်းဆိုခြင်းသည် အပြစ်ဒဏ်ကို လုံးဝ
ဖယ်ရှားခိုင်းစေခြင်းမဟုတ်။ သေဒဏ်ထက် ပေါ့လျှော့သော အပြစ်ဒဏ်ကို ပေးခြင်းဖြင့်၊ ဥပမာ-
တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ပေးခြင်းဖြင့် ဘ၀ပြောင်းလဲနိုင်မည့် အခွင့်အလမ်းပေးရန် အသနားခံခြင်း
ဖြစ်သည်။ အပြစ်ဒဏ်ပေးခြင်း၏ ရည်ရွယ်ချက်အမှန်မှာလည်း လူတစ်ဦးအား ပြုပြင်ရန်သာဖြစ်ပြီး
လူတစ်ဦး၏ အသက်နှင့် ဘ၀ကို ဖျက်ဆီးရန် မဟုတ်ပေ။ လူသားတို့သည် အချင်းအချင်းအပေါ် မေတ္တာပြကာ
တစ်ယောက်လဲကျ တစ်ယောက်က ထူလျက် ပြည့်စုံခြင်း (သို့) စုံလင်ကြွယ်ဝသော ဘ၀အသက်တာသို့
တက်လှမ်းကြရမည်ပင်။
ဒုစရိုက်အမှုကို
ဒုစရိုက်အမှုနှင့် ပြင်ရန်မဖြစ်နိုင်။ မကောင်းမှုကို မကောင်းမှုနှင့် မသန့်စင်နိုင်ပေ။
မကောင်းမှုကို ကောင်းမှုဖြင့်သာ အနိုင်ယူနိုင်ပေသည်။ ရာဇ၀တ်သား တစ်ဦးအား သေဒဏ်အပြစ်ပေးခြင်းသည်
လက်စားချေခြင်းသာဖြစ်ပြီး လက်စားချေမှုကိုသာ ထပ်ဆင့် မွေးဖွားစေရုံမှတစ်ပါး မည်သည့်
အကျိုးမျှ မဖြစ်ထွန်းနိုင်ပေ။ လူတစ်ဦး၏ အသက်ကို သတ်ခြင်းသည် မည့်သည့်လူသားမျှ မစဉ်းစားဝံ့သည့်
ပြစ်မှု ဖြစ်သည်။ ၎င်းင်းသည် မိမိကိုယ်ကို ဘုရား ပလ္လင်ပေါ်တင်၍ အပါယ်လားမည့် လူမိုက်အလုပ်လုပ်နေခြင်းပင်
ဖြစ်သည်။ လူတစ်ယောက်၏ အသက်ကို နှုတ်ယူခြင်းသည် ကောင်းကင်တမန်များပင် မချဉ်းကပ်ဝံ့သည့်
နေရာသို့ တက်နင်း ဖြတ်လျှောက်နေခြင်းနှင့် တူနေပေသည်။
"အို ထာဝရဘုရားသခင်-
ကိုယ်တော်သည်
အပြစ်များကို ရေးမှတ် ထားတော်မူပါလျှင်
မည်သူ ခံနိုင်ပါမည်နည်း။
သို့ရာတွင်
ကိုယ်တော်သည် အပြစ်များကို ခွင့်လွှတ်တော်မူသောကြောင့်
ကိုယ်တော်ကို
ကြောက်ရွံ့ ရိုသေကြပါ၏။
အကျွန်ုပ်၏
ဝိညာဉ်သည် ကိုယ်တော်ကို စောင့်မျှော်နေပါ၏။
အကျွန်ုပ်သည်
ကိုယ်တော်၏ နှုတ်တော်ထွက် တရား၌
မျှော်လင့်တောင့်တပါ၏။" (ဆာလံကျမ်း
၁၃၀း၃-၅ )
A.သက်ထွေးအောင်